ကျွန်မ သင်္ကြန်နှင့် အတော်လေးဝေးကွာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ငါးနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ချမ်းမြေ့ဖွယ်ရာမရှိသည်က တစ်ကြောင်း ကာလဒေသအရဖြစ်နေသည်ကတစ်ကြောင်း ဆင်နွှဲလိုလည်း စိတ်မရှိပေ။
မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းမှုကြောင့် ဆယ့်နှစ်လရာသီအလိုက် ပွဲတော်တွေ အပြည့်အဝ မဆင်နွှဲ မကျင်းပနိုင်ကြတာ ပြည်နယ်နှင့် တိုင်းဒေသ အလိုက်ဆိုရင်လည်း မှားဖွယ်မရှိပါ။
ကျွန်မ၏ ဇာတိချက်ကြွေ မွေးရပ်မြေက ဧရာဝတီမြစ်ဝကျွန်းပေါ်က ရွာကလေးတစ်ရွာ။ မြစ်ဧရာကို အမှီပြုလို့ ‘ကျွန်း ကိုင်းမှီ၊ ကိုင်း ကျွန်းမှီ’ ဆိုသလို ကိုင်းလုပ် တောင်သူများ ဖြစ်ကြသည်။ အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီရိုးမတစ်နေရာရှိ ရွာတစ်ရွာမှာ ကျွန်မတို့ မိသားစုလိုက် ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ကျွန်မရောက်ရှိနေသော အရပ်ဒေသတွင် သင်္ကြန်ပွဲ ဆင်နွှဲခြင်း မရှိပါ။
‘အတာရေသဘင် သင်္ကြန်ပွဲ’ကို ဆင်နွှဲကြခြင်းဖြင့် နှစ်ဟောင်းက အညစ်အကြေးကို သင်္ကြန်ရေပက်ဖြန်း ဆေးကြောကာ နှစ်သစ်သို့ ကူးပြောင်းစေခဲ့သည်မှာ မြန်မာ့ရိုးရာ အစဉ်အလာသာ။ သည်လို တန်ခူးလရာသီရောက်ပြီဆိုလျှင် မိုးနံ့ကလေးသင်းလို့ ‘ဖက်စွတ်ရေတိုး သင်္ကြန်မိုး’ ဆိုသည့်အတိုင်း စာဆိုနှင့်အညီ မြစ်ရေတွေ တိုးလို့ မိုးလေး တစ်ဖြိုက်နှစ်ဖြိုက် ရွာလျှင် ပိတောက်ပန်းတွေလည်း ဝေဝေဆာဆာ ဖူးဖွင့်လို့နေပြီ။
ကျွန်မ ငယ်ဘဝကို ပြန်စဉ်းစားရင်း…လွမ်းမိပါသည်၊ ကျွန်မ မွေးဌာနီ …။
သင်္ကြန်အကြို မရောက်ခင်တစ်ရက် မြစ်ဟိုဘက်ကမ်း ကျွန်းကြီးပေါ်က ကောက်ပဲသီးနှံအစုံ ရိတ်သိမ်းရတော့မည်။ သင်္ကြန်အကြိုမှ နှစ်ဆန်းတစ်ရက်နေ့အထိ ကိုင်းထဲကျွန်းထဲ အလုပ်မဆင်းကြတော့ဘဲ လူကြီးသူမများ အဘိုးအဘွားများ သက်ကြီးရွယ်အိုများက ဥပုသ်သီလ ဆောက်တည်ကြပြီး ကုသိုလ်ဒါနအဖြစ် မုန့်ပဲသားရေစာများ၊ အချိုရည်များ ပြုလုပ်လှူဒါန်းကြလျက် လူငယ်လူရွယ်များကလည်း သင်္ကြန်ရေပက်ကစားကြရာ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ကြ၏။ မြန်မာမုန့်ကို နှစ်သက်သော ကျွန်မအတွက်တော့ မုန့်ဖက်ထုပ် အဖြူ၊ အနီ၊ မုန့်လုံးရေပေါ်၊ မုန့်လက်ကောက်၊ အောင်ဗလကြော်၊ ထန်းလျက်ရည်ဖြင့် ပြုလုပ်သော မုန့်လက်ဆောင်း စသည်ဖြင့် မုန့်များကို ကျွန်မအနှစ်သက်ဆုံး အတမ်းတဆုံး မြန်မာ့ရိုးရာသင်္ကြန်မုန့်များဟု ဆိုရမည်။
ကျွန်မ လူလတ်ပိုင်းအရွယ်ရောက်လာတော့ ဌာနဆိုင်ရာတစ်ခုတွင် အစိုးရဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုစဉ်တုန်းကလည်း မွေးရပ်မြေက အမေ့အိမ်ကို တစ်နှစ်တစ်ခေါက်တော့ ပြန်ဖြစ်အောင် ကြိုးစားရပြန်ပါသည်။ ပြန်မည်ဆိုတော့ တန်ခူးလကိုပဲရွေးချယ်ရပါသည်။ နှစ်သစ်ကူး ရက်ရှည် ရုံးပိတ်ရက်လည်း ဖြစ်နေခြင်းကြောင့်ပင်။
ကျွန်မတို့ ငယ်စဉ်ကတည်းက ကျေးလက်တောရွာကလေးမှာ နေထိုင်ကြီးပြင်းခဲ့သည့်အလျောက် ဗုဒ္ဓဘာသာမြန်မာလူမျိုးများပီပီ ‘မြန်မာ့ရိုးရာ အတာသင်္ကြန်’ ကို ထူးထူးမြတ်မြတ် အလေးထားကာ ကျင်းပခဲ့ကြပါသည်။
မဆင်နွှဲခဲ့ရတာ ကြာပြီဖြစ်သော်လည်း သည်နှစ် ‘မြန်မာ့ရိုးရာ အတာသင်္ကြန်’တွင် ပျော်ပွဲရွှင်ပွဲ ကျင်းပစရာ မလိုပါဘဲ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ရောက်လျှင်ဖြင့် ကုသိုလ်ဒါနလေး တစ်ခု ပြုလုပ်မည်ဟု စိတ်ကူးပုံဖော်ကာ… မရောက်ဖြစ်တာကြာပြီဖြစ်သော မွေးဌာနီက အမေ့အိမ်သို့ လွမ်းဆွတ် သတိရရင်း …။
ချမ်းအေးပါစေ သင်္ကြန်ရေ…။
အေးချမ်းပါစေ မြန်မာပြည်…။
ပြောင်းလဲပါစေ မြန်မာပြည်…။
နန်းနွေဦး (ITC)







