စာငတ်ခဲ့တဲ့နေ့တွေ ရှိဖူး၏။ စာအုပ်တွေလက်ဆောင်ရလို့ ပျော်ဖူး၏။ စာအုပ်တွေပေးရလို့ ပိုပျော်ဖူး၏။ ထားစရာနေရာမရှိလို့ စာအုပ်ပုံကို ခေါင်းအုံးလုပ်အိပ်ဖူး၏။ ဖက်လုံးလုပ်အိပ်ဖူး၏။
အပြင်မှာကျန်ခဲ့တဲ့စာအုပ်တွေအကြောင်း အိပ်မက်မက်ရင်း ခဏခဏ လန့်နိုးဖူး၏။ စာအုပ်ကြားက စာမှတ်ကတ်လေးတစ်ခုကြောင့် အချစ်ဆုံးသူငယ်ချင်းနဲ့ စကားများဖူး၏။ ကိုယ်ကြိုက်တဲ့စာရေးဆရာမရဲ့ ပုံလေးတွေ စာအုပ်ထဲမှာတွေ့တော့ အပျော်လွန်ပြီး အော်ဟစ်ခုန်ပေါက်ပြေးလွှားဖူး၏။
ရှာဖွေရေးကြောင့် ဖတ်လက်စ စာအုပ်တွေဝှက်ထားဖူး၏။ ကိုယ့်ဆီလာတဲ့ စာအုပ်တွေ လမ်းတစ်ဝက်ကနေ လှည့်ပြန်သွားတယ်ကြားတော့ နင့်နေအောင် ခံစားရဖူး၏။ အကျဉ်းထဲမှာ ပိုကျပ်စေတဲ့ စာအုပ်ထုပ်ကြီးကြောင့် ရုံးတက်ဖြေရှင်းရဖူး၏။ စာအုပ်တွေ မဝယ်နိုင်လို့ တိတ်တိတ်ကလေး ဝမ်းနည်းဖူး၏။
ဝယ်ဖတ်ဖို့ အရည်အချင်းမရှိပေမဲ့ စာအုပ်ဈေးတွေမေးကြည့်ဖူး၏။ လေးတဲ့စာအုပ်တွေဖတ်ရင် ထိခိုက်မယ်ဆိုလို့ စာအုပ်တွေရဲ့ ခပ်ဝေးဝေးကနေ လက်ပိုက်ပြီးကြည့်နေဖူး၏။သူများဆီက စာအုပ်တွေ ငှါးဖတ်ဖူး၏။ကိုယ့်မှာရှိတဲ့ စာအုပ်တွေ ပေးဖတ်ဖူး၏။
စဉ်းစားတွေးခေါ်ပြီးဖတ်သလို စာအုပ်တွေရဲ့လွှမ်းမိုးမှုကို ကျေကျေနပ်နပ်ကြီးခံဖူး၏။ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့အချိန် စာအုပ်တွေရဲ့ ကယ်တင်ခြင်းကို ခံရဖူး၏။ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ပြောတဲ့မိတ်ဆွေကို ဖတ်သင့်တယ်ထင်တဲ့စာအုပ်တွေ ညွှန်းပေးဖူး၏။ ၅၅၀ ဇာတ်နိပါတ်တော်ကို အသံထွက်ဖတ်ပြဖူး၏။
ဝတ္ထုစာအုပ်ထဲမှာပါတဲ့ သီချင်းတွေကို ကူးထုတ်ပြီး ကိုယ်ပိုင်သီချင်းစာအုပ်လေး လုပ်ဖူး၏။ မျက်စိမှုန်တဲ့အသက်ခပ်ကြီးကြီးတစ်ယောက်ကို အချစ်ဝတ္ထုတွေ ဖတ်ပြဖူး၏။ သုံးနှစ်သားကလေးလေး တစ်ယောက်ကို ရသခေတ်မဂ္ဂဇင်းထဲက ဆရာမင်းသုဝဏ်ရဲ့ ဥပုသ်စောင့်၊ ပန်းသည်၊ ရွှေဥဩစတဲ့ကဗျာတွေ ဖတ်ပြဖူး၏။
သွားကျန်းမာရေးအကြောင်းစာအုပ်တွေဖတ်ပြီး ညဘက်တွေသွားတိုက်ဖို့ ဘေးနားကလူတွေကို ခဏခဏပြောဖူး၏။ ကိုယ်ဖတ်ထားတဲ့စာအုပ်ထဲက အကြောင်းအရာတွေကို ပဒူကောင်တွေလိုမြည်လို့ ဘေးနားကလူတွေရဲ့ အငြိုငြင်ခံရဖူး၏။
ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ စာအုပ်က စာရွက်အချို့ကို ဆုတ်ဖြဲပြီး ဆေးလိပ် လိပ်သောက်တယ် ကြားတော့ စိတ်မကောင်းဖြစ်ဖူး၏၊ ဝမ်းနည်းဖူး၏။ အုတ်နံရံတွေကြားထဲ စာကြည့်တိုက်ကို လိုက်ရှာရင်း စုတ်ပြတ်သတ်နေတဲ့ ပလတ်စတစ်ခြင်းတောင်းသေးသေးလေးကို စာကြည့်တိုက်ဆိုပြီးပြောလို့ ဆွံ့အဖူး၏။
ညဘက် အိပ်နေရင်းမိုးတွေတအားရွာပြီး လေတွေတိုက်လို့ ပြတင်းပေါက်ဘောင်ပေါ်မှာတင်ထားတဲ့ စာအုပ်တွေကို အိပ်ချင်မူးတူးနဲ့ ထသိမ်းဖူး၏။ ဘေးနားမှာ ဟိုကျွတ် ဒီကျွတ်နဲ့ နပန်းလုံးကြတဲ့အချိန် စာအုပ်တွေမပြီး ကိုယ်လည်း လွတ်ရာကျွတ်ရာပြေးရဖူး၏။
စာအုပ်တွေဖတ်ပြီး ခရီးသွားဖူး၏။ အသံကျယ်ကြီးနဲ့ အော်ရယ်ဖူး၏။ တိတ်တိတ်ကလေးငိုဖူး၏။
တစ်ယောက်တည်း စကားတွေအများကြီးပြောဖူး၏။ နောက်ဆုံးဆယ်လအကြောင်းဖတ်ရင်း ဗုဒ္ဓဆိုတဲ့ လူသားနဲ့ နှလုံးသားချင်းနီးကပ်ဖူး၏။
ချေဂွေဗားရားနဲ့အတူ တောခိုဖူး၏။ ဂန္ဒီရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကိုဖတ်ပြီး ကိုယ့်ရဲ့နယ်မြို့လေးကို ပိုချစ်တတ်သွားဖူး၏။ သုခမိန်လှိုင်ရဲ့ ချစ်သော တွမ် အန်င် ဂျယ်ရီကို အလွတ်ရတဲ့အထိ ရွတ်ဖူး၏။
သိန်းဖေမြင့်နဲ့ အတူတူ မြန်မာပြည် အရှေ့မြောက်တစ်ခွင်လိုက်သွားဖူး၏။ ကျော်ဝင်းရဲ့ ခရီးသည်မှတ်တမ်းကြောင့် အသက်တွေကြီးမှ ခရီးသွားမယ်လို့ ကြံစဉ်ဖူး၏။သော်တာအေးလဲ့နဲ့အတူ အိုင်အိုးဝါးတက္ကသိုလ်က နိုင်ငံတကာစာပေရေးသားခြင်းအစီအစဉ်မှာ ပါဝင်ခဲ့ဖူး၏။
အေးဝင်း(လမင်းတရာ)နဲ့ အတူ ဝရမ်းပြေးတစ်ခါ၊ ဒုက္ခသည်တစ်လှည့် ဖြစ်ဖူး၏။ ညိုထွန်းလူ နဲ့အတူ ချင်းပြည်နယ်၊နတ်မတောင် အမျိုးသားဥယျာဉ်အထိ ကားကြုံလိုက်စီးဖူး၏။ ပုညခင်နဲ့အတူ ပုဂံကို ခဏခဏသွားဖူး၏။
ခင်ခင်ထူးလိုမျိုး ကျောင်းဆရာမဘဝရှိလိုက်ဖူးသေး၏။ ဉာဏ်ဝေနဲ့အတူ ချင်းတောင်တန်းက ဥယျာဥ်ကြီးတစ်ခုမှာ စာသွားသင်ဖူး၏။ မြသန်းတင့်နဲ့အတူ သုခမြို့တော်မှာ ဒုက္ခခံဖူး၏။
ဦးဦးပါလနဲ့အတူ ဖောင်ကြီးသင်တန်း လိုက်တက်ဖူး၏။ သုခမြေပုံတစ်ချပ်ကိုင်ပြီး နိုင်ငံဆယ်နိုင်ငံဆီက ပျော်စရာတွေလိုက်လေ့လာဖူး၏။
ထိုက်ပြန်မြင်မိတဲ့ ပုံရိပ်အပိုင်းအစတွေကို ကိုယ့်ဘာသာမြင်ယောင်ကြည့်ရင်း ချမ်းလွန်းတဲ့ မနက်ခင်းမှာ ကြိတ်ငိုဖူး၏။
ဦးချစ်မောင်ကြောင့် ကိုယ်မသိတဲ့ အယ်ဒီတာတွေရဲ့ကျန်းမာရေးကို စိတ်ပူဖူး၏။ ကျော်ဦးကြောင့် မိုးရွာတဲ့အချိန်တိုင်း ရှိသမျှခွက်တွေနဲ့မိုးရေတွေခံထားဖူး၏၊ ရေချိုတွေနှမြောဖူး၏။ ဂျူးကြောင့် ခဏခဏ အသည်းကွဲဖူး၏။ လင်းခါးကြောင့် အက်ဆေးတစ်ပုဒ်ရေးဖူး၏။
ဆန်းကျော်စွာဝင်းရဲ့ကဗျာတွေဖတ်ပြတာ နားထောင်ပြီး အဖျားသက်သာဖူး၏။ နီးကိုရဲ့ ခုနစ်လွှာဥယျာဉ်လေးအကြောင်းသိရတော့ ကိုယ့်အလှည့်ကျရင် ခုနစ်လွှာမက စိုက်ဖို့ ပျိုးဖို့ စိတ်ကူးယဉ်ဖူး၏။ ညီပုလေးရဲ့ လက်ခုပ်သံချိုချိုလေးကို နားထောင်ပြီး ဂစ်တာတီးသင်ဖို့ အားခဲထားဖူး၏။
မိုးသု(မန္တလေး) ဝေဖန်တာတွေကြောင့် သာသနာ့ဘောင်ဝင်ဖူးချင်ခဲ့၏။ လူသာမန်က တစ်ဆင့် ဦးသော်ကောင်းကို ရင်းနှီးဖူး၏။ အောင်သင်းရဲ့ မျိုးဆက်သစ်တွေတိုးတက်ဖို့ လမ်းညွှန်ထားတာတွေဖတ်ပြီး ခွန်အားတွေအများကြီးရခဲ့ဖူး၏။ ရွှေဥဒေါင်းနဲ့အတူ လေယာဉ်သံကြားရင် ကောင်းကင်ကိုမော့ကြည့်ဖူး၏။ ပခုက္ကူဦးအုံးဖေနဲ့အတူတူ ထောင်က ထွက်ပြေးဖူး၏။
ဒေါက်တာဖြိုးသီဟရေးတဲ့ အပြာနုရောင်စာအုပ်လေးကြိုက်လွန်းလို့ အဖုံးကပုံလေးကို အင်္ကျီရင်ဘတ်မှာထိုးပြီး သိမ်းထားဖူး၏။ မမလေးကြောင့် ကိုယ့်ဘဝပုံရိပ်တွေကို မှတ်မိနေအောင်ကြိုးစားဖူး၏။ ကျားပေါက်ကျွေးတဲ့ ကြောင်စာစားပြီး ဦးနှောက် အစာမကြေဖြစ်ဖူး၏။
ကိုပေါက်(မန္တလေး) ခေါ်သွားတဲ့ ခြေတစ်လှမ်းအကွာကသူတို့နေရာမှာ ခံပြင်းမှုတွေနဲ့ သက်ပြင်းချဖူး၏။ ဝင်းငြိမ်းရဲ့ဖြစ်တည်ခြင်းကြောင့် အမေရိကန်သမ္မတရွေးကောက်ပွဲကို နည်းနည်းပါးပါး တီးမိခေါက်မိရှိဖူး၏။
အပြင်က တစ်ယောက်ယောက်ကို စာရေးတိုင်း သိပ္ပံမောင်ဝရဲ့ပေးစာများ စာအုပ်လေးကို အမှတ်ရနေဖူး၏။ ဒေါက်တာရီဇော်အပစ်ခံရတဲ့အကြောင်းသိရတော့ ငါသာဆိုရင် ဘယ်လိုမျိုးအပစ်ခံမလဲလို့ ကြောင်တောင်တောင်တွေးဖူး၏။
နုနုရည်အင်းဝရဲ့ အသက်နှစ်ဆယ့်ရှစ်နှစ်အကြောင်းဖတ်ရတော့ ကိုယ့်အသက် နှစ်ဆယ့်ရှစ်နှစ်မှာ ဘာဖြစ်နေမလဲ စိတ်ကူးယဉ်ဖူး၏။ ထင်မင်းလူဘာသာပြန်ပေးတဲ့ လှောင်အိမ်ထဲက ဘောပင်လေးကြောင့် အသက်ရှုရကြပ်ဖူး၏။ အသက်ရှင်နေအောင် ကြိုးစားဖူး၏။
ပင်လယ်ပြာနှင့်တံငါအိုဖတ်ပြီး ကိုယ်တိုင်ကမ်းစပ်ပြန်ရောက်ချိန် တံငါသည်အဖိုးကြီးလို ငိုကြွေးရမယ့်အဖြစ်မျိုး ကြုံရမှာကိုတွေးပြီး ပူဖူး၏။ စံပယ်ဖြူနုရဲ့ နေမကောင်းတဲ့မြို့ကလေးအကြောင်းဖတ်ရတော့ ကျန်းမာရေးချူချာနေတဲ့ ကိုယ့်နယ်မြို့လေးအကြောင်းတွေးပြီး အိပ်မပျော်ဖြစ်ဖူး၏။
မောင်သာချိုရဲ့ သုညနှစ်ကာလများအကြောင်းသိရတော့ မဆီမဆိုင်တာတွေလျှောက်တွေးပြီး အသက်ရှူမှားဖူး၏။ မောင်စင်ကြယ်ရဲ့ မှာတမ်းကြီးဖတ်ပြီး တောင်တောင်အီအီတွေးဖူး၏။ မြေမှုန်လွင် တကြည့်ကြည့်ဖြစ်ခဲ့တဲ့အရိပ်တွေကိုကြည့်ပြီး ကိုယ်ပြန်ကြည့်မယ့်ကိုယ့်အရိပ်အတွက် ကြိုပြင်ဆင်ဖို့ တွေးဖူး၏။
ဤဖူး၏များကြောင့် အကျဉ်းထဲကကျနော့်စိတ်တွေ လွတ်လပ်နေဖူး၏။
ဈာန်ဈာန်







