သည်တစ်ခေါက်တော့ ဖူးစာအကြောင်း ပြောကြရအောင်ပါ။ သူ့ပုံစံက ဟိတ်ဟန်မရှိ ဝတ်စားနေထိုင်ပုံ၊ လူအထင်ကြီးမခံ၊ အလုပ်ကို သမာအာဇီဝကျကျဖြစ် လုပ်ကိုင်သူ။ ဆုံတော့လည်း တကယ့် လမ်းဆုံမှာ။
ပုသိမ်မုံရွာ လမ်းဆုံသည် ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၏ အနောက်ဘက်တွင် တည်ရှိသည်။ ပဲခူးတိုင်းအစွန်နှင့် ရခိုင်ရိုးမနယ်စပ် လမ်းဆုံကနေ အထက်ဘက် မုံရွာ အောက်ဘက် ပုသိမ်၊ အရှေ့ဘက် ပဲခူး၊ အနောက်ဘက် ရခိုင် လမ်းပန်းဆက်သွယ်ရေးအချက်အချာ နေရာဒေသတစ်ခုအဖြစ်တည်ရှိနေခြင်းဖြစ်သည်။
ကဲ . . . အဲဒီမှာ တောင်ပိုင်းသားနှင့် တွေ့လေသည်။ မြန်မာပြည်တောင်ပိုင်း ၆ မျဉ်းစောင်းသားနှင့် ၇ မျဉ်းစောင်းမြေလတ်သူတို့၏ အချစ်ဇာတ်လမ်းရေစက် ဆုံခဲ့ရခြင်း။
ထိုအချိန်က အစိုးရ အရာရှိ ဦးလေးဖြစ်သူက ငယ်စဉ်ကတည်းကပညာသင်ပေးပြီးလက်တွဲခေါ်ယူကာ မြန်မာပြည်အထက်အောက် အလည်မကျန် နယ်အနှံ့ခြေဆန့်ဆိုသလို ကျင်လည်ခဲ့သည်။ သို့နှင့် (စက်မှု (၂) – ကစလ ၅) ညောင်ခြေထောက်အရောက် မြေလတ်သူနှင့် ရေစက်ဆုံချင်ပါသည်ဟူဆိုကာ ဖူးစာရေးနတ်ကို တိုင်တည်နေသလို။ ထိုအခါ အနေမနီး တခါမှ မတွေ့မဆုံပါပဲ တမြို့တရွာကဆိုပေမယ့် နတ်ဖူးစာရွာလည်ခိုက်တွေ့ဆုံလမ်းကြုံခေါ်သွားလိုက်သည် ဆိုသလိုဖြစ်နေ၏။
သူက အများအကျိုးအတွက် ကူညီဆောင်ရွက်တတ်သူ၊ ရောက်တတ်ရာရာ လူချစ်လူခင်ပေါများသူ၊ ပူပင်စရာမရှိ အရိုးရှင်းဆုံးပုံစံဖြင့် ဘဝကို ဖြတ်သန်းနေထိုင်သူ၊ သို့ပေငြားလည်း တပည့်မရှား တပြားမရှိ ပီတိကိုစား အင်အားပြည့်၏ ဆိုသည့်အကြောင်းပေါ်လွင်နေ၏။
၁၉၉၉ တွင် မြေလတ်သူက ပုသိမ်မုံရွာလမ်းဆုံအနီး (စက်မှု-၂) (ကစလ-၅)အကြီးစားစက်မှုလုပ်ငန်းမှာ တာဝန်ကျနေ၏။ ဌာနအတွင်း စက်ရုံအသစ်ချဲ့တော့ တောင်ပိုင်းသားတို့၏ ရုံးအခြေစိုက်ရောက်ရှိလာ၏။
ဥသျှစ်ပင်မြို့သစ်တည်ကာစ ရုံးအခြေစိုက်တွေ များလာသည်နှင့်အမျှ လမ်းစုံတလွှား လူသွားလူလာခပ်များများ ဖြစ်လာသည်။ ထိုအချိန် လမ်းဆုံရောက်သည်နှင့် အကြော်၊ လက်ဖက်ရည်၊ အအေး၊ ကာရာအိုကေ၊ ထမင်းဆိုင် ဒီလိုဆိုင်မျိုးတွေမှာ နေ့လယ်ထမင်းစားဆင်းချိန် ညနေရုံးဆင်းချိန် ဆို လူစည်သည်။ ထိုအချိန်က သုံးပုဒ်တစ်ရာကျပ်နှင့် ဝါသနာရှင်တွေ ခမျာ မိုက်ကလေးတကိုင်ကိုင်နှင့် ကာရာအိုကေဆိုင်မှာ သူဝင်ငါထွက် လူအစည်ကားဆုံးဖြစ်နေ၏။
တောင်ပိုင်းသားကလည်း မိုက်ကလေးတကိုင်ကိုင်နှင့် ဖိုးဆိုချင်ဟု ခေါ်ဆိုရမလို။ ဆိုင်ရှင်နှင့် အတော်ရင်းနှီးနေပုံ။ မော်လမြိုင်ဇာတိ လင်မယားက “အောင် ကာရာအိုကေ” အမည်နှင့် ဝန်ထမ်းသက်သာဆိုင်ဖွင့်ထားသည်။
မြေလတ်သူတို့သူငယ်ချင်းတစုကလည်း ညနေရုံးဆင်းချိန် အများအားဖြင့် အဆောင်မပြန်ခင် သွားသည့်နေရာတခုရှိနေ၏။ ပြင်သာ (ပလက) ဝန်ထမ်းအိမ်ယာမှာ ရခိုင်မုန့်တီ သွားစားကြသည်ကများ၏။ အတော်စားကောင်းသည်။ ရခိုင်ငပိ အာပူရွက်နှင့် ရခိုင်သူစစ်စစ်ချက်ရောင်းသည်ဟု အတော်ပင်နာမည်ကြီး၏။ လက်မလည်အောင်ပင်ရောင်းရသည်။
အရည်သောက်က တပွဲ ၂၀ ကျပ်။ ရခိုင်သုပ်/မြန်မာသုပ် ၃၀ ကျပ် တခါစားလျှင် ကုန်ကျငွေ ၅၀ ကျပ် သူ့ခေတ်နှင့်သူ့အခါ တန်ဖိုးရှိ၏။ တခါတရံလည်းအကြော်ဆိုင်ထိုင်ကြသည်။ ကာရာအိုကေဆိုင်ရှေ့ကဖြတ်ရသည်ဆိုသော်လည်း လှည့်ပင်မကြည့်အား။ အဲသည်မှာ တောင်ပိုင်းသားက မြေလတ်သူကို ရှိုးနေမည်မှာအသေအချာ။
မြေလတ်သူတို့ ဌာနကအရာရှိ ဆရာဦးသန်းအုန်းကလည်း အမြဲလိုလို ကာရာအိုကေဆိုင်သွား၍ တေးသံရှင် အောင်ရင်၏ သီချင်းများနှင့်မိုက်လက်ကမချချင် တောင်ပိုင်းသားကလည်း ခိုင်ထူးတဲ့။
ထိုအခါ သူတို့နှစ်ယောက်ဆုံနေကြ ရုံးခန်းပြန်ရောက်လာသည့်အခါ စကားအဆက်အသွယ်ပါလာ၏။ ပထမတော့ မြေလတ်သူအတွက် ဟာသပေါ့။
မှတ်မှတ်ရရနေ့တနေ့ ဌာနက စီနီယာအစ်မတစ်ယောက် ရန်ကုန်ရုံးချုပ် ပြောင်းရွှေ့စာကျလာ၍ နှုတ်ဆက်ပွဲကို လမ်းဆုံကထမင်းဆိုင်မှာ ညစာစားပွဲအဖြစ်ဧည့်ခံ၏။ တောင်ပိုင်းသားက မြေလတ်သူတို့ဝိုင်းကို စားပွဲထိုးလုပ်နေသည်ကိုတွေ့ရတော့ ဆိုင်ကစားပွဲထိုးမှတ်နေ၏။
မြေလတ်သူတို့ ရုံးခန်းရှေ့ ဖြတ်သွားဖြတ်လာလုပ်နေသည်ကိုလည်း အမြဲတွေ့ရ၏။ အမှန်ဆိုရလျှင် တောင်ပိုင်းသားက အဲ့သည်ဆိုင်မှာ လပေးနှင့် ထမင်းစားနေသည်ဖြစ်ရာ မြေလတ်သူတို့အဖွဲ့ရောက်သည့်အခိုက် ထမင်းစားပြီးသည်နှင့် တိုက်ဆိုင်၍ စားပွဲထိုးဝင်ကူပေးနေခြင်း ဖြစ်သည်။ အလိုက်သိဆက်ဆံရေးကောင်းနေသည်ဟုဆိုရမလို။
မြေလတ်သူဘယ်သွားသွား နောက်ကနေအရိပ်လိုလိုက်နေပြန်သည်။ လူအများသုံးနေကြစကား နတ်ဖူးစာရွာလည်၊ ဖူးစာရေးနတ်က နှဖူးစာကပ်ပေးလိုက်သလို ဆိုတာမျိုး လက်ခံရမလိုဖြစ်ကာ သံယောဇဉ်ကြိုး ရစ်နှောင်သွားလေသည်။
တောင်ပိုင်းသားက မြေလတ်သူတို့အိမ်ကို ခွင့်တောင်းဖို့ ရုံးကဦးလေးဝမ်းကွဲနှင့် စကားကမ်းလှမ်းရာ ဦးလေးဖြစ်သူက တောင်ပိုင်းသားအကြောင်းကို မည်သို့မည်ပုံ ပြောလိုက်သည်မသိပါ။ မြေလတ်သူအိမ်က ချစ်လှစွာသောအဒေါ်ကြီးလှက တူမဖြစ်သူ ရည်းစားရှိတဲ့အသံမကြားပါဘဲ ရုတ်တရက်ကြီး အကြောင်းလာပြောတယ်ဆိုတော့ ရင်ထဲမချိပါပြီ။ အပျိုကြီးရင်ကွဲရပါပြီ။ အပျိုကြီးလူပျိုကြီးတွေ အိမ်ထောင်မပြုဘဲ တူ၊တူမတွေကို ပြုစုပျိုးထောင်လာရာက တူအိမ်ထောင်ပြုတုန်းကတမျိုး၊ အခုအချစ်ရဆုံးတူမ။ သူမဘာလုပ်ရမည်နည်း။ အဒေါ်ကလည်း စဉ်းစားမနေဘဲ ချက်ချင်းဆိုသလို နွေနေပူပူ တခူးလ သင်္ကြန်မတိုင်ခင် နေ့လယ် တစ်နာရီအချိန်မှာ မြေလတ်သူရှိရာအဆောင်သို့ ဆိုက်ကားနှင့်လိုက်လာလေတော့သည်။ နယ်မြေအပြင်ဂိတ်မှာ ဆိုက်ကားစောင့်ထားခဲ့ပြီး အမျိုးသမီးအဆောင်သို့လိုက်လာရာ မြေလတ်သူကိုမြင်သည်နှင့် ဘာမပြောညာမပြော အိမ်ပြန်လိုက်ခဲ့ဟုဆိုသည်။
မြေလတ်သူလည်း ခွင့်နှစ်ရက်တင်ပြီး အိမ်ပြန်လိုက်ခဲ့ရလေ၏။ ဆိုက်ကားဂိတ်ရောက်လျှင် တောင်ပိုင်းသားကိုတွေ့လိုက်ရာ အခြေအနေကိုအကဲခတ်နေ၏။ ပွဲကြမ်းလျှင်တော့ သူဘာလုပ်မည်မပြောတတ်။ သို့ပေမယ့် အဒေါ်ဖြစ်သူက တောင်ပိုင်းသားကိုမသိပါ။
မြေလတ်သူကလည်း တောင်ပိုင်းသားကို အနားမလာဖို့ လက်ဟန်ခြေဟန်ပြရာ အဝေးကနေကျန်ခဲ့လေသည်။ (နောက်အခါ အဒေါ်စိတ်ဆိုးပြေလို့ တောင်ပိုင်းသားက ထိုအကြောင်းတွေပြန်ပြောင်းပြောကြရာ ရယ်စရာဟာသပြကွက်တခုဖြစ်နေလေ၏။)
တစ်ခါတော့ လွဲလေပြီ။ သို့သော် မလွဲမသွေဖူးစာဆုံဖို့ အကြောင်းကပါလာလေသည်။ ထိုအချိန်က တောင်ပိုင်းသား၏ဆရာ AE ဦးကြည်လှိုင် (ရန်ကုန်) အသက်လေးဆယ် ကျော်မှ ဘဝစသည်ဆိုသလို ဥသျှစ်ပင်သူ အပျိုကြီး မရီရီအေးနှင့် ဖူးစာဆုံကြသည်။ သည်တစ်ခါတော့ အလွဲမခံတော့။ မင်္ဂလာဧည့်ခံပွဲအပြီး နှစ်ပတ်အကြာတွင် တောင်ပိုင်းသားနှင့် မြေလတ်သူတို့နှစ်ဦး၏ မင်္ဂလာဧည့်ခံပွဲအတွက် စီစဉ်တော့သည်။
AE ဇနီးမောင်နှံနှင့် ဌာနဆိုင်ရာ ဆရာ/မ များက မြေလတ်သူတို့ရွာကို စေ့စပ်ကြောင်းလမ်း မင်္ဂလာပွဲကျင်းပရာ သွားရောက်ခွင့်တောင်းကာ ရက်ကောင်းရက်မြတ်ရွေးရပါတော့သည်။ မင်္ဂလာပွဲကိုရွာမှာ အကျဉ်းရုံးပြီး စက်မှုနယ်မြေခန်းမမှာ ဧည့်ခံပွဲ ပြုလုပ်ခဲ့ပါသည်။
တောင်ပိုင်းသားနှင့် မြေလတ်သူတို့အကြားမှာ သဘောမတူပေမယ့် ဖူးစာဆုံခဲ့ရသောကြောင့် တောင်ပိုင်းသားက ပြန်ခွဲမှာကြောက်သည်ဟုဆိုကာ ၂၀၀၁ ခုနှစ် ဇွန်လတွင် မြို့နယ်ရုံးတွင် ရုံးမှတာဝန်ရှိသူများနှင့် လက်မှတ်ရေးထိုးရန် အရောက်သွားရတာကလည်း အမှတ်တရရှိနေပြန်၏။
တောင်ပိုင်းသားနှင့်မြေလတ်သူတို့ လက်ထပ်အပြီး စက်မှု ၂ ညောင်ခြေထောက်မှာ သမီးနှစ်ယောက်မွေးဖွားခဲ့သည်။ ၂၀၀၃ ခုနှစ်မှာတော့ အင်းတကော်စက်မှုဇုန်သို့ ပြောင်းရွှေ့စာကျလာတော့သည်။ ပြောင်းရွှေ့စာကျလာသည်ဆိုပြန်တော့ မြေလတ်သူ၏ အဒေါ်များက တောင်ပိုင်းသားကို သူတို့နှင့်ဝေးရာ ခေါ်ထုတ်တယ်ဆိုပြီး စိတ်မကောင်းဖြစ်နေကြပြန်၏။
သမီးကြီးကို ရွာမှာခေါ်ထားလိုက်ပြီး သမီးလတ်နှင့်အတူ အဒေါ်ငယ်က အင်းတကော်သို့ လိုက်နေပြန်၏။ အင်းတကော်ရောက်ပြီးနောက် သမီးငယ်ကိုမွေးဖွားပြန်၏။ ထိုအခါတောင်ပိုင်းသားနှင့် မြေလတ်သူတို့မှာ သမီးသုံးယောက်မွေးဖွားပြီး မိသားစုဝင်ငါးဦး ဖြစ်သွားလေ၏။
မြေလတ်သူ၏အဒေါ်ငယ်လည်း တူမဖြစ်သူအိမ်ထောင်ပြုကာမှ မရောက်ဖူးတဲ့ဒေသတွေရောက် ခရီးဝေးများသွားခြင်းနှင့် မြေးတွေမခွဲနိုင်လို့ လာနေရသည်ဆိုသော်လည်း ရွာမှာ ကိုင်းလုပ်မည့်သူက သူကိုယ်တိုင် ဦးဆောင်နေရသောကြောင့် ကိုင်းလုပ်ချိန်ဆိုလျှင်ရွာပြန် ကိုင်းသိမ်းပြီးချိန်ဆိုလျှင် မြေးတွေရှိရာပြန်လာ ခရီးရောက်နေရလေတော့သည်။ ထိုအချိန်က တောင်ပိုင်းသားဖြစ်သူက နေပြည်တော် အင်ဂျီနီယာတပ်ရင်း တည်ဆောက်၍ ဆောက်လုပ်ရေး တာဝန်ကျလေ၏။
၂၀၀၆ တွင် စက်မှုဇုန်ဌာန အပြောင်းအလဲ ဖြစ်ပြီးနောက် လုပ်သက်ပင်စင်ရသည်။ ထိုနောက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်သည်။
သည်နောက်တော့ ၂၀၁၃ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် မြန်မာပြည် တောင်ပိုင်းဒေသမြို့တမြို့သို့ ပြောင်းရွှေ့ရန်အကြောင်းဖန်လာပါတော့သည်။
နတ်ဖူးစာရွာလည် ဖူးစာရေးနတ်ရွာလည်ခိုက် ၆ မျဉ်းစောင်းတောင်ပိုင်းသားနှင့် ၇ မျဉ်းစောင်းမြေလတ်သူကို “ပုသိမ်မုံရွာလမ်းဆုံမှ” ၂၀၀၁ ခုနှစ်မှာ လမ်းကြုံခေါ်သွားလိုက်ရာ အင်းတကော်စက်မှုနယ်မြေမှာ ခရီးတထောက်နားစေပြီး ၂၀၁၃ ခုနှစ်မှာတော့ မြန်မာပြည်တောင်ပိုင်း တနင်္သာရီအထိ ပို့ဆောင်ပေးလိုက်လေသည်။
မှတ်မှတ်ရရ လက်မှတ်ရေးထိုးသည့် ၂၀၂၆ ဇွန်လ ၁၈ ရက်ဆိုလျှင် ၂၅ နှစ်ပတ်လည် ငွေရတုတိုင်ခဲ့ပြီ။ နောင်အစဉ်သဖြင့် သားသမီးမြေးမြစ်တို့ အမှတ်ရနေအောင် တြိချိုး ကဗျာလေးတပုဒ် ရေးစပ်လေဦးမှဟု အကြုံရကာ ဖျစ်ညှစ်စပ်ဆိုလိုက်မိသည်။
“နတ်ဖူးစာ ရွာလည်”
နတ်ဖူးစာ ရွာလည်ခိုက် ကြုံကြိုက်ဖို့
ရည်သန်လာ တွေ့ဆုံရရှာ။
ဆုံလာရာ ခါတော်ပေး နတ်ရေးတဲ့ သည်ဖိုင်တွဲ။
ရွှေဖူးစာ မှန်သည်မို့ တွဲလက်က မြဲ။ ။
နန်းနွေဦး (ITC)







