ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်အများစု ဈေးကျပြီး ရေထွက်ကုန်ပစ္စည်းများ ဈေးမြင့်တက်လျက်ရှိသည်။
တိုင်းပြပမှ တင်သွင်းသည့် အကယ်ဒမီအစိမ်း အမှတ်တံဆိပ် ဆန်အမျိုးအစားမှာ ပြီးခဲ့သည့် သီတင်းပတ် ဇူလိုင်လ ၁၂ ရက်တွင် ၁၉၈၅၀၀ကျပ်စျေးရှိရာမှ ဇူလိုင်လ ၁၈ ရက်တွင် ၁၉၆,၅၀၀ ကျပ်၊ အကယ်ဒမီ နွေဖြူသန့်ဆန်မှာ ၉၂,၅၀၀ကျပ်မှ ၈၆,၀၀၀ကျပ်၊ ချန်ပီယံဖျာပုံပေါ်ဆန်းမှာ ၁၈၃,၅၀၀ကျပ်မှ ၁၈၀,၅၀၀ ကျပ်သို့ အသီးသီးဈေးကျသွားသည်။
ထို့ကြောင့် တစ်ပတ်အတွင်း အကယ်ဒမီအစိမ်း ဆန်တစ်အိတ်လျှင် ၂,၀၀၀ကျပ်၊ အကယ်ဒမီ နွေဖြူသန့် ဆန်တစ်အိတ်လျှင် ၆,၅၀၀ကျပ်နှင့် ချန်ပီယံဖျာပုံပေါ်ဆန်း တစ်အိတ် ၃,၀၀၀ ကျပ် ဈေးပြန်ကျလာခြင်းဖြစ်သည်။
ထားဝယ် ရေထွက်ကုန်ဈေးကွက်တွင်မူ ငါးနှင့် ပုစွန်မှာ ယခုသီတင်းပတ်အတွင်း ဈေးမြင့်တက်လျက်ရှိသည်။
ဇူလိုင်လ ၁၂ ရက်က ငါးဒွန်းခြင်းပြား တစ်ပိဿာ ၉,၀၀၀ကျပ်မှ ဇူလိုင်လ ၁၈ ရက်တွင် ၁၁,၀၀၀ကျပ်၊ ပါတူး (ခေါ်) ငါးလုံးငါးတစ်ပိဿာ ၁၅,၀၀၀ကျပ်မှ ၁၆,၀၀၀ကျပ်၊ ငါးကွန်းရှပ်ကြီးတစ်ပိဿာ ၃,၀၀၀ ကျပ်မှ ၃၅,၀၀၀ကျပ်၊ ပုစွန်ချော တစ်ပိဿာ ၄၅,၀၀၀ကျပ်မှ ၆၀,၀၀၀ ကျပ်သို့ အသီးသီး ဈေးမြင့်တက်သွားသည်ကို တွေ့ရသည်။
တစ်ပတ်အတွင်း ငါးဒွန်းခြင်း တစ်ပိဿာလျှင် ၂,၀၀၀ကျပ်၊ ငါတူး (ခေါ်) ငါးလုံးငါးတစ်ပိဿာလျှင် ၁,၀၀၀ကျပ်၊ ငါးကွန်းရှပ်တစ်ပိဿာလျှင် ၅,၀၀၀ကျပ်နှင့် ပုစွန်ချောကြီးတစ်ပိဿာလျှင် ၁၅,၀၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။
ယင်းအပြင် ထားဝယ်ဈေးကွက်၌ ကြက်သွန်စျေးမှာလည်း ဈေးထပ်တက်လျက်ရှိသည်။
ဇူလိုင်လ ၁၂ ရက်က ထားဝယ်ဈေးကွက်၌ ကြက်သွန်နီတစ်ပိဿာ ၅,၅၀၀ကျပ်မှ ဇူလိုင်လ ၁၈ ရက်တွင် ၆,၀၀၀ကျပ် ဖြစ်လာပြီး တစ်ပတ်အတွင်း တစ်ပိဿာလျှင် ၅၀၀ ကျပ် ဈေးထပ်တက်သွားသည်။
ထားဝယ်ဆန်နှင့် အခြားစားဖိုဆောင်သီးနှံများမှာမူ ထားဝယ်ဈေးကွက်၌ ယခုသီတင်းပတ်အတွင်း ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်။









