ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂီတအတန်းထဲက ခုံပေါ်မှာ မျက်ရည်တွေနဲ့

July 10, 2026

မီးအိမ် အခြေခံပညာကျောင်းတစ်ကျောင်းရဲ့ တနင်္ဂနွေနေ့ အပတ်စဥ် ဂီတအတန်းကို ဝင်ကြည့်ဖြစ်ခဲ့တယ်။ ဂီတဆရာက မိဘမေတ္တာနဲ့ ပတ်သက်တဲ့ သီချင်းတစ်ပုဒ်ကို အတီး အမှုတ် သင်ကြားပေးနေတယ်။

ကျောင်းသူကျောင်းသားတွေက ပုလွေကိုယ်စီနဲ့ ဂီတ Note တွေကို လိုက်မှတ်နေကြတယ်။ ဂီတဆရာ ဘကြီးစိုးတစ်ယောက် ” အမြင့်ဆုံး မိုးသား ကောင်းကင်ကြီး…လို၊ အဆုံးအစ မရှိပါကွယ်၊ အဖေ အမေ့ နွေးထွေးမှုနဲ့ မေတ္တာ…. ကျေးဇူးတရားကို အမြဲမမေ့တယ်…” ဆိုတဲ့အပိုဒ်ကို သံစဉ်အနိမ့်အမြင့် အတက်အကျမှန်စွာ ဆိုပြပြီး သီချင်းစာသားရဲ့ အတိမ်အနက်ကို စာသင်ခန်းပြင်ပက မိဘရင်ခွင်ဆီ ခေါ်ဆောင်သွားပြီး ရှင်းပြနေရှာတယ်။

ပြီးတော့ ဂီတဆရာက ဟုတ်ပြီ… ဒါဆို သီချင်းကို ပုလွေနဲ့ သံစဥ်စည်းချက်တွေအတိုင်း လိုက်မှုတ်ကြည့်မယ်လို့ ပြောလိုက်တဲ့အခါ ကလေးတွေဆီက “ဆို လာ ဆို- မီ ရေ-ဒို ဒို…လာ၊ ဆို မီ မီ ဒိုရေ…၊ ဆို လာ ဆို-မီ ရေ-ဒို ဒို…လာ၊ လာ-ဆို မီ-ဒို မီ ရေ ဒို….” လို့ သံစဥ်စည်းချက်တွေ ထွက်လာတယ်။

သီချင်းသံစဥ်ကို ခံစားစီးမျောနေတဲ့ ကျနော်လည်း မိဘမေတ္တာကို အောက်မေ့တမ်းတရင်း ငယ်ငယ်ကဘဝတွေထဲ အတွေးနယ်ချဲ့နေမိတယ်။ မိဘအပေါ်မှာ ဆိုးခဲ့မိုက်ခဲ့မိတယ်။ မိဘမေတ္တာကို လေးလေးနက်နက် နားလည် သဘောပေါက်ဖို့ ပျက်ကွက်ခဲ့ဖူးပါတယ်။

ဒီနေ့ဒီရွယ်အထိ မိဘကို ဘာမှအလုပ်ကျွေးမပြုဖူးတဲ့ သားတစ်ယောက်ဟာ ဦးငှက်သီချင်းထဲကလို အမေ့ရဲ့ဒုက္ခအိုးလေးလား တွေးမိတယ်။ အထူးသဖြင့် အမေ။ အမေဟာ ကျနော်အတွက်နဲ့ ကျောင်းအုပ်ကြီး ရုံးခန်းမှာ ခဏခဏ လာတောင်းပန်ခဲ့ရသူပါ။ ဒါတင်မကသေးပါဘူး၊ ဝန်ကြီးချုပ်အိမ်တော်ရာထိပါ လိုက်ပြီး သားတစ်ယောက်အတွက်နဲ့ တောင်းပန်ခဲ့ရဖူးပါတယ်။ တခါတလေမှာ နည်းနည်းလေးလိမ္မာဖူးလို့ ကျောင်းမှာ ဆုယူရင် အမေ့ကို တခါမှ မခေါ်ဖြစ်ဘူး။

ဒါနဲ့ပတ်သက်ပြီး ဆရာမ တစ်ယောက်က မေးခဲ့ဖူးတာကို အမြဲတမ်းအမှတ်ရနေမိတယ်။ သားရဲ့အမေဟာ သားဆိုးခဲ့လို့ ကျောင်းကို ခဏခဏလာပြီး ဆရာဆရာမတွေကို တောင်းပန်ခဲ့ရတယ်၊ ဆုယူတော့ ဘာလို့မခေါ်လာသလဲတဲ့။ အဲဒီလို အမေးခံရတော့ အမေ့အတွက် စိတ်မကောင်းဖြစ်ခဲ့တာအမှန်ပါ။ တော်ပြီလေ ကိုယ့်အကြောင်း . . .။ ဂီတဆရာဆီ စိတ်ပြန်ရောက်သွားတယ်။

သင်ခန်းစာ ပြီးဆုံးခါနီးလေးမှာ ဂီတဆရာက ပြောလိုက်တယ်။ ကျောင်းသူကျောင်းသားတွေအနေနဲ့ ကိုယ့်မိဘတွေကို ဘာများပြောချင်တာရှိမလဲ။ မိဘကို ပြောချင်တဲ့ ကိုယ့်ရဲ့ ခံစားချက်တွေကို စာရွက်တစ်ရွက်အပေါ်မှာ ချရေးခိုင်းလိုက်တယ်။

အဲဒီအချိန်မှာ ကျနော်က အတန်းရှေ့က ခုံပေါ်မှာဝင်ထိုင်ပြီး စာရေးနေသူ ကျောင်းသားတွေရဲ့ မျက်လုံးတွေကို ခိုးကြည့်နေမိတယ်။ အဲဒီမှာ ကျနော်သိလိုက်တာက သူတို့လေးတွေရဲ့ စိတ်ခံစားမှုတွေဟာ သူတို့နှလုံးသားရဲ့ အနက်ဆုံးတနေရာဆီ ရောက်နေပြီဆိုတာပါပဲ။ တချို့မျက်ဝန်းတွေ စိုနေကြတယ်၊ တချို့ မျက်ဝန်းအိမ်မှာ မျက်ရည်စတွေနဲ့ပေါ့။

ဒါနဲ့ ကျောင်းသားတွေဟာ စာရဲ့အဆုံးမှာ လက်မှတ်ကိုယ်စီထိုးပြီး စာရွက်တွေကို စားပွဲပေါ်လာတင်ကြတယ်။ ကျနော်လည်းပဲ ဂီတဆရာကို စာရွက်တွေကို ကူသိမ်းပေးရင်း တစ်ရွက်ပြီးတစ်ရွက် ဖတ်ကြည့်ခဲ့မိတယ်။

သူတို့ရင်ဘတ်ထဲက လျှံထွက်လာတဲ့ ခံစားမှုတွေဟာ ကိုယ့်အသွေးအသားထဲ စိမ့်ဝင်စီးဆင်းသွားသလိုပါပဲ ဝမ်းနည်းလာတဲ့ စိတ်ကိုထိန်းချုပ်ပြီး ဆက်ဖတ်နေခဲ့တာပါ။ ဒါပေမယ့် စာရွက်တွေကုန်အောင်တော့ မဖတ်နိုင်ခဲ့ဘူးလေ။ ဆက်ဖတ်ရင် ကလေးတွေရှေ့မှာ မျက်ရည်ကျမိလိမ့်မယ်ဆိုတာ သိနေလို့ ရပ်ပစ်လိုက်တာပါ။

ဒါပေမယ့်ကလေးတွေကို စကားနည်းပြောဦးမှဆိုပြီး မိဘနဲ့ သားမိုက်တစ်ယောက်ရဲ့အကြောင်း၊ ဖခင်တစ်ယောက်က သားတစ်ယောက်အပေါ်ထားတဲ့ မေတ္တာနဲ့ ခွဲခွာရခြင်းအတွက် နာကျင်ကြေကွဲခဲ့ရတဲ့ မှောင်မိုက်ဆုံး နေ့ရက်တွေအကြောင်း၊ ပြီးတော့ မွန်ဂိုလီးယားကျောင်းတစ်ကျောင်းရဲ့ စာသင်ခန်းထဲက မိခင်မေတ္တာဘွဲ့နဲ့ပတ်သက်တဲ့ ကဗျာတစ်ပုဒ်အကြောင်းပြောပြရင်း အသံတွေ တုန်ယင်ယိမ်းယိုင်လာတာကို သတိထားမိပြီး မျက်ရည်တွေ စီးကျလာတာကို သိလိုက်ရတယ်။ အဲဒီအချိန် တချို့ကလေးတွေရဲ့ မျက်လုံးတွေမှာလည်း မျက်ရည်တွေအပြည့်နဲ့ပေါ့။ မျက်ရည်ကန်လျှံကျသည့်အလား သူတို့လည်း ငိုခဲ့ကြတယ်။

တချို့ကလေးတွေမှာ အဖေမရှိတော့ဘူး၊ တချို့က အမေလို့ ခေါ်ရာမဲ့တဲ့ ဘဝ၊ တချို့ကျ မိတကွဲ ဖတကွဲ၊ တချို့ကလေးတွေက လူမှန်းမသိတတ်သေးတဲ့အရွယ်ကတည်းက မိဘနဲ့ ရေခြားမြေခြား ဝေးကွာနေခဲ့ကြတယ်၊ ဘယ်လောက်ရင်နာဖို့ကောင်းလဲ တချို့ကလေးတွေဆိုရင် ဒီကမ္ဘာလောကထဲမှာ အသက်ရှိထင်ရှားရှိနေသေးတဲ့ အဖေတစ်ယောက်ကို မြင်တွေ့ခွင့်မရခဲ့ဘူးလေ။ ငိုပါစေ သူတို့မငိုရင် ဘယ်သူတွေငိုပါ့ဦးမလဲ။ တချို့ဘဝတွေဟာ တမာရည်နဲ့ သွန်းလောင်းထားတဲ့အရုပ်တွေလိုပဲမလား။

ခေတ်ဆိုးစနစ်ဆိုးအောက်မှာ ရွာတရွာဟာ မိဘမဲ့‌ဂေဟာလို ဖြစ်နေတာလည်း သိပ်တော့မဆန်းလှဘူးလေ။

မိဘတွေဆီသို့ သူတို့ရဲ့စာတချို့ ကို ဖတ်ကြည့်ဖြစ်တယ်။

စာတွေကို ဖတ်ကြည့်လိုက်တော့ အမေနဲ့အဖေကို သိပ်ချစ်တယ်ဆိုတာတွေ၊ ဆိုးခဲ့မိုက်ခဲ့ ပြန်ခံပြောခဲ့မိတာတွေအတွက် ခွင့်လွတ်ဖို့ တောင်းပန်သံတွေ၊ ပါးစပ်က ချစ်တယ်လို့ မပြောဖြစ်ပေမယ့် သိပ်ချစ်ပါတယ်ဆိုတဲ့ ဖွင့်ဟဝန်ခံချက်တွေ၊ မေနဲ့အဖေ နေကောင်းအောင်နေပါ၊ အမေနဲ့အဖေ ပြန်လာရင် အတူတူနေကြမယ်ဆိုတဲ့ မျှော်လင့်ချက်တွေစတဲ့ ခွဲခွာနေရခြင်းရဲ့ သရုပ်သကန်တွေကို အများဆုံးတွေ့ရတယ်။

“ကမ္ဘာပေါ်မှာရှိတဲ့ ပင်လယ်သမုဒ္ဒရာနဲ့ယှဥ်လာရင် အဖေနဲ့အမေကို ချစ်တာက ပိုပြီးကြီးမားကျယ်ပြန့် ပါတယ်။ အဖေနဲ့အမေက သမီးအတွက် ကမ္ဘာကြီးပါပဲ။ အဖေနဲ့ အမေလည်း ကျန်းမာရေးဂရုစိုက်ပါ၊ ဘဝတစ်လျှောက်လုံး သမီးကို ဂရုစိုက်ပေးလို့ ကျေးဇူးပါ။ အဖေနဲ့ အမေ သမီးအတွက် ကမ္ဘာကြီးလည်း ဖြစ်သလို သမီးအတွက် လူကောင်းတွေလည်း ဖြစ်ပါတယ်။ အဖေနဲ့အမေလဲ ကျေးဇူးတင်ပါတယ်။ ငယ်ငယ်ကတည်းက အခုထိစောင့်ရှောက်ပေးလို့ ကျေးဇူးပါရှင့်။ အဖေနဲ့အမေအပေါ်မှာ ပြန်ပြောခဲ့တာတွေလဲ တောင်းပန်ပါတယ်။ အဖေနဲ့ အမေကို အမြန်ဆုံးတွေ့ချင်ပါတယ်။ အရမ်းချစ်တယ် အဖေနဲ့အမေ…။”

“အဖေနဲ့ အမေကို အမြင့်ဆုံးမှာ ထားပါ့မယ်။ အဖေနဲ့အမေ အိုလာရင် ကျွေးမွေးပါ့မယ်။ အဖေနဲ့အမေတို့ အဝေးမှာနေရင် သမီးတို့ လိမ်လိမ်မာမာနေပါမယ်။ အဖေနဲ့အမေ ပြန်လာရင် သမီးတို့နဲ့ အတူတူနေကြမယ်။”

“အဖေနဲ့ အမေ သမီးပြန်ပြောမိခဲ့လို့ ခွင့်လွတ်ပေးပါ။ သမီးဆိုးခဲ့မိုက်ခဲ့တာတွေကို သီးခံခွင့်လွတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ပါးစပ်က အရမ်းချစ်တယ်လို့ တခါမှမပြောပေမဲ့ ချစ်ပါတယ်။ ကျန်းမာရေး ဂရုစိုက်ပါ အဖေနဲ့အမေ”

“သမီး အမေ့ကိုပြောချင်တာကတော့ အမေနဲ့ဝေးနေတာ ကြာပါပြီ ငယ်ငယ်ကတည်းက တစ်ခါပဲ တွေ့ရသေးတယ် အမေ။ ဒါပေမယ့် အမေက သမီးကို လိုချင်တာ ဝယ်ပေးလိုက်လို့ အမေ့ကို ကျေးဇူးတင်ပါတယ်။ အဖေနဲ့ အကိုကိုလည်း ကျေးဇူးပါတယ်။ အဖေက အခုတလော ကျန်းမာရေးမကောင်းဘူးလို့ကြားရတဲ့အခါ သမီးအရမ်းဝမ်းနည်းတယ်။ ဒါကြောင့် ကျန်းမာရေးကောင်းအောင်နေပါ အဖေ။”

သင်ခန်းစာ ပြီးဆုံးလို့ ကလေးတွေလည်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်နှစ်သိမ့်ရင်း အတန်းထဲက ထွက်သွားကြပါပြီ၊ မျက်ရည်တွေကတော့ အတန်းခုံတွေပေါ် စိုနေဆဲပေါ့။ ကျနော်လည်း သူတို့လေးတွေရဲ့ နှလုံးအိမ်က ထွက်ကျလာတဲ့ စာတွေကို ဆက်ဖတ်ရင်း…

အမိ အဖရဲ့ အရိပ်ဟာ… သား သမီး တို့တွေအတွက် ခွန်အား သတ္တိများကို ပေး…တယ်၊ ဘဝတလျှောက် တို့တွေ ငြိမ်းချမ်းဖွယ်…။

မိုးစက်