လောင်းလုံးမြို့နယ်ရှိ ဗိုလ်မှူးကြီးဗထူး ဇာတိဖြစ်သည့် လေးသွန်းခံကျေးရွာတွင် နေအိမ်သုံးဆောင်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးကြောင်း ဒေသခံများထံမှ သိရသည်။
လေးသွန်းခံကျေးရွာ စာသင်ကျောင်းနံဘေးမှ ညင်းမော်ကျေးရွာဘက်သို့သွားသော လမ်းသွယ်ထဲရှိ အရပ်သား နေအိမ်သုံးဆောင်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“ဘယ်သူ့အိမ်တွေမှန်းတော့ မသိသေးဘူးပေါ့နော်။ အိမ်သုံးဆောင်ကို ရှို့သွားတယ်ဆိုတာပဲ လောလောဆယ် သိထားသေးတယ်“ ဟု တိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်သည် ထွက်ပြေးသွားသည့် ၎င်းတို့တပ်ဖွဲ့ဝင် သုံးဦးအား စစ်ကြောင်းထိုး လိုက်လံရှာဖွေစဉ် ဇူလိုင်လ ၈ ရက်က လောင်းလုံးမြို့နှင့် စမ်းလှမ်းကျေးရွာကြား လမ်းပိုင်းတစ်နေရာတွင် တော်လှန်ရေးတပ်တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထွက်ပြေးသွားသည့် စစ်အာဏာရှင်တပ်သား သုံးဦးအနက်တစ်ဦးသည် ပေါင်တွင် သေနတ်ဒဏ်ရာရပြီးနောက် စစ်အာဏာရှင်တပ်က လောင်းလုံးမြို့ထဲသို့ သယ်ဆောင်သွားစဉ် သေဆုံးခဲ့ကြောင်း ဒေသခံနှင့် တော်လှန်ရေးတပ်တို့ထံမှ သိရသည်။
စမ်းလှမ်းတောင်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဇူလိုင်လ ၉ ရက်တွင်မူ လောင်းလုံးမြို့ဘက်မှ ညင်းမော်ကျေးရွာဘက်သို့ တောလမ်းအတိုင်း စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာခဲ့ကြောင်း ဆိုသည်။
ယနေ့ ဇူလိုင်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခန့်တွင်မူ ညင်းမော်ကျေးရွာအနီး ကြယ်တောင်ဘက်မှ လေးသွန်းခံကျေးရွာဘက်သို့ စစ်ကြောင်းထိုးသွားချိန် တော်လှန်ရေးတပ်တို့နှင့် ထိတွေ့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် လေးသွန်းခံ-ညင်းမော် သွား တောလမ်းဘေးရှိ အရပ်သားနေအိမ်သုံးဆောင်အား စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
လေးသွန်းခံကျေးရွာမှာ ဗိုလ်မှူးကြီး ဗထူး၏ မွေးရပ်ဇာတိဖြစ်ပြီး ရွာထဲတွင် ကြေးရုပ်တုကြီးကို စိုက်ထူထားသည်။
တိုက်ပွဲကြောင့် လေးသွန်းခံ၊ ဂေါ့အင်း၊ ညင်းမော်၊ စစ်ပြဲ စသည့်ကျေးရွာတို့က ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ဒေသခံများထံမှ သိရသည်။







