တနင်္သာရီမြို့နယ်၊ ရေခမ်းချောင်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သားများက လူနှစ်ဦးကိုသတ်ပြီး အလောင်းများကို ချောင်းထဲပစ်ချခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ ၁ ရက် နံနက် ၉ နာရီတွင် ဇဝဲကျေးရွာမှ စစ်အာဏာရှင်တပ်သားများသည် ဆင်ဒင်ရွာချောင်းထဲကို အလောင်းနှစ်လောင်း လာရောက်ပစ်ချခဲ့ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ဆိုသည်။
“လက်နောက်ပြန်ကြိုးတုပ်ထားတယ်။ ခေါင်းတွေကို အိတ်အမည်းနဲ့ စွတ်ထားတယ်။ နှစ်ယောက်လုံးကို ချောင်းထဲပစ်ချလိုက်တယ်။ ရေကြီးနေတော့ အလောင်းက ဘယ်မှာသွားပေါ်မယ် မသိဘူး” ဟု အထက်ပါ မျက်မြင်ဒေသခံက ပြောသည်။
ဇဝဲကျေးရွာအခြေစိုက် ခမရ (၅၅၆) ခြေမြန်တပ်ရင်းမှ စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သားများသည် ဩဂုတ်လ ၃၁ ရက် ညနေ ၄ နာရီတွင် ရေခမ်းချောင်းရွာသားတစ်ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးပြီး တပ်ရင်းထဲသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှသိရသည်။
“နှစ်ယောက်လုံးကို လက်နောက်ပြန်ကြိုးတုပ်ပြီး ခေါ်သွားတယ်။ ဖမ်းဆီးခံရပြီး ဘယ်သူနဲ့မှ ပေးမတွေ့ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
ယခုသတ်ပြီး ချောင်းထဲပစ်ချလိုက်သူနှစ်ဦးမှာ အဆိုပါဖမ်းခံရသူနှစ်ဦးဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းနေကြသော်လည်း အလောင်းမတွေ့သဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်အာဏာရှင်တပ်စစ်ကြောင်းက ဖမ်းဆီးသွားသူ နှစ်ဦးသည် ရေခမ်းချောင်းရွာ ဒေသခံများဖြစ်ကြပြီး တစ်ဦးမှာ အသက် ၅၀ ဝန်းကျင်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ နောက်တစ်ဦးမှာ အသက် ၂၀ ဝန်းကျင် အရပ်သားဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။







