တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်၏ အမှတ် (၅၅၆) ခြေမြန်တပ်ရင်းမှ တပ်သားများသည် ရေခမ်းချောင်းရွာကို စစ်ကြောင်းပြန်ထိုးလာပြီး ရွာသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဩဂုတ် ၃၁ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် စစ်အာဏာရှင်တပ် အင်အား ၁၀၀ ကျော်ဖြင့် ဇဝဲရွာမှ ရေခမ်းချောင်းရွာသို့ စစ်ကြောင်းပြန်ထိုးလာပြီး နေ့လယ် ၁၂ နာရီတွင် ရေခမ်းချောင်းရွာဝန်းကျင်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“လေကြောင်းကြဲတာက တောဘက်ကိုကျတယ်။ ထိခိုက်မှုမရှိဘူး။ ပွိုင့်ဖိုက်နဲ့လည်း ပစ်တယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
ညနေ ၄ နာရီခန့်တွင် ရေခမ်းချောင်းရွာ ဒေသခံနှစ်ဦးကို စစ်အာဏာရှင်စစ်ကြောင်းက ဖမ်းဆီးပြီး ဇဝဲကျေးရွာအခြေစိုက် ခမရ (၅၅၆) တပ်ရင်းထဲသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦးသည် ရေခမ်းချောင်းရွာ ဒေသခံ အသက် ၂၀ နှင့် ၅၀ အရွယ် အမျိုးသားများဖြစ်ပြီး စစ်ကြောင်းနှင့် တိုး၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ရွာထဲကနေ ပြန်ထွက်သွားပြီထင်ပြီး ရွာထဲကို ပြန်ဝင်တာ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတယ်။ မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
အဆိုပါ စစ်ကြောင်းသည် ဩဂုတ် ၂၈ ရက်တွင် တုံးဗျောရွာမှ တောလမ်းအတိုင်း ရေခမ်းချောင်းရွာသို့ စစ်ကြောင်းထိုးကာ နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၂၉ ရက်တွင် ဇဝဲကျေးရွာဘက်သို့ ပြန်ဆုတ်သွားခဲ့သည်။







