ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အဲယွန်း

June 13, 2026

လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော်ဆီက အတိတ်ဆီကို ပြန်မျှော်ကြည့်ရင် မိုးဖွဲဖွဲရွာနေတဲ့ စပါးခင်းစိမ်းစိမ်းတွေကြားမှာ အဲယွန်းကိုယ်စီ ဆောင်းထားတဲ့ လုပ်ငန်းခွင်ဝင်နေတဲ့ လယ်သမားတွေကို ပန်းချီကားတစ်ချပ်လို မြင်တွေ့ရလေ့ရှိပါတယ်။

ထီးတစ်ချောင်းလို လက်ကကိုင်ထားစရာမလိုဘဲ ခေါင်းပေါ်မှာ ငြိမ်ငြိမ်ကလေးရှိနေတဲ့အတွက် အလုပ်သမားတွေဟာ လက်နှစ်ဖက်လုံးကို လွတ်လွတ်လပ်လပ် လှုပ်ရှားပြီး ကောက်စိုက်တာ၊ ပေါင်းသင်တာတွေကို မိုးထဲရေထဲမှာ အားတက်သရော လုပ်ကိုင်နိုင်ခဲ့ကြပါတယ်။

နေပူရင် အရိပ်ရပြီး မိုးရွာရင် မိုးကာပေးတဲ့ အဲယွန်းဟာ ထားဝယ်ဒေသက ကျေးဇူးရှင်တောင်သူတို့ရဲ့ လုပ်ငန်းခွင်မှာ မရှိမဖြစ် အဖော်အမွန်ဆိုလည်း မမှားပါဘူး။

ကျွန်တော် မူလတန်းကျောင်းသားဘဝကလည်း မိုးရေစက်တွေကြား အဲယွန်းကို ခေါင်းမှာဆောင်းပြီး ရွာစာသင်ကျောင်းဆီ အပြေးအလွှား ကျောင်းတက်ခဲ့ရတဲ့ ရက်စွဲတွေကို တစိမ့်စိမ့်မြင်ယောင်နေမိပါတယ်။

အဲဒီအချိန်တုန်းက ထီးတွေ မိုးကာတွေဆိုတာ အခုလိုမျိုးလူတိုင်းလက်ထဲမှာ မရှိကြသေးတဲ့ ခေတ်ပေါ်ဇိမ်ခံပစ္စည်းတစ်မျိုးလို့ဆိုရမှာပါ။ ကျွန်တော်လို လယ်သမားမိသားစုက ပေါက်ဖွားလာတဲ့ သူတွေအတွက်ကတော့ ဓနိရွက်နဲ့ရက်လုပ်ထားတဲ့ အဲယွန်းကသာ မိုးရာသီရဲ့ တစ်ခုတည်းသော အားကိုးရာဖြစ်ခဲ့ပါတယ်။

မှတ်မှတ်ရရ တတိယတန်းကျောင်းသားဘဝကပေါ့။ တစ်နေ့ ကျောင်းဆင်းချိန်မှာ ဆော့ကစားရဖို့ အာရုံများပြီး ပါနေကျ အဲယွန်းလေးကို စာသင်ခန်းထဲမှာ မေ့ကျန်ရစ်ခဲ့မိပါတယ်။

ကြားထဲမှာ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် နှစ်ရက် ခံသွားတာကြောင့် အဲယွန်းကျန်ခဲ့တာကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြီး တနင်္လာနေ့ ကျောင်းပြန်ဖွင့်လို့ ရှာဖွေကြည့်တော့ ပါးတော်မြဲလေး အနားမှာ မရှိတော့ပါဘူး။

ဒါကိုသိသွားတဲ့ အဖွားက ဆူပူကြိမ်းမောင်းရုံပဲဆိုပေမဲ့ စည်းကမ်းကြီးတဲ့ အဖိုးကတော့ ကြိမ်လုံးနဲ့ ကျောပြင်ကို ဗြောတင်တော့တာပါပဲ။ ကံဆိုးစွာနဲ့ပဲ မေ့ကျန်ခဲ့တဲ့ အဲယွန်းလေးကို ပြန်မရတော့ပါဘူး။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကျွန်တော့်ဆီကို သစ်လွင်စိမ်းစိုပြီး ဓနိရနံ့သင်းပျံ့နေတဲ့ အဲယွန်းအသစ်တစ်လုံး ရောက်ရှိလာခဲ့ပါတယ်။ တကယ်တော့ အဲဒီအဲယွန်းအတွက် ကျွန်တော်တို့ မိသားစုမှာ ငွေကြေးအပိုကုန်စရာမလိုပါဘူး။ မြေးဖြစ်သူ ကျွန်တော့်အတွက် အဖိုးဖြစ်သူကိုယ်တိုင် လယ်ထဲဆင်း၊ ဓနိတောထဲက ဓနိဖတ်တွေကို ခုတ်ယူလာပြီး စိတ်ရှည်လက်ရှည် အဲယွန်းအသစ်တစ်လုံးကို ပုံဖော်ချုပ်လုပ်ပေးခဲ့လို့ပါပဲ။

ကျွန်တော်တို့ မောင်နှမတွေအားလုံး မိုးရာသီတိုင်း ကျောင်းတက်နိုင်ဖို့အတွက် လိုအပ်တဲ့ အဲယွန်းမှန်သမျှကို အဖိုးကပဲ ဒိုင်ခံချုပ်လုပ်ပေးခဲ့တာပါ။

ကျွန်တော် ဆယ်တန်းကျောင်းသားဘဝ အရောက်မှာတော့ အဖိုးဟာ လောကကြီးကို စွန့်ခွာသွားခဲ့ရှာပါတယ်။ နှမြောဖို့ကောင်းတာက အဖိုးဆီကနေ အဲယွန်းချုပ်လုပ်တဲ့ လက်မှုအမွေကို ကျွန်တော် လက်ဆင့်ကမ်းခွင့် မရခဲ့တာပါပဲ။ လက်ဆင့်ကမ်းရမှန်း မသိခဲ့တာလည်း ပါလိမ့်မယ်။

အဲဒီအချိန် ခေတ်ပေါ် ထီးတွေ၊ မိုးကာတွေ ပေါ်ပေါက်နေပြီမို့ ပေါ့ပေါ့ဆဆ တွေးခဲ့မိတာလို့ အခုချိန်မှ ပြန်တွေးရင်း နောင်တရလို့ မဆုံးဖြစ်ခဲ့ရပါတယ်။ အဖိုးမရှိတော့မှ အဲယွန်းတစ်လုံးဖြစ်အောင် ဘယ်ကနေ ဘယ်လိုစပြီး ချုပ်လုပ်ရမှန်း မသိတော့ပါဘူး။

ခေတ်ရေစီးကြောင်းရဲ့ ရိုက်ခတ်မှုဟာ မြန်ဆန်လွန်းလှပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အရောင်အသွေးစုံလင်တဲ့ ခေတ်ပေါ်ထီးတွေ၊ ပလတ်စတစ်မိုးကာတွေ အစားထိုးဝင်ရောက်လာတဲ့အခါမှာတော့ ရှေးလူကြီးတွေရဲ့ လက်မှုပညာ အမွေအနှစ်လေးဟာ တဖြည်းဖြည်းနဲ့ လူမသိသူမသိ နောက်ကို ဆုတ်ခွာသွားခဲ့ရရှာပါပြီ။

လက်ဝင်လှတဲ့ ဓနိရွက်နဲ့ ရက်လုပ်တဲ့ အဲယွန်းချုပ်တဲ့ အတတ်ပညာ ကွယ်ပျောက်လာသလို၊ လယ်ကွင်းပြင်တွေထဲမှာလည်း အဲယွန်းဆောင်းထားတဲ့ အရိပ်အယောင်တွေကို မတွေ့ရတော့ပါဘူး။

အခုအချိန်မှာ အဲယွန်းဟာ တမ်းတ တသစရာ အတိတ်တစ်ခုအဖြစ်သာ ကျန်ရစ်ပါတော့တယ်။

ဒါပေမဲ့ ခပ်ဖွဲဖွဲရွာနေတဲ့ ဒီဇွန်လရဲ့ မနက်ခင်းတစ်ခုမှာတော့ ထူးဆန်းစွာပဲ အဲယွန်းဆောင်းထားတဲ့ အမျိုးသမီးတစ်ယောက်ကို လမ်းဘေးတစ်နေရာမှာ ရုတ်တရက် မြင်တွေ့လိုက်ရပါတယ်။ အသက် ၄၀ ကျော် ၅၀ ဝန်းကျင်လောက်ရှိတဲ့ အဲဒီအမျိုးသမီးကို မြင်လိုက်ရတော့ ဆယ်စုနှစ်သုံးခုစာ ကြာအောင် ပျောက်ဆုံးနေခဲ့တဲ့ ငယ်ဘဝအရိပ်အယောင်ကို ပြန်ပြီးရလိုက်ရသလိုမျိုး ရင်ထဲမှာ ဝမ်းသာအံ့ဩခြင်းတွေ စိုးမိုးသွားခဲ့ပါတယ်။

အဲဒီအမျိုးသမီးဆီ ခြေလှမ်းခပ်သွက်သွက်နဲ့ ချဉ်းကပ်ပြီး မေးမြန်းစပ်စုကြည့်တော့ ခေါင်းကနေ ခါးလည်အထိလုံအောင် ဆောင်းထားတဲ့ သူ့ကိုယ်ပေါ်က အဲယွန်းဟာ သူကိုယ်တိုင် ချုပ်လုပ်ထားတဲ့ အဲယွန်းဖြစ်တဲ့အကြောင်း စိတ်လိုလက်ရ ရှင်းပြရှာပါတယ်။ အနောက်ကနေ တကူးတက အပြေးလိုက်လာပြီး အဲယွန်းအကြောင်း တခုတ်တရ မေးမြန်းစပ်စုနေတဲ့ ကျွန်တော့်ကိုလည်း ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်လို စိုက်ကြည့်နေပါသေးတယ်။

“အဲယွန်းဆိုတာ အခုခေတ်ကလေးတွေ မသိကြတော့ဘူး။ လမ်းကြုံရင် အိမ်ကိုလာပြီး အဲယွန်းချုပ်တာကို လာကြည့်ပါလား” ဆိုပြီး သူက လိပ်စာပေးပြီး ဖိတ်မန္တကပြုသွားပါသေးတယ်။

လမ်းမှာတွေ့တဲ့ အမျိုးသမီးတစ်ဦးက အဲယွန်းကို မြန်မာလို ဘယ်လိုခေါ်လဲမေးလို့ အဲယွန်းရှင်က အဲယွန်းလို့ပဲခေါ်မယ်ထင်တယ်လို့ ပြန်ဖြေတာ ကြားလိုက်ရသေးတယ်။

ဒါနဲ့ ဟိုရှာဒီရှာဖတ်ကြည့်တော့ ဒါကို ခမောက်ရှည်လို့ လွယ်လွယ်သုံးတာမျိုး ရှိကြပေမယ့် ဒေသအလိုက် အမည်အမျိုးမျိုးခေါ်ကြတယ်လို့ မှတ်သားမိပါတယ်။ ဥပမာ – မြန်မာစာအဘိဓာန်မှာ ပက္ကလာလို့ ခေါ်ပြီး လယ်သူမများဆောင်းလေ့ရှိသော ဦးခေါင်းမှတင်ပါးအထိ မိုးလုံသော ခေါင်းဆောင်းတစ်မျိုးလို့ အဓိပ္ပါယ်ဖွင့်ထားသလို အညာမှာ လိပ်ခမောက်၊ မွန်မှာ ကဒိုဝ်(ကဒူး) စသဖြင့် အမည်အမျိုးမျိုးရှိတယ်ဆိုတာ မှတ်သားခဲ့ရပါတယ်။

ဒါပေမဲ့ ဒေသအလိုက် ယက်လုပ်ပုံနဲ့ အသုံးပြုပစ္စည်းတွေ မတူကြပါဘူး။ တူတာတစ်ခုကတော့ အခုခေတ်မှာ အသုံးပြုသူနည်းလာပြီး မမြင်ဘူး၊ မကြားဘူးသူတွေ များလာတာပါပဲ။

ဒါကြောင့်လည်း အခုလို အဲယွန်းဆောင်းထားသူတွေ့တဲ့အတွက် ကျွန်တော့်ငယ်ဘဝကို သတိရပြီး ဝမ်းသာအားရ စပ်စုမိလိုက်တာပါ။

သူတို့အိမ်မှာ အဲယွန်းချုပ်တတ်တဲ့သူရှိပြီး အခုထိလည်း အဲယွန်းချုပ်နေတုန်းပဲဆိုတဲ့အကြောင်းနဲ့၊ လက်ရှိအိမ်မှာ အဲယွန်းနှစ်လုံး ချုပ်ထားတာရှိတယ်လို့လည်း ဖောက်သည်ချပြီး သူသွားစရာရှိတဲ့ ခရီးကို အဲယွန်းဆောင်းရင်း တရွေ့ရွေ့ လမ်းလျှောက်ထွက်ခွာသွားပါတော့တယ်။

ကျွန်တော့်မှာတော့ အဲယွန်းရှင်အမျိုးသမီးနဲ့ တဒင်္ဂဆုံတွေ့ရမှုဟာ ပျောက်ကွယ်သွားပြီလို့ ထင်မှတ်ထားခဲ့တဲ့ ဓနိရွက်တို့ရဲ့ အသက်ရှူသံခပ်တိုးတိုးနဲ့အတူ အဖိုးရဲ့လက်ရာခြေရာတွေ၊ ရှေးထားဝယ်တွေရဲ့ လက်မှုအတတ်ပညာတွေ ဒီနေရာလေးမှာ ရှင်သန်နေဆဲပါကလားလို့ ဝမ်းမြောက်စွာ တွေးရင်း ကျန်ရစ်ခဲ့ပါတော့တယ်။

အခါအခွင့်သင့်ရင်တော့ အဲယွန်းရှင်အမျိုးသမီးကြီးဆီ အလည်သွားပြီး အဖိုးဆီက သင်ခွင့်မရခဲ့တဲ့ အဲယွန်းတစ်ခု ဖန်တီးပုံကို လေ့လာဦးမယ်လို့ တွေးနေတုန်း… ဝေါခနဲ ရွာချလိုက်တဲ့ မိုးကြောင့် အသင့်ပါလာတဲ့ ထီးကလေးကို ထုတ်ဆောင်းပြီး အိမ်ပြန်လာခဲ့လိုက်ရပါတော့တယ်။

နောန်ပြည့်ဝ