ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အာဏာရူးကပ်

August 1, 2026

ဒီကာလကြီးမှာ အမေ့ကို လွမ်းတဲ့အခါ ကျနော် ကဗျာချရေးတယ်။ အာဏာရူးကပ်ဆိုးကြီးက မိသားစုတွေကို မဆုံနိုင်အောင် ဝေးစေတာပဲ။ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော ချစ်သူတို့နဲ့ ကွေးကွင်း နေရတာကဒုက္ခမဟုတ်လား။ တဖက်မှာလည်း အာဏာရူးတွေ မင်းမူနေတဲ့အကာလမှာ နေနေရခြင်း ကလည်း အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော ဆိုသလိုပါပဲ။

ကျနော့်ကဗျာဟာ အာဏာရူးကပ်ကြီးရဲ့ ရောဂါလက္ခဏာအချို့ကို ထင်ဟပ်လေမလားပဲ။ သေချာတာကတော့ ဒုက္ခတွေကို စကားလုံးအဖြစ် ဖွင့်အန် ကဗျာဟန်ချရေးတယ်ဆိုရင်ပဲ ကျနော့်မှာ အာဏာရူးရောဂါတိုက်ဖျက်ဖို့ ခွန်အားရတာပါပဲ။ အမေ့ကို လွမ်းကြတဲ့ သားတွေ၊ သားတွေကို အောက်မေ့ သတိရ စိတ်ပူကြတဲ့ မိခင်တွေ၊ ဒီကာလကြီးထဲ တကွဲတပြားဖြစ်ကြရတဲ့ သူတွေ အမြန်ဆုံး အလွမ်းတွေပျောက်လို့ ပြန်ဆုံချိန်ရောက် အိမ်တွေကို ဆိုက်ရောက်ကြပါစေ..။

အာဏာရူးကပ်
ဒီကာလကြီးထဲ….
သားနဲ့ အမေဟာ
တံတားတဖက်စီမှာလိုပဲ
သံယောဇဉ်တံတား ခိုင်မြဲစွာထိုးထားပေတဲ့
ချောင်းခြား၊ မြစ်ခြား
ပင်လယ် သမုဒ္ဒရာတွေ ခြားနေတုန်းပေါ့… အမေ။
အာဏာသိမ်းသတဲ့ အမေ…။

အာဏာစုပ် ဖုတ်ကောင်တွေ
ပလ္လင်လု ကပ်ပါးကောင်တွေ
သွေးဆာနေတဲ့ လူ့အန္တတွေကြား
ရွံစရာ အတိ
သွေးညှီနံ့ပြည့်နေတဲ့
အနိဋ္ဌာရုံတွေထဲ
ကျနော်တို့ နှလုံးသားတွေ
ညှိုးရော် ကွဲကြေရပေါ့… အမေ။

တော်လှန်ရေးတဲ့ … အမေ
မသင်ထား မကျက်ထားရဘဲ
ရုတ်တရက်ကြီး
ဖြေရတဲ့ စာမေးပွဲမို့
အသက်တွေ ဘဝတွေ
မျှော်လင့်ခြင်းတွေ
သုညကြွင်းကြရတယ် အမေ။

တိုက်ပွဲတွေ လာပြန်ပြီတဲ့.. အမေ
ကျနော်တို့ ဘေးကင်းကြဖို့
အပြန်အလှန်ဆုတောင်းပေးရင်း
ကုသိုလ်တွေလည်း ရကြပေါ့။

ကျနော်သိသမျှ တန်ခိုးရှင်တွေလည်း
ကျနော့် တိုင်တည်သံကို နားပူကြပေါ့
ဆုတောင်းရုံပဲ တတ်နိုင်သူတို့အဖို့
မျှော်လင့်ချက်က ကောက်ရိုးတမျှင်ထက်မက
ခိုင်တယ် မဟုတ်လား… အမေ။

ကျနော်တို့ အသက်တွေကို ဖဲ့ထုတ်ပြီး
အာဏာရူး ဇွန်ဘီတွေကို
တိုက်ရချိန်မှာ
စစ်ခရာသံ၊ စစ်ဖိနပ်သံ၊ စစ်သေနတ်သံ
ဗုံးသံ၊ လေယာဉ်သံတွေနဲ့
နားဘဝင် မကြားချင်လည်း
နားထောင်နေရပေါ့ … အမေ။

အာဏာရူးပါးစပ်က
မုသား အနံ့အသက်တွေနံဟောင်လို့
သူတို့ပါးစပ်ထဲက
ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ
အာပုတ်ရည်တွေ ရွှဲရွှဲစိုလို့
နှာခေါင်းရှုံ့စရာ အောဂလီဆန်စရာ မဟုတ်လား အမေ။

စစ်ကြောင်းတွေ လာပြန်ပြီတဲ့ အမေ
ဘေးလွတ်ရာကို
အဝတ်တထည် ကိုယ်တခုနဲ့ ပြေးကြရ
ကျန်ရစ်တဲ့သူ ချန်ခဲ့ရသူတွေကို
သောကပရိဒေဝကြားမှာ
မျက်စိဖွင့် နားစွင့် သတင်းထောက်ရင်း
စိတ်အနာရင်းနေကြရပေါ့… အမေ။

မီးလောင်ပြင်ထဲက အိမ်တိုင်ငုတ်တို
ပြာတောင်ပို့ကိုကြည့်ရင်း
ဟာလာဟင်းလင်း ဗလာကျင်းသွားတဲ့
အိမ်က ဗီရိုတွေကို ကြည့်ရင်း
ကျနော်တို့ရင်ထဲမှာလည်း
မျှော်လင့်ချက်တွေ အငွေ့ပျံသွားပေါ့ … အမေ။

ဪ…
ဒီကာလကြီးထဲ
ကျနော်တို့ အကောင်းဆုံးရှင်သန်နိုင်ဖို့
သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေက လွဲလို့
ဘာတွေကများ အရင်းအနှီးကြီးပါ့မလဲ… အမေ။

လွင့်တေးသီ