ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်းက သမင်ကို သတိပေးတာလား၊ မုဆိုးကို လမ်းပြနေတာလား

July 17, 2026

သမင်တစ်ကောင်ကို မုဆိုးတစ်ယောက်က မြားနဲ့ပစ်ဖမ်းလိုက်တယ်။ ဒီသတင်းဟာ သမင်တွေကြားမှာရော၊ ဟိုးလေးတကျော် ပျံ့နှံ့သွားတယ်။ သတင်းရေးသားသူဟာ ဖြစ်စဉ်ကို ပီပီပြင်ပြင် ဖော်ပြထားတော့ စိတ်ဝင်စားဖို့ကောင်းနေတယ်။ မုဆိုးက ဘယ်နေရာမှာ ပုန်းတယ်၊ ဘယ်လို အသက်ရှူတယ်၊ မြားက ဘယ်လို ထိသွားတယ်ဆိုတာအထိ အသေးစိတ် ဖော်ပြထားတယ်။

အဲဒီသတင်းကို သမင်တွေကလည်း ဖတ်မယ်။ မုဆိုးတွေကလည်း ဖတ်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲ။ ဆက်တွေးကြည့်ရအောင်ပါ။

ကျွန်တော်တို့ ကလေးတုန်းက မှုခင်းစာစောင်တွေ ရောင်းကောင်းခဲ့ကြတယ်။ မုဒိမ်းသတင်းတွေ၊ လူသတ်သတင်းတွေလည်း မကြာမကြာ တွေ့ရတယ်။ စိတ်မကောင်းစရာက အဲဒီအမှုအခင်းတွေဟာ လျော့နည်းသွားတာမျိုး၊ ပပျောက်သွားတာမျိုးမရှိဘဲ ပိုဆိုးလာတယ်လို့တောင် ထင်ရတာပါပဲ။

အသက်အရွယ်အစုံ မုဒိမ်းမှုတွေ၊ ကြမ်းကြုပ်လွန်းတဲ့ လူသတ်မှုတွေ။ ဆို့နင့်ဖွယ်ကောင်းတဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ။

ဒါတွေဘာကြောင့်ဖြစ်လဲ။ အကြောင်းတွေ ရှာကြည့်ရင်တော့ အများကြီးရှိနေမှာပါပဲ။ အစိုးရတွေရဲ့ ကိုင်တွယ်ဖြေရှင်းပုံတွေ အဆီအငေါ်မတည့်တာတွေလည်း ပါပါလိမ့်မယ်။

ကျွန်တော်တွေးကြည့်နေမိတာက မီဒီယာတွေ ဒါမှမဟုတ် ရေးသားဖော်ပြမှုတွေအကြောင်းပါ။ မီဒီယာလို့ ပြောရင် ဆိုရှယ်မီဒီယာတွေလည်း အပါအဝင်ပေါ့။ အဲဒီအပိုင်းကိုပဲ ခွဲထုတ်ပြီး စဉ်းစားကြည့်တာပါ။

သတင်းတွေ ဘာကြောင့်ရေးလဲ၊ ဘယ်လိုရေးလဲဆိုတာအပေါ်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် သိပ်မပြောကြဘူးလို့ ကျွန်တော်ထင်တယ်။

သတင်းတွေကို ဘာကြောင့်ရေးလဲ။ လွယ်လွယ်ဖြေရရင် အများပြည်သူ သိစေချင်လို့၊ သတိပြုစေချင်လို့၊ ဒါတွေ ဖြစ်မှာပါပဲ။ ဘယ်မှာ ဘာဖြစ်နေတယ်ဆိုတာကို ရေးလိုက်တဲ့အခါ တခြားနေရာကလူတွေလည်း သတိပြုမိမယ်။ ကြိုတင်ကာကွယ်တာ၊ ဆင်ခြင်တာတွေ လုပ်နိုင်တယ်။ ဒါက ကောင်းတဲ့သက်ရောက်မှု ပါပဲ။

ဒါပေမဲ့ အရိပ်ကွယ်နေတဲ့ အပိုင်းကိုလည်း ရှာကြည့်ဖို့ လိုမယ်ထင်ပါတယ်။

သမင်တစ်ကောင်ကို မုဆိုးတစ်ယောက်က ဘယ်ပုံဘယ်နည်း မြားနဲ့ပစ်ဖမ်းလိုက်တယ်ဆိုတဲ့သတင်းတစ်ပုဒ်ကိုပဲ နမူနာပြုချင်ပါတယ်။ အဲဒီသတင်းကို အခြားသော သမင်တွေကလည်း ဖတ်မယ်၊ မုဆိုးတွေကလည်း ဖတ်မယ်။

သတင်းကို ဖတ်ရတဲ့အခါ သမင်တွေဟာ သူတို့ရဲ့ဘေးအန္တရာယ်အကြောင်းကို တွေးမယ်။ သတင်းထဲက သမင်ဟာ ဘယ်လိုဘယ်ပုံ ခံလိုက်ရတယ်ဆိုတာကို ဆင်ခြင်မယ်။ ရှောင်ရှားမယ်။

ကျွန်တော်တို့ သတိပြုရမှာက မုဆိုးတွေဟာလည်း သတင်းဖတ်သူတွေဖြစ်တယ်ဆိုတာပါပဲ။ သူတို့တွေအတွက်တော့ သမင်ကို ဖမ်းဆီးနိုင်ခဲ့တဲ့ မုဆိုးကို ချီးမွမ်းခန်းဖွင့်ကြမယ်။ ဘယ်လိုပစ်ဖမ်းရတယ်ဆိုတာကို နည်းယူမယ်၊ တောအုပ်ရဲ့ ဟာကွက်တွေကို လေ့လာမယ်။ ဒါပါပဲ။

ဒီတော့ သတင်းတွေဟာ မုဆိုးတွေအတွက် လမ်းပြတွေဖြစ်နေနိုင်ပါတယ်။ အသေးစိတ်ဖော်ပြလေလေ လေ့လာစရာ ကျမ်းတစ်ဆူလို ဖြစ်လေလေပါပဲ။

အရင်တုန်းကတော့ သတင်းကို သတင်းစာ၊ ဂျာနယ်တွေက ရေးတယ်။ အခုတော့ လူတိုင်း သတင်းရေးနေကြတယ်။ လူတိုင်း အများသိအောင် ဖြန့်နိုင်တဲ့ခေတ်မှာ လူတိုင်း အယ်ဒီတာဖြစ်လာတယ်။ ဒါပေမဲ့ အယ်ဒီတာတစ်ယောက်လို စဉ်းစားရတဲ့ တာဝန်ကိုတော့ မေ့နေကြတယ်။

သတင်းဆိုတာ ဖြစ်ခဲ့တာကို ပြောပြတာပဲ။ ဒါပေမဲ့ ဘယ်လိုပြောမလဲဆိုတာက အရေးကြီးပါတယ်။ လူတစ်ယောက် အသတ်ခံရတယ်ဆိုတာကို ပြောဖို့ လိုတယ်။ ဒါပေမဲ့ သူ့ရုပ်အလောင်းကို အသေးစိတ်ပြဖို့ လိုသလား။ အမျိုးသမီးတစ်ယောက် မုဒိမ်းကျင့်ခံရတယ်ဆိုတာကို လူ့အဖွဲ့အစည်း သိသင့်တယ်။ ဒါပေမဲ့ ဖြစ်စဉ်အသေးစိတ်ကို တစ်ကြောင်းမကျန် ရေးပြဖို့ လိုသလား။

အခုနောက်ပိုင်းတော့ သတင်းဌာနတွေနဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းကြီးတွေဟာ သတင်းအရေးသားတွေကို ကျင့်ဝတ်အရ စိစစ်ကန့်သတ်လာပါတယ်။ အထူးသဖြင့် မုဒိမ်းမှု၊ လူသတ်မှု၊ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု စတာမျိုးတွေ။ အသေးစိတ်ပုံဖော်ပြတာမျိုးတွေကို လက်မခံတော့ပါဘူး။

ဒါပေမဲ့လည်း တချို့တွေကတော့ ကွက်ကွက်ကွင်းကွင်း၊ အတွင်းကျကျ ဖော်ပြနေကြဆဲပါပဲ။ ဒီလိုဖော်ပြနိုင်လေလေ ပို့စ်အောက်မှာ လူတွေ တပြုံတမကြီး ရောက်လာလေလေ၊ လူအများဆီကိုလည်း ပိုပျံ့နှံ့လေလေပါပဲ။ ပလက်ဖောင်းတွေက မကန့်သတ်နိုင်ခင်မှာပဲ အဲဒီသတင်းတွေဟာ လူအချင်းချင်း မျှဝေပြီးသား ဖြစ်နေတတ်ပါတယ်။

သတင်းတွေရဲ့ မူလရည်ရွယ်ချက်ကတော့ လူ့အဖွဲ့အစည်းကို အသိပေးဖို့၊ သတိပြုမိစေဖို့ပါပဲ။ ဒါပေမဲ့ တစ်ခါတလေ အဲဒီရည်ရွယ်ချက်ထက် ပိုသွားတတ်တယ်။

လူတွေဟာ သတင်းတွေဖတ်ရလွန်းပြီး ကြောက်လန့်သွေးပျက်လာကြတယ်။ ဘယ်မှာတော့ဖြင့် မုဒိမ်းမှုဖြစ်တယ်လို့ ရေးလိုက်တာဟာ ခင်ဗျားရှိနေတဲ့နေရာမှာလည်း အဲသလိုမျိုး ဖြစ်နိုင်တယ်လို့ သတိပေးလိုက်တာပါပဲ။ တစ်နည်းအားဖြင့် ခြောက်လှန့်လိုက်တာပါပဲ။

နောက်တစ်ခုတွေးမိတာက သတင်းတွေဟာ ဘာဖြစ်လို့ လူတွေကို စိတ်ချမ်းသာမှု မပေးနိုင်ရတာလဲ။ ဒီကိစ္စကလည်း အရေးကြီးပါတယ်။ တကယ်လို့သာ သမင်တစ်ကောင်ကို မုဆိုးက ဖမ်းတဲ့အကြောင်းမဟုတ်ဘဲ မုဆိုးတစ်ယောက်ကို ကျားဆွဲသွားတယ်ဆိုတဲ့သတင်းမျိုးဆိုပါတော့။

ဒီသတင်းကို သမင်တွေဖတ်ရတဲ့အခါ အထိုက်အလျောက်စိတ်လုံခြုံမှုကို ရစေမှာဖြစ်သလို မုဆိုးတွေအတွက်လည်း တစ်စုံတစ်ရာ တွန့်သွားစေမှာပဲ။

စိတ်မကောင်းစရာကတော့ အဲဒီလိုသတင်းတွေက သိပ်ပြီး ရှိမနေပါဘူး။ တရားခံကို ဘယ်လို ဖမ်းဆီးပြီး ဘယ်လို အရေးယူတယ်၊ ဘယ်လောက် ပြစ်ဒဏ်ချလိုက်ပြီဆိုတဲ့ သတင်းတွေကတော့ ကျူးလွန်တဲ့ သတင်းတွေလောက် မပေါများနေပါဘူး။

ဒါဟာ ရဲစခန်းတွေ၊ တရားရုံးတွေကိုယ်တိုင်ဆီမှာ မရှိတာလည်း ဖြစ်နိုင်သလို သတင်းရေးတဲ့ သတင်းထောက်ဆီ၊ ဆိုရှယ်မီဒီယာအသုံးပြုသူတွေဆီမှာလည်း မရှိတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် လူ့အဖွဲ့အစည်းထဲမှာကိုက ရှိမနေတာလည်း ဖြစ်ပါလိမ့်မယ်။

နိဂုံးချုပ်ရရင်တော့ ကျွန်တော်တို့အနေနဲ့ သတင်းတစ်ပုဒ် ဒါမှမဟုတ် ပို့စ်တစ်ခုတင်တိုင်း ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖို့တော့ လိုမယ်ထင်တယ်။ ဒီအရေးအသားက သမင်ကို သတိပေးနေတာလား၊ ဒါမှမဟုတ် မုဆိုးကို လမ်းပြနေတာလားဆိုတာပါပဲ။

ငြိမ့်လွင့်