ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့ဖငန်းကျွန်းတွင် အလှပြင်ဆိုင်ဖွင့်ထားသော မြန်မာနှစ်ဦးကို ထိုင်းရဲ အသွင်ယူဖမ်းဆီး

July 16, 2026

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် မင်္ဂလာဆောင်များတွင် အလှပြင်ပြီး ကိုယ်ပိုင် အလှပြင်ဆိုင်လည်း ဖွင့်ထားသော မြန်မာနိုင်ငံသားအမျိုးသားနှစ်ဦးကို ရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် ကိုယ်ပိုင်အလှပြင်ဆိုင်ဖွင့်ထားပြီး အလုပ်သမားများ၏ မင်္ဂလာဆောင်များတွင် အလှပြင်နေကြောင်း သတင်းရရှိသဖြင့် ဇူလိုင်လ ၁၄ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ဆံပင်ပြုပြင်ရန် ဆိုင်နှင့် ကြိုတင်ချိန်းဆိုခဲ့ပြီး ဆိုင်သို့ ရောက်လာစဉ် ကိုကောင်းမြတ်နှင့် ကိုအောင်ရဲအမည်ရှိ မြန်မာနိုင်ငံသားနှစ်ဦးသည် အခြားသူတစ်ဦးကို ခေါင်းလျှော်ပေးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ယင်းအချိန် ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးစားစဉ် ကိုအောင်ရဲက အိမ်နောက်မှ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းမိခဲ့ကြောင်း ဖော်ပြသည်။

ဆိုင်ထဲ စစ်ဆေးစဉ် အလှပြုပြင်ရာတွင် အသုံးပြုသော ပန်း၊ မင်္ဂလာဆောင်ဝတ်စုံနှင့် ဆက်စပ်ပစ္စည်းများ၊ မြန်မာနိုင်ငံဘက်မှ တရားမဝင် တင်သွင်းလာသော ပစ္စည်းများနှင့် ငွေသား ဘတ် ခုနစ်သောင်းတို့ကို တွေ့ရသဖြင့် သက်သေအနေဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။

ကိုကောင်းမြတ်၏ ဖုန်းကို စစ်ဆေးရာ ရွှေ့ပြောင်းအလုပ်သမားများ၏ မင်္ဂလာဆောင်တွင် အလှပြုပြင်နေသော ပုံများစွာကို တွေ့ရှိခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံသားနှစ်ဦးကလည်း ကိုယ်ပိုင်အလှပြင်ဆိုင်ဖွင့်ထားသည်ကို ဝန်ခံခဲ့ပြီး ဆံပင်ညှပ်ခ ဘတ် ၂၀၀၊ ဆံပင်ဖြောင့်ခ ဘတ် ၆၀၀ ၊ ခေါင်းလျှော်ခ ဘတ် ၁၀၀ ယူပြီး အလုပ်သမားများ မင်္ဂလာဆောင်တွင် အလှပြုပြင်ပါက ဘတ် နှစ်သောင်းအထိ ရရှိနေကြောင်း ဆိုသည်။

၎င်းတို့နှစ်ဦး၏ ဝင်ငွေသည် ရာသီ အပေါ်မူတည်၍ တစ်လလျှင် ဘတ် ငါးသောင်းမှ တစ်သိန်းအထိ ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ စီးပွားရေးလုပ်ကိုင်မှု၊ ထိုင်းနိုင်ငံထဲ မှောင်ခိုတင်သွင်းလာသော ပစ္စည်းများ လက်ဝယ်ပိုင်ဆိုင်မှု စသော အမှုသုံးမှုဖြင့် မြန်မာနိုင်ငံသားနှစ်ဦးကို အမှုဖွင့်ထားပြီး ကော့ဖငန်းရဲစခန်းသို့ ပို့ဆောင်ထားသည်။

Ref: Khaosod, Naewna, Koh Samui News