Life of Pi (2012) ရဲ့ ဇာတ်ဝင်ခန်းတစ်ခုထဲကလို “ဘဝဆိုတာနောက်ဆုံးမှာ ခွဲခွာကြရမယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမဲ့ ကျနော်အနာကျင်ရဆုံးက ဘယ်သူ့ကိုမှ နှုတ်ဆက်ပါတယ်လို့ မပြောခဲ့ရတာပဲ။ အဖေသင်ကြားပေးခဲ့ရတာတွေအတွက် ကျေးဇူးတင်စကားလေးတောင် မပြောခဲ့ရဘူး။ အဖေ့ကိုပြောချင်တာက အဖေသာ သင်ခန်းစာမပေးခဲ့ဘူးဆိုရင် ကျနော် အသက်ရှင်ခဲ့မှာ မဟုတ်ဘူးဆိုတာပဲ” တဲ့။
အဖေဒီလောကကြီးထဲကထွက်သွားတော့ ကိုယ်စတိတ်ကျောင်းသားဘဝရဲ့ နောက်ဆုံးနေ့ရက်တွေ မှာပါ။ ဒါပေမဲ့ ဘာထူးဆန်းလဲ။ သေဆုံးသွားတဲ့ လူတစ်ယောက်ကို ဘယ်သူတွေကများ နှုတ်ဆက်ချိန် ရခဲ့ကြလို့လဲ။ အဲဒီတုန်းကတော့ တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပါတယ်လို့တောင် အသိမပေးလိုက်ရဘဲ ခွဲခွာလိုက်ရတဲ့ ဒဏ်ရာတွေဟာ နာကျင်စရာကောင်းလှပါတယ်လို့ တွေးခဲ့ဖူးတာပေါ့။
အခုကျတော့မှ နှုတ်ဆက်ချိန်မရလိုက်တာထက် နှုတ်ဆက်စကားမရှိတာက ပိုပြီးထိတ်လန့် နာကျင်စရာကောင်းတယ်ဆိုတာကို နားလည်လာမိတယ်။ တစ်ခါတလေ လူတချို့ဟာ နှုတ်ဆက်စကားတောင် မလိုဘဲ တဖြည်းဖြည်းချင်း ဝေးကွာသွားကြတာမျိုး။ မက်ဆေ့ချ်တွေ သိပ်မပို့ဖြစ်တော့ဘူး။ ဖုန်းခေါ်တာတွေ ရှားလာတယ်။ သတိရတာတွေလည်း နည်းလာတယ်။ နေ့စဉ်ဘဝရဲ့ အသံတိတ်မှုတွေကြားမှာပဲ တဖြည်းဖြည်းချင်း ပျောက်ဆုံးသွားကြတာ။
ဘဝဆိုတာ အမြဲတမ်း အချိန်ရှိနေသေးတယ်လို့ ကျနော်တို့က ထင်တတ်ကြတယ်။ နောက်တစ်ခေါက် ဖုန်းခေါ်လို့ရသေးတယ်။ နောက်တစ်ခါ ထပ်တွေ့လို့ရသေးတယ်။ နောက်တစ်နေ့မှာ ပြန်ရယ်မောလို့ရသေးတယ်။ ဒါပေမဲ့ တချို့အရာတွေဟာ ကျနော်တို့ထင်သလို ပြန်မရနိုင်တော့ဘူး။ တံခါးတစ်ချပ် ပိတ်သွားသလိုမျိုး ပြန်ဖွင့်လိုက်ရုံနဲ့ အရာအားလုံးကနေရာတကျ ဆက်ရှိနေလိမ့်ဦးမှာ မဟုတ်ဘူးဆိုတာပဲ။
တချို့အရာတွေဟာ ညနေခင်းတစ်ခုရဲ့ အလင်းရောင်လိုမျိုး ကြည့်နေတုန်းမှာ တဖြည်းဖြည်းချင်း မှိန်ဖျော့သွားတာ။ ဘယ်အချိန်မှာ မှောင်လို့မှောင်သွားမှန်းတောင် သတိမထားမိလိုက်ဘူး။
သေဆုံးခြင်းမှာက နောက်ဆုံးစာမျက်နှာရှိတယ်။ ဒါပေမဲ့ ဒီလိုဝေးကွာခြင်းမှာကတော့ မရှိဘူး။ ဇာတ်လမ်းက ဘယ်အခန်းမှာ ပြီးသွားမှန်းမသိဘူး။ ဘယ်စာကြောင်းက နောက်ဆုံးစာကြောင်းလဲ မသိဘူး။ ဘယ်ဖုန်းခေါ်ဆိုမှုက နောက်ဆုံးလဲ မသိဘူး။ ဘယ်တွေ့ဆုံမှုက နောက်ဆုံးလဲ မသိဘူး။
ကျနော်တို့ဟာ အဆုံးကို ဖြတ်သန်းပြီးသွားကာမှ အဲဒါဟာ အဆုံးဖြစ်ခဲ့မှန်း သိကြရတာ။
တစ်ခါတလေ ညဘက်တွေမှာ မက်ဆေ့ချ် အဟောင်းတွေ ပြန်ဖတ်မိတယ်။ အဲဒီထဲမှာ လူနှစ်ယောက် ရှိနေသေးတယ်။ အနာဂတ်ကို ယုံကြည်နေတဲ့ လူနှစ်ယောက်။ မပျောက်ဆုံးနိုင်ဘူးလို့ ထင်နေတဲ့လူနှစ်ယောက်။ တစ်ယောက်မရှိရင် တစ်ယောက် မပြည့်စုံဘူးလို့ ယုံကြည်ခဲ့တဲ့ လူနှစ်ယောက်။ ဒါပေမဲ့ အခုတော့ အဲဒီလူတွေဟာ မရှိတော့ဘူး။ ကျနော်တို့ မပြောင်းလဲချင်ခဲ့ပေမဲ့ ပြောင်းလဲသွားကြတယ်။ မေ့မသွားချင်ခဲ့ပေမဲ့ မေ့သွားကြတယ်။ လက်မလွှတ်ချင်ခဲ့ပေမဲ့ လက်လွှတ်လျက်မိသား ဖြစ်သွားကြတယ်။
နောက်ဆုံးမှာ ကျနော်တို့ဟာ အသက်ရှင်နေကြဆဲဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက်ရဲ့ အတိတ်တွေထဲက လူတွေဖြစ်သွားကြတယ်။ ကျနော်တို့နှစ်ယောက်စလုံး တစ်မြို့တည်း၊ တစ်ရွာတည်း၊ တစ်နေရာတည်းမှာ၊ တစ်မိုးအောက်တည်းအောက်မှာ အသက်ရှင်နေနိုင်သေးတယ်။ အဲဒီညကောင်းကင်က တူညီတဲ့ လကို၊ ကြယ်တွေကို ကြည့်နေနိုင်သေးတယ်။ ဒါပေမဲ့ တစ်ယောက်ရဲ့ ဘဝထဲကိုတော့ နောက်တစ်ယောက်က ဘယ်တော့မှ ပြန်မရောက်နိုင်ကြတော့ဘူးဆိုတာပဲ။
အဲဒီအခါကျမှ ကျနော် သဘောပေါက်လာတယ်။ လူတွေဟာ အမြဲတမ်း နှုတ်ဆက်ထွက်ခွာသွားကြတာ ချည်းပဲတော့ မဟုတ်ဘူး။ တစ်ခါတလေ သူတို့ဟာ အရင်နေရာမှာပဲ ရှိနေသေးတယ်။ ဒါပေမဲ့ ကျနော်တို့ဘယ်တော့မှ မရောက်နိုင်တော့မယ့် အကွာအဝေးတစ်ခုမှာ ရပ်နေကြတာမျိုး။
တစ်ယောက်နဲ့တစ်ယောက်ရဲ့ လက်ရှိဘဝထဲမှာ မရှိတော့ဘဲ “အတိတ်” ဆိုတဲ့ အခန်းကျဉ်းလေးထဲမှာပဲ ရေခဲရိုက်ခံထားရတဲ့ သူစိမ်းတွေဖြစ်သွားကြတယ်။ ဒါဟာ သွေးထွက်သံယိုမရှိတဲ့ ဓားချက်ပဲ။ ဒီလို အဆုံးသတ်မှုတွေက လောကမှာ အဝမ်းနည်းရဆုံး ကိစ္စပဲလို့ ကျနော်တွေးနေမိတယ်။
Before Trilogy ရဲ့ Before Sunrise (1995) ဆိုတဲ့ Romance ရုပ်ရှင်ထဲက “အားလုံးဟာ ယာယီပါပဲ၊ ငါတို့ဟာ တစ်ယောက်နဲ့ တစ်ယောက်ရဲ့အချိန်ကာလထဲ ဖြတ်သန်းသွားလာတဲ့ ခရီးသည်တွေလောက်ပါ” ဆိုတဲ့ ဒိုင်ယာလော့ဂ် အတိုင်းပေါ့။
ဒီလိုမျိုးကိုယ်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ခဏလောက်တော့ ခိုလှုံခွင့်ပေးမယ့် ရထားဘူတာတစ်ခုလို ဖြစ်နေကြတာ။ မင်းဟာကိုယ့်ဆီဆိုက်ရောက်လာပြီး ခဏတဖြုတ်ခိုဝင် အနားယူသွားမယ်။
ပြီးတော့ ကိုယ်စီကိုယ်စီရဲ့ အမည်မသိ ခရီးစဉ်တွေဆီ ပြန်ထွက်သွားကြမယ်။ ကိုယ်တို့ရဲ့ ဘဝတွေလည်း ဒီလိုပဲ မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက်ဟာ နောက်ဆုံးပန်းတိုင်မဟုတ်ဘဲ ဖြတ်သန်းရာ ဘူတာလေးတွေဖြစ်နေခဲ့ကြတာ။
မင်းဟာ ကိုယ့်ရဲ့ နောက်ဆုံးပန်းတိုင် မဟုတ်ခဲ့သလို ကိုယ်ဟာလည်း မင်းရဲ့ နောက်ဆုံးဆိပ်ကမ်း ဖြစ်မလာခဲ့ဘူး။ ကိုယ်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ထာဝရအပိုင်ရဖို့ ကြိုးစားခဲ့ကြတာမဟုတ်ဘဲ အချိန်ကာလရဲ့ အကွေ့အကောက်တစ်ခုမှာ ခဏလောက် အတူထိုင်ပြီး လေညှင်းခံခဲ့ကြဖူးတဲ့ ခရီးဖော်တွေသာ ဖြစ်သွားကြတယ်။
ဒီလိုနဲ့ပဲ ကိုယ်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာလို့ ဝေးကွာသွားမှန်းတောင် မသိလိုက်ဘဲ စိမ်းသက်သွားခဲ့ကြတာ။ အဲဒါဟာ ဆောင်းဦးပေါက်မှာ သစ်ရွက်လေးတစ်ရွက် ကြွေကျသွားသလိုမျိုးပဲ။
အသံမထွက်ဘူး၊ မြေကြီးပေါ်ကို သိမ်သိမ်မွေ့မွေ့လေးပဲ သက်ဆင်းသွားတာ။ ကိုယ်တို့နှစ်ဦးကြားမှာလည်း ဘာရန်ပွဲမှ မရှိခဲ့ဘူး၊ ဘာအမုန်းတရားမှ မရှိခဲ့ဘူး၊ ဘာအတ္တမှ မပါခဲ့ဘူး။ ကမ္ဘာဦးကတည်းက သတ်မှတ်ထားတဲ့ စကြဝဠာရဲ့ နိယာမတစ်ခုလိုပဲ။ မင်းရဲ့လမ်းကြောင်းက ညာဘက်ကို ကွေ့သွားချိန်မှာ ကိုယ့်ရဲ့ရထားတွဲက ဘယ်ဘက်ကို တဖြည်းဖြည်းချင်း ခွဲထွက်သွားခဲ့တာမျိုးပေါ့။
မင်းရဲ့ကော်ဖီခွက်က အငွေ့ပျံထွက်လာတဲ့ အခိုးအငွေ့တွေထဲမှာ ကိုယ့်အရိပ်အငွေ့တွေ မပါတော့တာ ဘယ်လောက်ကြာပြီလဲ။ မင်းရဲ့ညဉ့်နက်နက်သီချင်းတွေထဲမှာ ကိုယ့်ရဲ့ရုပ်လွှာပျောက်ဆုံးသွားတာ ဘယ်နှစ်လရှိခဲ့ပြီလဲ။ တစ်ခါတလေကျရင် အခုလိုမျိုးခါးသက်လှတဲ့ အဆိုးမြင်မှုတွေအားလုံးဟာ ဒီလို သိမ်မွေ့လွန်းတဲ့ ဝေးကွာခြင်းတွေဆီရောက်အောင် ကိုယ့်အပေါ် လောင်းချပေးလိုက်တာလို့ တွေးမိတယ်။
ဘဝဟာ ခက်ခဲတဲ့စွန့်စားမှုတွေနဲ့ပဲ အသက်ဆက်ရတာ ကိုယ်သိပါတယ်။ အချိန်ကာလဟာ လူတွေကို ကမ္ဘာ့တစ်ဖက်ခြမ်းဆီ ဖျောက်ပစ်မယ်။ ပြီးရင် အမှတ်တရဟောင်းတစ်ခုပေါ်မှာ နောက်ထပ် အမှတ်တရအသစ်တစ်ခုနဲ့ ထပ်ပြီး ဖုံးအုပ်ပစ်လိုက်မယ်။ ဒီလိုနဲ့ပဲ လူတွေဟာ ပျောက်ဆုံးသွားကြလိမ့်မယ်။ ကိုယ်တို့ရဲ့ဖြစ်တည်မှုဟာလည်း စက္ကူအဟောင်းတစ်ရွက်လို တစ်စတစ်စနဲ့မှိန်ဖျော့လာပြီး ပျောက်ကွယ်သွားကြလိမ့်မယ်။
တကယ်တော့ကွာ အချိန်ကာလဟာ ကိုယ်တို့ဆီ ပျော်ရွှင်မှုဖုံးထားတဲ့စနက်တံတပ်ဆင်ထားတဲ့ အချိန်ကိုက်ဗုံးတွေ ပို့ပေးထားရုံသက်သက်ပါ။ အဲဒီစနက်တံကုန်သွားတာနဲ့ အားလုံးဟာ ပေါက်ကွဲပျက်စီးသွားတော့တာပဲ။ ကိုယ်တို့ဟာ အဲဒီစနက်တံလေးမပေါက်ကွဲခင်မှာ ရထားပြတင်းပေါက်ကနေ လေတိုးလို့ဆံပင်တွေရှုပ်ပွနေတဲ့ ကာလလေးမှာပဲ ပျော်ရွှင်ကြရတယ် မဟုတ်လား။ ပြီးတော့ အဲဒီကာလလေးကိုပဲ အသက်နဲ့ရင်းပြီး ကိုယ်တို့နှစ်ယောက်စလုံး လုယူဖို့ကြိုးစားခဲ့ကြဖူးတယ်လေ။
နောက်ဆုံးတော့ ကိုယ်တို့ဟာ လူအုပ်ကြီးထဲမှာ ပြန်ပြီးအထီးကျန်နေရဦးမှာ အသေအချာပဲ။ မီးရောင်တွေ လင်းထိန်နေလို့သာ အမှောင်ထုက ပိုပြီး အားကောင်းလာတာ ဆိုသလိုမျိုးပေါ့။
ပြီးတော့ Eternal Sunshine of the Spotless Mind (2004) ရုပ်ရှင်ထဲက “ကိုယ့်ကို ဒီအမှတ်တရလေးထဲမှာပဲ ခဏလောက် ချန်ထားပေးပါဦး” ဆိုတဲ့ ဒိုင်ယာလော့ဂ်လေးအတိုင်း မင်းကိုတောင်းဆိုကြည့်ချင်တယ်။ ဒါပေမယ့် ရင်နာစရာကောင်းတာက အချိန်ကာလဟာ ကိုယ်တို့ကို အမှတ်တရတွေထဲမှာ အကြာကြီး နေခွင့်မပေးဘူးဆိုတာပဲ။
ဒီအချိန်ကာလဆိုတာကြီးဟာ မင်းအတွက်ရော ကိုယ့်အတွက်ပါ နှစ်ယောက်စလုံးအတွက် အစားထိုးမယ့်သူကို ကြိုရှာပေးထားလိမ့်မယ်။ ပြီးတော့ ကိုယ်တို့ရဲ့ ကိုယ်ပိုင်တန်ဖိုးစံနှုန်းတွေကို သေးသိမ်သွားအောင် လုပ်ပစ်မယ်၊ အစားထိုးပစ်မယ်။ ပြီးရင် ကိုယ်တို့ယုံကြည်သမျှကိုလည်း တဖြည်းဖြည်းချင်း တိုက်စားသွားလိမ့်မယ်။ နောက်ဆုံးမှာ ကိုယ်တို့ရရှိမှာက ဘယ်သူမှနားလည်မှာမဟုတ်တဲ့ လစ်ဟာမှုနဲ့ ဆုံးရှုံးရခြင်းပဲ။ ဒါကို ကံစီမံရာလို့ မင်းကခေါင်းစဉ်တပ်ချင်သပဆိုလည်း တပ်ပေါ့။
အရင်ကတော့ ကိုယ့်မှာရှိတာက တစ်ဖက်လူအပေါ် လုံးဝပုံအောထားတဲ့ ယုံကြည်မှုနဲ့ ရူးသွပ်မှုတွေ၊ ပြီးတော့ မီးရထားပြတင်းပေါက်ကနေ မျှော်လင့်ချက်တွေကို ငေးမောတတ်ခြင်းတွေ။ အခုတော့ ကိုယ်ဖြတ်သန်းလာခဲ့ရသမျှ မိုင်တိုင်တွေအပေါ် သံသယတွေ၊ လမ်းခွဲရမှာကို ကြိုတွေးပြီး အလိုက်သင့်နေထိုင်ခြင်းတွေ။ ပြီးတော့ ထာဝရဆိုတဲ့ စကားလုံးအပေါ် ရယ်သွမ်းသွေးလိုမှုတွေ။
နောက်တော့ ခရီးစဉ်တစ်ခုရဲ့ ကြားညှပ်ကမ္ဘာထဲမှာ နှစ်ကာလတစ်ခုကြာ ရှင်သန်ခြင်း၊ အချိန်ရဲ့ လှည့်ဖျားမှုထဲ အကြိမ်ကြိမ်ကျဆင်းရင်း၊ ဒီလူအုပ်ကြီးထဲမှာပဲ သူစိမ်းတစ်ယောက်လို သံသယကြီးကြီးနဲ့ ရှင်သန်ရင်း၊ တံတွေးခွက်ထဲက လှိုင်းတံပိုးတွေကို နားစွင့်ရင်း၊ နောက်တော့ အဲဒီလူကို ပြန်လည်စွန့်ခွာရင်းပေါ့။ သိပ်လွယ်တာပဲနော်။
အဲဒီမတိုင်ခင်တော့ ကိုယ့်ရဲ့စိတ်တွေဟာ ဘယ်ကိုပဲ လမ်းကြောင်းလွှဲပြီးမောင်းမောင်း အချိန်တန်ရင် မင်းရှိတဲ့ ပင်လယ်ကမ်းခြေက ဆိပ်ကမ်းဟောင်းတစ်ခုဆီကိုပဲ ရောက်သွားသလို၊ အဲဒီ ဆိပ်ကမ်းဆီမှာပဲ ကိုယ့်ရဲ့ မျှော်လင့်ချက်တွေက ကမ္ဘာကုန်တဲ့အထိ ထာဝရ ကျောက်ချ ရပ်နားထားတော့မလို။ မင်းကို စောင့်ဆိုင်းရတဲ့စိတ်နဲ့ပဲ ဒီကျောက်ဆောင်တွေလို အထီးကျန်ဆန်ဆန် ကိုယ်သက်တမ်းရင့် လိုက်ပါ့မယ်လို့ တွေးလို့ပေါ့။
မင်းအဖို့မှာတော့ ကိုယ့်ရဲ့ဘယ်အမှတ်တရကမှ မင်းရဲ့ပုံမှန်ရှင်သန်ခြင်းတွေထဲမှာ နေရာတစ်သက်စာ မရှိတော့တာကိုလည်း ကိုယ်သိပါရဲ့။ အခုတော့ ကိုယ်တို့နှစ်ယောက်စလုံးက ပင်လယ်ရေစီးကြောင်းအတိုင်း မျောပါသွားတဲ့ အပိုင်းအစတွေ ဖြစ်ခဲ့ကြရပြီ။
ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် ကိုယ့်ရဲ့ဝိဉာဉ်အပိုင်းအစ တစ်ခုကိုတော့ မင်းရဲ့အတိတ်ကမ္ဘာထဲမှာ ထာဝရ မြှုပ်နှံခဲ့ပါတယ်။ ကျောက်ရုပ်တစ်ရုပ်အဖြစ်နဲ့သာ ဒီ,ဒီရေတောထဲ ကျန်ရစ်ခဲ့ပေတော့ ကိုယ့်ရဲ့ ဒဏ်ရာဟောင်းရေ။ ရွေ့လျားလို့လည်းမရ၊ လေထဲ ပျောက်ကွယ်သွားဖို့ကလည်းမလွယ်၊ သမုဒ္ဒရာရဲ့ အောက်ခြေထဲ အလွမ်းတွေ ကုပ်တွယ်ထားလို့ ဒီရေလှိုင်းတွေကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားအမြစ်တွယ် ရတော့မှာပေါ့။ အဲဒီလိုပဲ နေရစ်ခဲ့ပေါ့ ကိုယ့်ရဲ့ အသက်ရှူသံလေးရေ။
နောက်ဆုံးမှာ ကိုယ်တို့ဟာ တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းရင်း လောကလမ်းတွေပေါ်က ကိုယ်စီကိုယ်စီရဲ့ အမည်မသိခရီးစဉ်တွေဆီ ပြန်ထွက်သွားကြမယ်။ ကိုယ်တို့ဟာ ကံကြမ္မာနဲ့တင်မကဘဲ နောက်ဆုံးအကြိမ် ဆုံတွေ့ခြင်းနဲ့ပါ လွဲချော်ခဲ့ကြတယ်။ ဒါပေမဲ့ မင်းကောကိုယ်ပါ ပြန်တွေးမိတော့မှာမဟုတ်တဲ့ ကတိစကားတစ်ခုကတော့ ဒီပင်လယ်ပြင်ကြီးထဲမှာ ရှိနေလိမ့်မယ်။ ဆက်လည်း ရှိနေလိမ့်ဦးမယ်။ အဲဒါဟာ နေ့ရက်များစွာထဲက နောက်ထပ်တစ်ရက်၊ ကိုယ်တို့ ထာဝရ နစ်မြုပ်သွားတော့မယ့် ခပ်နွမ်းနွမ်းနေ့ရက်တွေထဲက တစ်ရက်။
ကိုယ်တို့ရဲ့ အပြာရောင်နေ့ရက်ကလေး တစ်ရက်ပေါ့။
ယောနသံ
၁၇ ဇွန်၊ ၂၀၂၆







