ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာရဲ့ သက်သေ

August 4, 2026

ကျွန်မတို့Grade-10ကျောင်းသားတွေရဲ့ အရွယ်ဟာ စာသင်ခန်းထဲမှာ သူငယ်ချင်းတွေနဲ့အတူ ရယ်မောနေရမယ့်အရွယ်၊ ဆရာမရဲ့သင်ပုန်းပေါ်က စာ၊ကဗျာတွေကိုလိုက်ဆိုနေရမယ့်အရွယ်၊ အနာဂတ်အိမ်မက်တွေကို စာရွက်ဖြူဖြူလေးတွေမှာ ပုံဖော်ရမယ့်အရွယ်ပါ။

နံနက်ခင်းတစ်ခုရဲ့ လန်းဆန်းတဲ့လေပြည်လေညင်းတွေ တိုက်ခတ်လာတိုင်း လမ်းမထက်မှာ အိမ်ထဲကနေ ကြည့်လိုက်ချိန် အဖြူအစိမ်းယူနီဖောင်းလေးတွေ ဝတ်ဆင်ပြီး ရယ်မောပျော်ရွှင်စွာ ကျောင်းတက်နေကြတဲ့ ကလေးငယ်တွေ၊ သူငယ်ချင်းတွေကို လှမ်းမြင်ရတိုင်း ရင်ထဲမှာ ဆို့နင့်တက်လာတဲ့ ခံစားချက်တစ်ခုက အမြဲတမ်း နေရာယူထားတတ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိဖြစ်ပျက်မှုမှာ စစ်မီးလျှံတွေ၊ နိုင်ငံရေးမုန်တိုင်းတွေကြားမှာ ကျွန်မတို့ရဲ့ အဖိုးတန်ကျောင်းသားဘဝက လွင့်စင်သွားခဲ့ရပါပြီ။”အဖြူအစိမ်းဝတ်ခွင့်တိမ်းပြီး၊စာအုပ်စာပေလက်ကဝေးလို့ စစ်မီးလျှံကြား တို့ဘဝများ” ဆိုသလိုပဲ ‘ကျောင်းသား’ ဆိုတဲ့ နာမည်သာရှိပြီး အဖြူနဲ့အစိမ်း ဝတ်စုံလေးကို ဂုဏ်ယူစွာ ဝတ်ခွင့်မရတော့ဘူး။ စာသင်ခန်းရဲ့ ခေါင်းလောင်းသံအစား၊ သေနတ်သံတွေ၊ ဗုံးသံတွေကို ရင်တထိတ်ထိတ်နဲ့ နားစွင့်နေရတဲ့ ဘဝက တကယ့်ကိုခါးသီးလှပါတယ်။

အခုဆိုရင် ကျောင်းတော်ကြီးဆီ ခြေချခွင့်မရတော့ဘဲ အိမ်ခန်းကျဉ်းကျဉ်းလေးထဲမှာ ဖုန်းတစ်လုံး၊ ကွန်ပျူတာတစ်လုံးနဲ့ လိုင်းပေါ်ကနေပဲ ကျောင်းတက်နေရတဲ့ ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ရပြီ။

ဖန်သားပြင်လေးကိုကြည့်ပြီး စာသင်နေရတဲ့ ခံစားချက်က ဘာမှမတူအောင် အထီးကျန်လွန်းလှပါတယ်။ ငယ်ငယ်တုန်းကတော့ ကျောင်းကိုမသွားရဘဲ အိမ်ကနေပြီး စာသင်ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲလို့ တွေးဖူးပါတယ်။ အခုဆိုရင် ကံကြမ္မာက အဲဒီအတွေးလေးကို ဖြည့်ဆည်းပေးသွားခဲ့ပြီပေါ့။ ‘လူ့အလို နတ်မလိုက်နိုင်’ ဆိုသလိုပါပဲ၊ ဖြစ်ချင်တာကို ဖြည့်ဆည်းပေးပြန်တော့လည်း မလိုချင်ဖြစ်နေပြန်ပါပြီ၊ အခုတော့။

သူငယ်ချင်းတွေနဲ့ ဆုံဆည်းခွင့်မရှိ၊ စာသင်ခုံတန်းတွေရဲ့ နွေးထွေးမှုကို မခံစားရဘဲ ဖန်သားပြင်တစ်ခုရဲ့ နောက်ကွယ်မှာပဲ အွန်လိုင်းကနေတဆင့် ပညာရှာနေရတာက ကျောင်းသားဘဝရဲ့ အရသာကို အဝေးကနေ လှမ်းကြည့်နေရသလိုပါပဲ။ လိုင်းမကောင်းလို့ စာမလိုက်နိုင်တဲ့အခါ၊ မီးခဏခဏပျက်လို့ သင်ခန်းစာတွေ လွတ်သွားတဲ့အခါမျိုးမှာ ရင်ထဲမှာ ဖြစ်ပေါ်လာတဲ့ သောကနဲ့ စိတ်ပျက်အားငယ်မှုတွေက အတိုင်းအဆမရှိပါဘူး။

ပညာရေးကိုတော့ ဆက်လက်ဆုပ်ကိုင်ထားချင်လို့ အွန်လိုင်းကနေ ရုန်းကန်သင်ယူနေရပေမယ့်၊ စာသင်ခန်းရဲ့ ပျော်ရွှင်စရာ အငွေ့အသက်တွေ ဆုံးရှုံးသွားရတဲ့အတွက် ကျောင်းသားဘဝ အပြည့်အဝမရတဲ့ ဝမ်းနည်းမှုကတော့ ရင်ထဲမှာ အမြဲတမ်း ပြည့်နှက်နေပါတယ်။

စစ်ပွဲတွေရဲ့ ရိုက်ခတ်မှုကြောင့် ဒီလိုမျိုး အွန်လိုင်းကနေ ခက်ခက်ခဲခဲပညာရှာနေရတဲ့အခါ၊ ဒါမှမဟုတ် စစ်ဘေးရှောင်ရင်း မိသားစုဝမ်းရေးအတွက် တစ်ဖက်တစ်လမ်းက ရုန်းကန်နေရတဲ့အချိန်တိုင်း စိတ်ထဲမှာ မေးခွန်းပေါင်းများစွာက မိုးခြိမ်းသံလို မြည်ဟည်းနေတတ်ပါတယ်။

‘ငါ အခုလုပ်နေတာ မှန်ရဲ့လား’၊ ‘ငါ့အနာဂတ်ကရော ဘယ်လိုဖြစ်သွားမလဲ’ ဆိုတဲ့ အတွေးပေါင်းများစွာနဲ့ နေ့စဉ်နဲ့အမျှ တွေဝေမှုတွေ အားငယ်မှုတွေက အိမ်မက်ဆိုးလို ကြောက်လန့်နေပါတယ်။

ဒီကြားထဲမှာ ခေတ်ကြီးရဲ့ မတရားမှုကို မျက်ကွယ်ပြုပြီး၊ မသမာတဲ့ဘက်၊ အာဏာရှင်တွေက ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ ဘာမှမဖြစ်ခဲ့သလိုမျိုး ကျောင်းတက်နေကြတဲ့ ကျောင်းသားတချို့ကို မြင်ရတဲ့အခါ စိတ်မကောင်းဖြစ်ရပါတယ်။

သူတစ်ပါးရဲ့ သွေးနဲ့ မျက်ရည်တွေ၊ သူငယ်ချင်းအချင်းချင်းရဲ့ ဘဝတွေ ပျက်စီးဆုံးရှုံးနေရတာကို လျစ်လျူရှုပြီး ကိုယ်တစ်ယောက်တည်း အဆင်ပြေရင်၊ ပြီးရင် ပြီးရောဆိုတဲ့ စိတ်နဲ့ မသမာတဲ့လမ်းကို ရွေးချယ်သွားကြသူတွေကို ကြည့်ပြီး အလွန်စက်ဆုပ်မိပါတယ်။

လူငယ်ချင်းတူပေမယ့် လမ်းစဉ်ချင်းကွဲပြားသွားကြပြီး၊ တစ်ဖက်က မတရားမှုကို ဆန့်ကျင်လို့ ဒုက္ခခံနေရချိန်မှာ၊ အခြားတစ်ဖက်ကတော့ မသမာတဲ့အရိပ်အောက်မှာ သာယာမှုကို ရှာဖွေနေကြတာဟာ တကယ်ကို ရင်နာစရာကောင်းတဲ့ ပကတိ အရှိတရားပဲ ဖြစ်ပါတယ်။

“အစရှိပြီး အဆုံးမမြင်၊ အလင်းပျောက်လို့ အမှောင်ဆင်” ဆိုသလိုပါပဲ။ နောင်တစ်ချိန်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘဲ စာအုပ်ကိုင်ရမယ့် မရေရာမှုတွေ၊ ရုန်းကန်နေရမှုတွေကိုပဲ မြင်တွေ့နေရတာက ယနေ့ခေတ် လူငယ်တွေရဲ့ အနာဂတ်ဖြစ်ပါတယ်။ ဒါပေမဲ့ တရားမျှတမှုဖက်ကို ရွေးချယ်ခဲ့ကြတဲ့ ကျွန်မတို့အတွက် အဆုံးမှာတော့ တောက်ပတဲ့ အလင်းတန်းတစ်ခု ရှိနေမယ်လို့ ယုံကြည်နေပါတယ်။

ကျွန်မတို့က ခေတ်ဆိုးကြီးထဲကို ရောက်လာခဲ့ရပေမယ့် မတရားတဲ့ဘက်မှာ မရပ်တည်ဘဲ လိပ်ပြာသန့်သန့်နဲ့ လမ်းမှန်ကို ရွေးချယ်ခဲ့ကြတဲ့အတွက် ဂုဏ်ယူရမှာက အမှန်တရားတစ်ခု ဖြစ်ပါတယ်။

စာသင်ခန်းထဲ စာမသင်ရပေမယ့်၊ လောကဓံကပေးတဲ့ သင်ခန်းစာတွေ၊ လူတွေအကြောင်း ငွေရှိမှ ဂုဏ်ရှိမှ ပညာတတ်မှဆိုတဲ့ ခေါင်းစဉ်အောက်က ဘဝပေးသင်ခန်းစာတွေကို အများကြီး သင်ယူနေရပါတယ်။

လူငယ်တွေရဲ့ သွေး၊ မျက်ရည်နဲ့ စာနာမှုတွေနဲ့ ရေးခဲ့တဲ့ ဒီသမိုင်း စာမျက်နှာက နောင်တစ်ချိန်မှာတော့ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာရဲ့ သက်သေတစ်ခုအဖြစ် ကျန်ရစ်နေမယ်လို့ ယုံကြည်ပါတယ်။

အားတင်းလျက်ဖြင့်

Aurora