အိမ်နောက်ဘက် ကွမ်းပင်ရိပ်ဆီမှ ချိုးငှက်ကူသံလေးက လွမ်းလွမ်းချွဲချွဲ ပေါ်လာသည်။
“တကူး ကူး……ကူး….”
ချိုးကူသံငှက်ကလေး ကြားရတော့ မွေးရပ်မြေ မိသားစုဆီ ကျွန်မစိတ်ကလေး ခဏရောက်သွားရာ ဪ…..တို့ဒေသက ကိုင်းကျွန်းမြေ၊…..ဒီဒေသကဥယျာဉ်ခြံမြေအလုပ်အကိုင်။ ဘဝရပ်တည်မှုက အတော်လေး ကွာခြားနေကြောင်း သတိပြုမိလေ၏။
ဒီဒေသမှာ ကွမ်းသီးကောက်ခဲ့ရသောနေ့များ၊ မုန့်လုပ်ရောင်းခဲ့ရသောနေ့များ၊ အပ်ချုပ်စက်သံကြားခဲ့ရသောနေ့များသည် ကျွန်မတို့မိသားစုအတွက် ဘဝနေထိုင်မှုသင်ခန်းစာကို သင်ကြားပေးခဲ့သော နေ့ရက်များဖြစ်ခဲ့လေသည်။
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်က မြန်မာနိုင်ငံနေရာအနှံ့အပြား ဝင်ရောက်လာခဲ့စဉ် တစ်နိုင်ငံလုံးရှိ ကျောင်းများပိတ်၊ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှုအများအပြား ပြည်သူများ ကြုံတွေ့ခဲ့ကြရသည်။ တစ်ဆက်တည်းမှာပင် ၂၀၂၁ ခုနှစ် အစောပိုင်း၌ စစ်တပ်က အနိုင်ရပါတီ NLD ကို မဲမသမာမှုဟု စွပ်စွဲကာ အာဏာလုယူခဲ့သည်။
နိုင်ငံတဝန်း လူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့သည်။ ထိုအချိန်မှစ၍ ပြည်သူအများ စီးပွားရေး အကျပ်အတည်း ဆိုက်ရောက်ခဲ့ရလေတော့သည်။ ရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းနေကြသော လူငယ်လူရွယ်များလည်း အနာဂတ်လမ်းစ ပျောက်ခဲ့ကြရသည်။
တနင်္သာရီရိုးမတစ်နေရာရှိ ရွာလေးတစ်ရွာမှာ ကျွန်မခင်ပွန်း၏ မိတ်ဆွေများ၊ ဆွေမျိုးများ ရှိနေခြင်းကြောင့် ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်ရန် ထိုဒေသသို့ ရွှေ့ပြောင်းအခြေချဖို့ ဖြစ်လာသည်။ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှာ ကျွန်မခင်ပွန်းကအရင်ရောက်နှင့်သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာတော့ ကျွန်မတို့သားအမိပါ ရောက်ရှိလာခဲ့၏။
ထိုအချိန်က မြန်မာနိုင်ငံတွင် ကိုဗစ်နှင့် ကိုစစ် ကြီးစိုးနေချိန် ကျွန်မ၏ကလေးများ ကျောင်းနားလိုက်၏။ စစ်ကျွန်ပညာမလိုလားသည်ကတစ်ကြောင်း၊ မှားသောဘက်မှာ မရပ်တည်ချင်သည်က တစ်ကြောင်း အနာဂတ်လမ်းစ ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
သမီးကြီး၊ သမီးလတ်၊ သမီးငယ် ပညာရေးက တပိုင်းတစ။ သမီးသုံးယောက်ဖြစ်သည့်အလျောက် အိမ်တွင်းမှုပညာရပ်များကို သိတတ်စအရွယ်ကတည်းက မိဘများ ကိုယ်တိုင်တည့်မတ်ပေးခဲ့ခြင်းဖြစ်ပြီး ရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းနေကြခြင်းဖြစ်သည်။
ကျွန်မတို့သားအမိ ရွာကိုရောက်သည့်အချိန်မှာ ကျွန်မခင်ပွန်းနှင့် မတွေ့ရသေးပါ။ အများပြည်သူစားသုံးရန်အတွက် ဥယျာဥ်နှင့် ယာခင်းများကို ရွာနှင့်ဝေးသောနယ်မြေတစ်ခုမှာ စိုက်ပျိုးနေကြောင်း ကျွန်မတို့ထံ စာလူကြုံပါး၍ သိခဲ့ရသည်။ အိမ်ကြီး၏ဘေးကပ်လျက်ခြံမှာ မြို့မှလာနေသော ကျွန်မခင်ပွန်း၏ သူငယ်ချင်း ကိုဇော်နှင့် မစုတို့ ဇနီးမောင်နှံရှိနေ၏။ သူငယ်ချင်းမိသားစုရောက်နေသည်ဆို၍ လိုအပ်သည့်အကူအညီများ ပေးမည်ဖြစ်ကြောင်း လာရောက်အားပေးစကားဆို၏။ သူတို့ဇနီးမောင်နှံသည်လည်း ရောက်စက အိမ်ကြီးတွင် ခြောက်လနေပြီးမှ ဘေးကပ်လျက်ခြံသို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်းဆို၏။ အသိမိတ်ဆွေတွေ့သဖြင့် အားတက်ရပြန်၏။
တစ်ခြံကျော်အိမ်ဘက်က မိသားစုကလည်း ကျွန်မခင်ပွန်းနှင့် ရင်းနှီးသူများဖြစ်သည့်အတွက် လိုအပ်သည့်အကူအညီများပေးမည်ဖြစ်ကြောင်း လာရောက်အားပေးစကားဆိုပြန်၏။ အမှတ်တရဆိုရလျှင် မိတ်ဆွေ ၅၄ နှစ်ပြည့်မွေးနေ့ မိသားစုမိတ်ဆုံစားပွဲနှင့် ကြုံ၍ဆိုင်မှယူကာ စားဖွယ်စုံနှင့် မွေးနေ့ကိတ်ခွဲကာ တည်ခင်းဧည့်ခံခဲ့သည်ကလည်း ချန်ထားခဲ့လို့မဖြစ်တဲ့အမှတ်ရစရာပါ။
အိမ်ကြီးသို့ရောက်အပြီး နှစ်ပတ်အကြာ ကျွန်မခင်ပွန်းထံ လူကြုံရှိသဖြင့် စာတစ်စောင်ပါးလိုက်သည်။ စာရရခြင်း သမီးလတ်မွေးနေ့အမီ အရောက်လာခဲ့သည်ဆို၏။ အလုပ်ကိစ္စမပြီးပြတ်သေး၊ နောက်တစ်လကြာ အလုပ်ကိစ္စများ ပြီးပြတ်သည့်အခါမှ မိသားစုဘဝတစ်ခု ရပ်တည်ရေး ဆွေးနွေးကြမည်ဟုဆိုကာ နှစ်ရက်နေပြီး ပြန်သွားရပြန်သည်။
ဒေသအလုပ်အကိုင်က ဥယျာဥ်ခြံမြေဖြစ်သည့်အလျောက် ကျွန်မတို့ရောက်သည့်အချိန်မှာ ကွမ်းသီးလုပ်ငန်းနှင့်ကြုံနေ၍ ကွမ်းသီးကောက်၊ ခွဲ၊ လှန်း၊ အသီးအခွံခွာ၊ တစ်နေ့လုပ်အားခ ‘၇၀၀၀’ဆိုပေသော်လည်း မကျွမ်းကျင်သဖြင့် ‘၅၀၀၀’နှင့် မုန့်ဖိုးဆိုသလို ရ၏။ ညီအစ်မသုံးယောက် ဆွေးနွေးတိုင်ပင်ကြပြီ။ မရင်းနှီးသောအလုပ် ဖြစ်နေသည်ကတစ်ကြောင်း၊ ဒေသခံဌာနေတိုင်းရင်းသားများနှင့် ပြောဆိုဆက်ဆံရာတွင် ယဥ်ကျေးမှု၊ ဘဝနေထိုင်မှု စသည့်အကြောင်းကြောင်းကြောင့်…..မပျော်သော်လည်း တော်ရာမှာနေဆိုသလို ကျွန်မက အမြဲနှစ်သိမ့်နေရ၏။
ကျွန်မ၏တစ်နေ့တာ အလုပ်ကတ ထမင်းတည်၊ ဟင်းချက်ပါ။ တစ်နေ့မှာတော့ ဘေးခြံက ဇနီးမောင်နှံ အိတ်ကလေး ကိုယ်စီ စလွယ်သိုင်းလို့ ကွမ်းသီးကောက်နေသည်ကို မြင်ရ၏။ ခြံရှင်အများစုက ကွမ်းသီးပေါ်ချိန် သီးစားရောင်းကြ၏။ သီးစားဝယ်သူက အပင်တက်၊ အပင်ချိတ်၊ အလုံးကောက် အားလုံးသိမ်းပြီးပြီဆိုလျှင် တောခြောက်ပြီဆို၏။ ထိုအခါ အလုံးခြောက်ကောက်သူများ ကောက်သင်းကောက်ဆိုသလို ကောက်ခွင့်ရ၏။
ကျွန်မလည်း လူအများကောက်နေကြသည်ကို စိတ်ဝင်တစားနှင့် ကောက်ချင်လာသည်။ အစပထမတွင် မြက်ခင်းတောထဲ ခြေချရမည်ကို မဝံ့မရဲဖြစ်ရသေး၏။ မိတ်ဆွေဇနီးမောင်နှံလည်း ကောက်နေတာပဲလေဆိုပြီး မနက်ပိုင်း ထမင်းတည်၊ ဟင်းချက်ပြီးသည်နှင့် ခြံဝန်းထဲ လှည့်ပတ်ကောက်လိုက်ရာ အလုံး ၂၀၀ ရ၏။ ညနေရေမချိုးခင် တစ်ကြိမ်လှည့်ပတ်ကောက်ပြန်၏။ အနည်းဆုံးတော့ တစ်နေ့ကို အလုံးရေ ၅၀၀ ရ၏။ သမီးကြီးနှင့် သမီးငယ်က ခွဲ၊ လှန်း၊ အခွံခွာ လုပ်ပေး၏။ ကွမ်းသီးအလုံးခြောက်ကို တစ်လလောက် ကောက်လိုက်သည်။ အခြားခြံသို့ ကောက်ခြင်းမဟုတ်။ အိမ်ကြီးခြံဝန်းအတွင်းသာ။ တစ်ခြားသူများလည်း လာကောက်ကြသည်။ အပင်ပေါ်၌ အလုံးကျန်များ ရှိနေခြင်းကြောင့် မကြာခဏ ကြွေနေ၏။ ထို့ကြောင့် သူဝင်ငါထွက် ကောက်နေကြ၏။
ကွမ်းသီးခွဲခြမ်း အခြောက်လှန်းပြီး မိတ်ဆွေ ကိုမင်း၏ ကားဖြင့် မြို့သို့ တင်ပို့ရောင်းလိုက်သည်။ ပိဿာ ၂၀၊ တစ်ပိဿာ သုံးထောင်ဖြင့် ခြောက်သောင်းကျပ်ရသည်။ ကားခ သုံးထောင်နုတ်လျှင် ငါးသောင်းခုနစ်ထောင် ကျန်၏။
ကွမ်းသီးလုပ်ငန်းကြီး ပြီးပြန်တော့ သမီးလတ်က ရေညှိထမင်းလိပ်လုပ်ရောင်းမည်ဟု အကြံရကာ အရင်းအနှီးထည့်ရသည်။ မုန့်လုပ်ရန် လိုအပ်သည့်ကုန်ကြမ်းများကို မြို့ကနေ မှာယူကာ လုပ်ငန်းစတော့သည်။ ပါကင်ထုပ်၍ တစ်ဘူးကို ထောင့်ငါးရာဖြင့် တစ်နေ့လျှင် ဘူး ၃၀ ကို ကွေ့တီယိုဆိုင်သို့ ပို့ပေးရ၏။ အော်ဒါမှာလျှင်လည်း ပို့ပေးရသည်။ မှတ်မှတ်ရရ တစ်နေ့မှာ သမီးလတ်နှင့် သမီးငယ် မုန့်အော်ဒါပို့ရာကအပြန် ဆိုင်ကယ် မတော်တဆ ဖြစ်လေသည်။ လမ်းက သဲမြေရှိနေခြင်းကြောင့် သဲဆွဲ၍ လဲခြင်းဖြစ်သည်။ ကံကောင်း၍ ချက်ခြင်းဆိုသလို မိတ်ဆွေမိသားစုကားတွေ့သဖြင့် ဆေးခန်းအရောက်ပို့ပေး၏။ မုန့်ရောင်းရငွေ နှစ်သောင်း၊ ဆေးဖိုးက သုံးသောင်းကျော် ကုန်ကျ၏။ သမီးငယ်၏မျက်နှာ နဖူးထက်မှာ ရှင်ရာပါ အမာရွတ်က အမှတ်တရရှိနေခဲ့သည်။ အဲဒီနောက် အော်ဒါမပို့တော့ဘဲ အနီးအနားဆိုင်များသို့သာ ပို့ရလေတော့သည်။ ကုန်စျေးနှုန်းမြင့်လာသည်နှင့်အမျှ တစ်ဘူးလျှင် ထောင့်ငါးရာကနေ နှစ်ထောင်သို့ တိုးမြှင့် ရောင်းရလေသည်။
သမီးကြီးက စက်ချုပ်ပညာကျွမ်းကျင်သဖြင့် မိတ်ဆွေမိသားစုက အပ်ချုပ်စက် ဒါးစက်တစ်စုံ ငှားပေးထားသည်။ မြို့ကနေ ပိတ်စမှာယူ၍ ကျား/မ အရွယ်စုံ ချုပ်ရောင်းရပြန်သည်။
အမှန်ဆိုရလျှင် အတွေ့အကြုံနှင့် ရင့်ကျက်မှုသည် လူတစ်ယောက်အဖို့၊ မိသားစုအဖို့ မည်သည့်အရာနှင့်မှ မျှဝေလဲလှယ် ယူပေးလို့မရသော အရာဖြစ်သည်။ ကျွန်မတို့ ရောက်ရှိနေသောဒေသ၊ ရပ်တည်နေရသောအနေအထားမှာ ဘယ်တုန်းကမှ မစဥ်းစားခဲ့ဖူးသော်လည်း ရောက်ရှိလာခဲ့သည်။ အဆင်ပြေအောင် ကြိုးစားယူရသည်။ လူ့ဘဝ တစ်ခဏဆိုသော်လည်း ကံကြမ္မာအလှည့်အပြောင်းက ဆန်းကြယ်လှပေသည်။
ကျွန်မတို့သားအမိ အိမ်ကြီးမှာ ဆောင်းရာသီနှင့် နွေရာသီ ဥတုနှစ်ခုအတွင်း စားဝတ်နေရေးဖြေရှင်းခွင့်ရခဲ့သော်လည်း မိုးရာသီဆိုလျှင် ရေမြုပ်သည်ဖြစ်ရာ သွားလာရောင်းဝယ်ရေး အဆင်မပြေ။ သမီးတို့အဖေ အလုပ်နား၊ ခွင့်ရလို့ ပြန်လာလျှင် ရွာလယ်လမ်းမထက်သို့ ပြောင်းရွှေ့ရန် စီစဥ်ရပြန်ဦးမည်ဟု သားအမိတွေ တိုင်ပင်ကာ အိမ်ကြီးတွင် ခိုလှုံခွင့်ရက်ပေါင်း ငါးလနှင့် ရက်နှစ်ဆယ်ပြည့်ခဲ့ပြီ။
နန်းနွေဦး (ITC)







