“အဝေးရောက်ညီငယ် အခြေအနေ ဘယ်လိုလဲ
အဆင်ပြေစပြုပြီလား စိတ်ပျက်နေပြီလား
ပြန်လာမှာလား နေမှာလား သူစိမ်းတွေရဲ့ကြား
ရေမြေခြားမှာ အစ်ကိုတွေမေ့ပြီလား”
အခုရက်ပိုင်းမှာ သီချင်းလေးတွေ ခဏခဏ နားထောင်ဖြစ်နေတယ်။ အဝေးရောက်ညီငယ်၊ တောင်တန်းတွေရဲ့အခြားတစ်မျက်နှာ၊ စာခြောက်ရုပ်၊ ခတ္တာ၊ ရိုးရိုးလေး၊ ခွန်အားဖြည့်မိငယ်၊ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ၊ ကြိုးကြာသံ၊ ဆယ်လ်မွန်ငါးတို့အပြန် စသည်ဖြင့်ပေါ့။ အချို့ သီချင်းတွေကိုတော့ သံတိုင်တွေနောက်မရောက်ခင် လွတ်လပ်နေစဉ်ကတည်းက နားထောင်ဖြစ်ပြီး ရင်းနှီးနေပေမဲ့ အချို့ကိုတော့ သံတိုင်တွေနောက်ရောက်သွားမှ မြင်ဖူး၊ ဖတ်ဖူးတာပါ။
ဒီနှစ် ဇွန်လရဲ့မိုးရေစက်တွေနဲ့ အတူတူ ဇွန်မိုးဆိုတဲ့ အသက် နှစ်ဆယ်ဝန်းကျင် ကောင်လေးတစ်ယောက်နဲ့ ဒုတိယအကြိမ် ပြန်တွေ့ဆုံခွင့်ရခဲ့တယ်။ ပထမအကြိမ် သူနဲ့ဆုံတဲ့အချိန်ကို သေချာမမှတ်မိပေမဲ့ သူ့နည်းတူ ကျနော်လည်း သံတိုင်တွေနောက်မှာတော့ ရှိနေခဲ့ပါတယ်။ အဝေးရောက်ညီငယ်နဲ့ တောင်တန်းတွေရဲ့ အခြားတစ်မျက်နှာသီချင်းရဲ့ စာသားတွေကို ဝတ္ထုစာအုပ်ထဲမှာ ဖတ်ရကတည်းက ကျနော် စိတ်ဝင်စားနေခဲ့တာ။ အပြင်ရောက်ရင်တော့ အဲဒီစာအုပ်ထဲက သီချင်းတွေ သွားနားထောင်ပစ်မယ်ပေါ့လေ။ အခုတော့ အဲဒီကက်ဆက်သီချင်းတွေကို Youtube မှာရှာပြီး နားတွေကိုက်သွားအောင်အထိကို သီချင်းနားထောင်ခွင့်ရသွားပါပြီ။ ‘နှောင်ကြိုးမဲ့မေ’ သီချင်းကိုတော့ ရှာမတွေ့သေးပါဘူး။
စာအုပ်ထဲက ဇာတ်ကောင် ကိုချို့တီပြောတဲ့အတိုင်း ‘မိငယ်’ဆိုတဲ့နေရာမှာ ‘ရဲဘော်’ဆိုတာလေးထည့်ဆိုရင် အတော်လေး နေလို့ထိုင်လို့ကောင်းပါတယ်။ ထိုနည်းတူစွာပဲ ‘သုံးနှစ်လောက်အမေ့ဆီမပြန်ဘဲ လွင့်တဲ့သားလူမိုက်’ နေရာမှာ ‘’ငါးနှစ်လောက် အမေ့ဆီမပြန်ဘဲလွင့်တဲ့သားလူမိုက်ပါ’ လို့ထည့်ဆိုလိုက်ရရင် သားကြီးတစ်ယောက်ရဲ့ မိသားစုအပေါ်ပျက်ကွက်ခဲ့မှုတွေကို သတိတရရှိပါကြောင်း ဝန်ခံလိုက်ရသလိုဖြစ်ပြီး စိတ်သက်သာရာ ရသွားဖူးပါတယ်။
ထောင်ထဲမှာတုန်းကတော့ အဲဒီ ‘လမင်းရဲ့ချိုသာတဲ့လက်ခုပ်သံ’ စာအုပ်ကို ဂစ်တာတီးတတ်တဲ့ နိုင်ကျဉ်းအစ်ကိုတစ်ယောက်က ပေးဖတ်တာပေါ့လေ။ အဲဒီအစ်ကိုက ဂစ်တာတီးတတ်တဲ့အပြင် သီချင်းတွေလည်း ဆိုသေး၊ ရေးသေးတယ်။ နာမည်ကြီး ကဗျာဆရာရဲ့ ကဗျာစာသားတွေကိုလည်း သံစဉ်တွေထည့်ပြီး သီချင်းအဖြစ်နဲ့ အကျဉ်းထဲက သူ့ရဲ့ဘဝတူတွေကို ဖျော်ဖြေသေးတယ်လို့ ကြားရတယ်။ စာအုပ်ဖတ်ပြီး သီချင်းတစ်ပုဒ်ရတတ်တဲ့ ကိုချို့တီလိုမျိုးပေါ့လေ။ အဲဒါအပြင် ဝတ္ထုထဲမှာ အသက်အရွယ်တွေ မတူကြပေမဲ့ ညီအစ်ကိုလိုပေါင်းလို့သင်းလို့ရတဲ့ သူငယ်ချင်းတွေကိုမြင်ရတော့ ကျွန်နော့်ရဲ့ ဆယ်ကျော်သက် နောက်ဆုံးနေ့ရက်တွေမှာ ပေါင်းဖြစ်ခဲ့တဲ့ အရွယ်စုံသူငယ်ချင်းတွေကိုတောင် စာဖွဲ့ချင်လာမိတယ်။
ပထမအကြိမ် စာအုပ်စဖတ်တုန်းကတော့ အမှာစာနဲ့တင် အတော်လေးစိတ်ဝင်စားဖို့ ကောင်း နေခဲ့ပါတယ်။ အဲဒီဝတ္ထုရဲ့ အဓိကဇာတ်ကောင် ဇွန်မိုးက ထောင်ကျတယ်ဆိုလို့လေ။ ထောင်ကျပြီဆို ကျနော်တို့ရဲ့ ပထမဆုံးမေးဖြစ်လေ့ရှိကြတဲ့ ထုံးစံအတိုင်း ဘာအမှုနဲ့လဲ၊ ဘယ်နှစ်နှစ်ကျလဲဆိုတာမျိုး ကျနော့် အတွေးထဲ ဝင်လာပါတယ်။ ဒါကြောင့် ဒီစာအုပ်လေး ဖတ်နေစဉ်တောက်လျှောက်မှာလည်း အဲဒါကို သတိထားပြီးလိုက်ကြည့်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ဒီစာအုပ်ထဲမှာ ဇွန်မိုးထောင်ကျနေတဲ့ အခန်းတွေ မပါပါဘူး။
ကျနော့်အနေနဲ့ ဝတ္ထုတွေဆိုတာ စာရေးဆရာရဲ့စိတ်ကူးယဉ်မှုနဲ့ တကယ့်ဖြစ်ရပ်မှန်ကို ပေါင်းစပ်ဖန်တီးထားတဲ့ အနုပညာပစ္စည်းတစ်ခုလို့ နားလည်ထားပါတယ်။ ပေါင်းစပ် ပါဝင်မှုရာနှုန်းတွေကတော့ အမျိုးမျိုးရှိနိုင်တာပေါ့လေ။ ဝတ္ထုစာအုပ်ဖတ်နေတဲ့ အချိန်မှာတော့ အဲဒီဝတ္ထုထဲမှာ ကိုယ်တိုင်ပါဝင်ပြီး တစ်ခါတည်း စီးမျောပစ်တာ များပါတယ်။
စာအုပ်တစ်အုပ်တည်းကိုပဲ ပထမအကြိမ်ဖတ်တာနဲ့ ဒုတိယအကြိမ်ဖတ်တာတောင် ခံစားရတဲ့ ခံစားချက်ချင်း မတူပါဘူး။ အဲဒီလိုပဲ ကိုယ်တိုင်က ထောင်ကျနေတုန်းမှာ ထောင်နဲ့ပတ်သက်တဲ့ စာအုပ်တွေ ဖတ်ရတဲ့ ခံစားချက်က တခြားစာအုပ်တွေဖတ်ရတဲ့ ခံစားချက်နဲ့လည်း အများကြီးကွာခြားပါသေးတယ်။ အခုထောင်ကလွတ်ပြီး ဒုတိယအကြိမ်ပြန်ဖတ်တော့ အတွေးသစ်တွေ၊ မတူညီတဲ့ခံစားချက်တွေ ထပ်ခံစားရပြန်တယ်။
ကျနော်ဟာ ငယ်ငယ်လေးကတည်းကနေ အခုထိ ဌာန်၊ကရိုဏ်းကျအောင် သီချင်းမဆိုတတ်ပါဘူး။ ရေချိုးရင်းနဲ့တော့ (One Man Show) ဝမ်း(န်)မဲရှိုးတွေဆိုဖူးတာပေါ့လေ။ အထူးသဖြင့် ကျနော် တို့ဖေဖေ နားထောင်လေ့ရှိတဲ့ သီချင်းတွေပေါ့။ အချစ်သီချင်းတွေ၊ အသည်းကွဲသီချင်းတွေ စသဖြင့်အစုံပါပဲ။
သီချင်းဆိုတတ်တဲ့ သူတွေ၊ ဂစ်တာတီးတတ်တဲ့သူတွေကိုလည်း အားကျဖူးတယ်။ အိမ်မှာလည်း ဆောင်းဘောက်(ခ်စ်)နဲ့ အကျယ်ကြီးဖွင့်ပြီး နားထောင်တာပဲ။ သင်္ကြန်ကာလ ညဘက်တွေဆို ကျနော် တို့မြို့ရဲ့ ဗဟိုမဏ္ဍပ်ရှေ့မှာ၊ ဆောက်လုပ်ရေးမဏ္ဍပ်ရှေ့မှာ သီချင်းသွားနားထောင်ရတာ မမောမပန်းပဲ။ ကျနော် ဆယ်ကျော်သက်အရွယ် လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့ ကျနော် တို့မြို့ကို လာတော့လည်း သူတို့သီချင်းဆိုမယ့်နေရာတွေကို လိုက်ပြီး သီချင်းတွေလိုက်နားထောင်တာပေါ့။ အထူးသဖြင့် ငြိမ်းချမ်းရေး သီချင်းသံတွေကိုအဲဒီအချိန်ကတည်းက ခံစားတတ်နေခဲ့တာပေါ့။ အရွယ်လေး ရလာတော့ ကားနဲ့ခရီးသွားပြီဆိုလည်း သီချင်းလေးဖွင့်လိုက်ရမှ နေသာထိုင်သာရှိသွားတာမျိုး။ ဆိုင်ကယ်မောင်းရင်တော့ဖြင့် နားကြပ်တတ်ပြီးသီချင်းနားထောင်တာမျိုး လုပ်လေ့မရှိပါဘူး။
ကျနော်ဟာ ကံဆိုးမှုတွေအများကြီးနဲ့ ကြုံနေရချိန်မှာတောင် ကံကောင်းတဲ့သူ တစ်ယောက်လို့ ဆိုရမယ်။ အဲဒီကံကောင်းမှုတွေကို ဝင်လေထွက်လေမှတ်လိုက်၊ သီချင်းတွေညည်းလိုက်၊ ဘဝတူတွေရဲ့ဒဏ်ရာတွေကို နားထောင်ပေးလိုက်၊ ကဗျာတွေရွတ်လိုက်၊ စာအုပ်တွေဖတ်လိုက်နဲ့ရရှိခဲ့ပါတယ်။ သီချင်းတွေဖွင့်ပြီး နားထောင်လို့မရတဲ့အချိန်မှာ ဘေးနားက သူငယ်ချင်းကို အားမနာတမ်း ဆိုခိုင်းချင်တဲ့သီချင်းတွေ ဆိုခိုင်းလို့ရခဲ့တယ်။
အချို့သီချင်းတွေဆို တစ်ခါမှလည်းနားမထောင်ဖူးဘဲနဲ့ အဲဒီ သူငယ်ချင်းဆိုပြတာနဲ့တင် အခုချိန်ထိ အလွတ်ရနေတဲ့ သီချင်းတွေရှိပါသေးတယ်။ အပြန်အလှန်အနေနဲ့ သူ အသည်းကွဲတဲ့အကြောင်းတွေ ပြန်နားထောင်ပေးရတာပေါ့လေ။
ထောင်ကျနေတုန်းက ကျနော် ဖတ်တဲ့စာအုပ်တွေထဲမှာ ကျနော်နားထောင်ဖူးတဲ့သီချင်းတွေပါလာရင် အင်မတန်ပျော်တာပဲ။ ကြည့်ကြည့်ပြီး ဘေးနားကလူတွေကို လိုက်ဆိုပြတာပေါ့လေ။ မကြိုက်တဲ့သူလည်းရှိရဲ့။ ကြိုက်တဲ့သူကတော့ များပါတယ်။ စာအုပ်တွေထဲမှာပါတဲ့ ကျနော် မသိတဲ့သီချင်းတွေဆို စာသားတွေကို ဒီတိုင်းရွတ်ကြည့်တယ်။ အဓိပ္ပါယ်တွေကို စဉ်းစားတယ်။ နောက် အဲဒီသီချင်းကိုသိလားလို့ ဘေးနားက အခြားသော အကျဥ်းသားတွေကို လိုက်မေးရတယ်။ သိပြီဆိုရင်တော့ ခဏခဏလိုက်ဆိုခိုင်းပြီပေါ့။ တစ်ရက်၊ နှစ်ရက် တစ်ခါတလေ တပတ်လောက်ထိကို ဆိုဖြစ်နေတော့တယ်။
ထောင်ထဲမှာဆိုတာ အသက်အရွယ်တွေက အစုံလေ။ အသက် ၆၀ ကျော်အရွယ် လူအိုကြီးတွေကနေ ဟိုးလသားအရွယ် ပိစိသေးသေးလေးထိ အရွယ်စုံ၊ ဆိုဒ်စုံ၊ စရိုက်စုံ၊ ဘဝစုံ၊ အမှုစုံ။
အဲဒီလိုစုံတဲ့အပြင် ကျနော်တို့ဟာ အသက်အရွယ်တွေဘယ်လိုကွာကွာ၊ ခေတ်တွေဘယ်လောက်ခြားခြား စကားတွေ ပြောလို့၊ဆိုလို့ရကြတယ်။ ပြောပြောနေကြတဲ့ မျိုးဆက်ကွာဟမှုတွေကို အဲဒီသီချင်းတွေ၊ စာအုပ်တွေက စေးကပ်သွားစေတယ်။ ရင်ဘတ်ချင်းနီးကုန်ကြပြီး နှလုံးသားတွေ ဆက်သွယ်နိုင်သွားကြတယ်ပေါ့။
ကျနော့်သူငယ်ချင်းတစ်ယောက်ဆို ငါးမျှားတာ ငါးမရဘဲ သတိရတယ်ဆိုပဲ။ ကျနော်ကတော့ ငါးရနိုးနိုးနဲ့ မျှားခဲ့ပါတယ်။ ငါးရမရမသေချာပေမဲ့ အတွေ့အကြုံတွေ၊ ပညာတွေရခဲ့ပြီး နောင်တတွေမရလို့ အများကြီးတော်ပါသေးတယ်။
ကျနော်တို့မြို့မှာ ကိုဗစ်နဲ့ ဒီအာဏာသိမ်းမှု မရှိခင်ကဆို တန်ဆောင်မုန်းကာလ တန်ဆောင်တိုင်ပွဲတွေမှာ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲတွေ၊ တီးဝိုင်းနဲ့ကားနဲ့လှည့်ပြီး ဆိုကြ၊ ကကြတာတွေရှိပါတယ်။ အဲလို တန်ဆောင်တိုင်ပွဲဘုရားလှည့်ပွဲတွေမှာဆို ကျနော်တို့မြို့က ကောင်ချောလေးတွေကို တစ်စုတစည်းတည်း မြင်ကြရတာပေါ့လေ။ ကျနော်ကတော့ ကနေကြတဲ့ အပျိုမလေးတွေထက် တီးဝိုင်းကားရဲ့ အနောက်ပိုင်းနားက အဆိုရှင်တွေကို ပိုပြီးစိတ်ဝင်စားခဲ့ဖူးတယ်။
“အမှန်ကိုဆိုမယ့် ငါ့ပါးစပ်ကို
ချုပ်စဉ်အခါမှာ
အမှန်ကိုမြင်တဲ့ ငါ့မျက်လုံးပါ
ဖောက်ပါတော့လား။
လူအမည်ခံတဲ့ စာခြောက်ရုပ်ငယ်ဘဝမို့
သူငယ်ချင်းရေ
လူသာရှင်နေ ငါ့နှလုံးသားဟာသေ။”
ကျနော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဆီကဆို နင်ဟာသီချင်းအို (ဟောင်း) တွေပဲရတယ်၊ နင်ခေတ်မှားပြီး မွေးလာသလားလို့ ခဏခဏ အပြောခံရဖူးတယ်။ အခုတော့ အဲဒီသူငယ်ချင်းလည်း ကျနော်ဆိုပြနေကြ သီချင်းအို၊ သီချင်းဟောင်းတွေကို ကြားရများပြီး ကြိုက်တတ်သွားပါပြီ။ သံတိုင်တွေကြား မီးပျက်သွားတဲ့အချိန်ခဏလေးတွေဆို အမှောင်ထဲမှာ သီချင်းတွေထိုင်ညည်းခဲ့ကြတာပေါ့။
ကျနော့်မှာ သီချင်းတွေကို အသံကျယ်ကျယ်နဲ့အော်ဆိုလို့ မရတဲ့နှစ်တွေရှိဖူးတယ်။ စကားကျယ်ကျယ်ပြောမိရင်တောင် အသံတိုးမယ်၊ အသံတိုးမယ်လို့ ခဏခဏ သတိပေးခံခဲ့ရတဲ့ အခိုက်အတန့်လေးတွေပေါ့။ ပြောရင်းနဲ့တောင် ထောင်ထဲမှာ နေခဲ့ရတဲ့အချိန်တွေကို ပြန်ပြီးသတိတရဖြစ်မိတယ်။ အဲဒီအချိန်တွေကို လွမ်းရပါသေးတယ်။ အထူးသဖြင့် ကျန်ခဲ့သေးတဲ့ ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေကိုပေါ့။
လူကသာ လွတ်လာခဲ့တာပါ။ စိတ်တွေက အကျဉ်းထောင်ထဲမှာ ရှိနေတုန်း။ ကျန်ရစ်နေတုန်း။
တလောကနာမည်ကြီးသွားသေးတဲ့ သီချင်းတစ်ပုဒ်ကို အသံကျယ်ကြီးနဲ့ အော်ဆိုလို့ ကျနော်တို့ သူငယ်ချင်းတစ်စု ရုံးတက်ဖြေရှင်းရသေးတယ်။ ကိုယ့်မှဖြစ်ရတယ်လို့လည်း ထူးပြီးဇာတ်နာမပြချင်ပါဘူး။ သီချင်းရေးလို့ ဘဝပျက်သွားသူတွေ၊ သီချင်းတစ်ပုဒ်ကြောင့် ဘဝပြောင်းသွားသူတွေ အများသားမဟုတ်လား။
သီချင်းတွေ၊ ကဗျာတွေ၊ စာအုပ်တွေမှာ ထုထည်တိုင်းပြလို့မရတဲ့ စွမ်းအားတစ်ခုရှိတယ်လို့ ခံစားရတယ်။ သီချင်းတွေကြောင့် အချို့သောလူတွေ နှလုံးသားချင်းနီးသွားကြတယ်။ ကဗျာတွေကို ဖတ်ပြီး ကိုယ့်ဘဝနဲ့ချိန်ထိုးခံစားတတ်ရင်း သူများဘဝတွေကို ကိုယ်ချင်းစာတတ်သွားတယ်။ စာအုပ်တွေဖတ်ရင်းကနေ တော်ရုံလောကဓံအတက်အကျတွေဆို မဖြုံတော့ဘူး။ ဖတ်တဲ့စာအုပ်ကွာရင် ကွာသလို ဘဝတွေကလည်း ခြားသွားကြမယ်။ ကျနော်ဟာ အများနည်းတူ လူ့အခွင့်အရေးတွေချိုးဖောက်ခံရ၊ လွတ်လပ်မှုတွေပိတ်ပင်ခံရပြီး လူ့ဂုဏ်သိက္ခာတွေ ချနင်းခံရတဲ့အချိန်တွေမှာ နှလုံးသားတွေ ရှင်သန်နိုင်အောင် အားထုတ်ခဲ့ပါတယ်။
အဲဒီ သီချင်းတွေ၊ ကဗျာတွေ၊ စာအုပ်တွေဆိုတဲ့ ပျော့ပျောင်းနူးညံ့ပြီး ခိုင်ခံ့တဲ့ကြိုးတွေက ပန်းပွင့်လေးတွေနဲ့ အလားသဏ္ဍာန်တူတဲ့ မျိုးဆက် တစ်ဆက်နဲ့တစ်ဆက်၊ ခေတ်တစ်ခုနဲ့ တစ်ခုကို အတွင်းဘက်ကနေ သိုသိုသိပ်သိပ် ပါးပါးနပ်နပ်သီကုံး ဆက်နွယ်သွားစေတယ်။ အဲဒီပန်းကုံးတွေကိုဘယ်သူက ဘယ်အချိန်မှာစပြီး သီကုံးမိကြလဲ မရှာဖွေတတ်ပေမဲ့ ကျွန်မတို့လူသားတွေက သိလို့ဖြစ်ဖြစ်၊ မသိဘဲနဲ့ဖြစ်ဖြစ် ပါဝင်သီကုံးပြီးသားဖြစ်နေမိကြတယ်။ အထူးသဖြင့် ခံစားတတ်တဲ့နှလုံးသားနဲ့ လူဆန်တဲ့ လူသားတွေပေါ့လေ။
လူသစ်တွေရောက်လာရင် အပြင်မှာ ဘာသီချင်းသစ်တွေထွက်နေလဲလို့ မေးရတာအမော။
အခုခေတ်မှ ထွက်တဲ့သီချင်းတွေကိုလည်း တိတ်တိတ်ကလေး အတူတူစုနားထောင်ပြီး မျက်ရည်စိုခဲ့ရဖူးပါသေးတယ်။ ကိုယ့်ဘာသာခိုးကူးထားတဲ့ သီချင်းစာအုပ်ကြီး ရှေ့မှာချပြီး
သီချင်းတွေ အတူတူညည်းခဲ့ကြတဲ့ အခိုက်အတန့်တွေကတော့ တသက်မမေ့နိုင်စရာတွေပါလေ။ တီးခတ်တဲ့ တူရိယာကတော့ စက္ကူနဲ့ ပလတ်စတစ်နဲ့လုပ်ထားတဲ့ ယပ်တောင်လေးပေါ့။ မိုက်ခရိုဖုန်းကတော့ နီးစပ်ရာပလတ်စတစ်ဘူးတွေဆိုပါတော့။
ကျနော်တို့ဖျော်ဖြေခဲ့တဲ့ ရှိုးပွဲတွေက ရိုးစင်းပါတယ်။ ဘာပကာသနမှ မပါခဲ့ဘူး။ တစ်ဆောင်လုံးရဲ့ ချဉ်ဖတ်လည်း သီချင်းတွေစွမ်းအားနဲ့ လူဝင်ဆံ့သွားတယ်။ အိပ်မက်ဖောင်ကြီး သီချင်းသံကြားရင် ဖောင်ကြီးသင်တန်းတက်ခဲ့ဖူးတဲ့ မြေပြင်ကျောင်းက CDM ကျောင်းအုပ်ကြီးလည်း သူ့အတွေ့အကြုံတွေကို လွမ်းလွမ်းဆွေးဆွေးပြန်ပြောပြလေ့ရှိတယ်။ ဘုရားကျောင်းသွားခွင့်မရတဲ့ အခန်းဖော်နဲ့အတူ မေတ္တာစက်ဝိုင်းတို့လို ဘုရားသီချင်းတွေလိုက်ညည်းဖူးပါသေးတယ်။
တေးဂီတတွေ၊ သီချင်းတွေကလူတွေကို နှလုံးသားချင်းနီးကပ်သွားစေတယ်။
အိပ်မက်အကြီးကြီးတွေ မက်ဖူးကြတဲ့ ဇွန်မိုးလို လူငယ်တွေ။ အဲဒီလိုလူငယ်တွေရဲ့ ဘဝတွေကို တွေးကြည့်မိတော့ ဘာနဲ့မှ အစားထိုးပေးလို့မရနိုင်တော့မဲ့ ဒဏ်ရာအနာတရတွေကို တွေးမိတယ်။ တွေးကြည့်ရုံနဲ့တင် ဆက်မတွေးချင်လောက်အောင် စုတ်ပဲ့နေမှုတွေကို ပထမဆုံးမြင်ရတယ်။ ဘဝနာရတယ်ဆိုတာ ဒီလိုပါလားလို့ နာဖူးတဲ့ ဘဝပိုင်ရှင်တွေကပဲ သိနိုင်တယ်။
ကျနော့်မှာတော့ အနုပညာကျောင်းတစ်ခုခု တက်ဖို့နဲ့ ရုပ်ထုထုဖို့လောက်ထိ အိပ်မက်တွေ မရှိခဲ့ပါဘူး။ ဂစ်တာလေး နည်းနည်းပါးပါးတီးတတ်ရင်ပဲ ကိုယ်ချစ်ရတဲ့သူတွေဆီရောက်တဲ့အခါ ဂစ်တာလေးတီးပြီး သီချင်းအတူတူဆိုမယ်ဆိုတဲ့ ဘာမှမဟုတ်တဲ့ အိပ်မက်သေးသေးလေးပဲ ရှိပါတယ်။ အခုလို နည်းပညာတွေတိုးတက်နေတဲ့ခေတ်မှာတော့ ဂစ်တာတီးတယ်ဆိုတာ အများကြီးလွယ်ကူသွားပါပြီ။ လွယ်ကူသလောက် ထောင်ကလွတ်လာကတည်းက တီးဖို့ဂစ်တာရော၊ အခြေအနေရောပေးပါရက်နဲ့ ဂစ်တာထက် အရေးကြီးတဲ့ အိမ်စာတွေလုပ်နေရတော့ မတီးဖြစ်သေးပါဘူး။
ကျနော်တို့က ခေတ်တွေသာကွာသွားတယ်။ စနစ်တွေကမပြောင်းနိုင်သေးတော့ ခံစားရမှုတွေက ထပ်တူကျနေတုန်း။ ဇွန်မိုးဆိုတဲ့ အသက် ၂၀ ကျော် လူငယ်တစ်ယာက်ရဲ့ဘဝက အခုချိန်ထောင်နံရံတွေကြား ခိုအောင်းနေကြရသေးတဲ့ လူငယ်ဘဝများစွာကို ကိုယ်စားပြုနေသေးရဲ့။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ စာအုပ်တွေအများကြီးဖတ်တဲ့လူငယ်တွေ၊ ချစ်သူရည်းစားနဲ့ စကားတွေတီတီတာတာ ပြောနေရမယ့်လူငယ်တွေ၊ ဘဝတက်လမ်းအတွက် နိုးနေရင်း အိပ်မက်အကြီးကြီးတွေမက်နေရမယ့်လူငယ်တွေ။ ဇွန်မိုးလိုလူငယ်တွေ မြန်မာပြည်မှာ ဘယ်လောက်တောင်ရှိနေမလဲ။ အရင်ကရော ဘယ်လောက်တောင်ရှိခဲ့မလဲပေါ့လေ။
ကဗျာရယ်၊ သီချင်းရယ်၊ စာအုပ်ရယ်၊ ဂစ်တာရယ် ဆက်နွယ်မှုကို ဒီ လမင်းရဲ့ချိုသာတဲ့ လက်ခုပ်သံဆိုတဲ့ စာအုပ်လေးထဲမှာတွေ့ရတယ်။ အရူးတွေထဲမှာတောင် စာရူးပေရူး၊ ကဗျာရူး၊ ဂစ်တာရူးတွေက တဏှာရူးတွေ၊ အာဏာရူးတွေ ထက်တော့ အများကြီးသာပါတယ်။ ကွာလည်းကွာပါတယ်။ မနှိုင်းရက်စရာပါ။
ထောင်ကျဖူးတဲ့ ဇွန်မိုးက အပြင်မှာ အသက်သေဆုံးသွားပေမဲ့ ဝတ္ထုတစ်ပုဒ်ထဲမှာ အသက်ရှင်နေသေးတဲ့ဇာတ်ကောင်ဆိုရင် ထောင်အုတ်နံရံတွေနဲ့ သံတိုင်တွေကြားက လူငယ်တွေက သူတို့ရဲ့ဝတ္ထုတစ်ပုဒ်စီထဲမှာ အသက်ရှင်ဖို့ ကြိုးစားတောင့်ခံနေကြသေးတဲ့ သက်ရှိ ဇာတ်ကောင်တွေပေါ့။ သက်ရှိဇာတ်ကောင်တွေအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ။ သီချင်းတွေ၊ ကဗျာတွေ၊ စာအုပ်တွေကို လွတ်လွတ်လပ်လပ် ဖန်တီးနိုင်ကြပါစေ။ နားဆင်နိုင်ကြပါစေ။
ရေသာမန်
၆.၆.၂၀၂၆







