သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းစစ်ဆေးရေးဂိတ်က ဆိုင်ကယ်စီးခွင့် ပိတ်ထားသည့်အတွက် သွားလာရေးအခက်အခဲ ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။
ထားဝယ်ခရိုင်အတွင်းရှိ ဒေသခံများမှာ သွားလာရေးအတွက် ဆိုင်ကယ်ကို အဓိကအသုံးပြုကြရပြီး ဥယျာဉ်ခြံနှင့် လယ်ယာလုပ်ငန်းခွင်ကိုလည်း ဆိုင်ကယ်ဖြင့်သာ သွားလာနေကြရခြင်းဖြစ်သည်။
ဝင်းဝစခန်းတွင် ပြန်လည်တပ်စွဲထားသည့် စစ်အာဏာရှင်တပ်က ဆိုင်ကယ်စီးခွင့် ပိတ်ထားသည့်အပြင် ထော်လာဂျီနှင့် သုံးဘီးများကိုလည်း ဖြတ်သန်းခွင့်ပိတ်ထားသည်ဟု ဒေသခံတို့က ပြောသည်။
“လိုင်းကားတစ်မျိုးပဲ ရတယ်။ သုံးဘီးတို့၊ ထော်လာဂျီတို့လည်း စီးခွင့်မပေးထားဘူး။ တစ်ရွာနဲ့တစ်ရွာ သွားဖို့ကိစ္စရှိရင် လိုင်းကားနဲ့ပဲ သွားရတယ်။ အဲ့လိုဆိုတော့ တော်ရုံတန်ရုံ အရေးကြီးကိစ္စမရှိရင် မသွားကြတော့ဘူး” ဟု ဝင်းဝစခန်းအနီး မင်းဒပ်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
ယခင်က လိုရာခရီးကို ဆိုင်ကယ်ဖြင့် အလွယ်တကူသွားလာနိုင်သော်လည်း ယခုအခါ ဆိုင်ကယ်စီးခွင့်ပိတ်ထားသဖြင့် ချောင်းဝပြင်ရွာနှင့် ဂုံညင်းဆိပ်ရွာဘက်မှ လှေဖြင့် တစ်ဖက်ကမ်းကူး သွားလာနေရသည်ဟု ဒေသခံအချို့က ဆိုသည်။
“တချို့ဆို တခြားရွာတွေမှာ ဥယျာဉ်ခြံတွေ၊ လယ်တွေရှိတယ်လေ။ အဲ့လိုဆို ချောင်းဝပြင်၊ ဂုံညင်းဆိပ်ရွာ လှေဆိပ်ဘက်ကနေ လှေနဲ့သွားကြရတယ်။ ပြီးမှ ကိုယ်သွားချင်တဲ့နေရာကို ဆိုင်ကယ်စီးပြီး ဆက်သွားကြရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
လူတစ်ဦးလျှင် လှေစီးခ ကျပ် ၅,၀၀၀ ပေးရပြီး ဆိုင်ကယ်နှင့် လူပါတင်ဆောင်ပါက ကျပ် ၂၅,၀၀၀ ခန့် ပေးရသည်ဟု စုံစင်ဖျားရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းကြောင့် ငွေကုန်ကြေးကျ ပိုများလာသလို လှေဆိပ်မှတစ်ဆင့် ပတ်ပြီးသွားလာရသဖြင့် အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံအချို့က ဆိုသည်။
ဝင်းဝစခန်းစစ်ဆေးရေးဂိတ်တွင် လူငယ်နှင့် လူလတ်ပိုင်းအမျိုးသားများကို ဖမ်းဆီးမှုများရှိနေပြီး အချို့မှာ ငွေဖြင့်ပြန်ရွေး၍ လွတ်မြောက်လာကြခြင်းရှိသည်ဟု ဒေသခံအချို့က ပြောသည်။
“တချို့လည်း စစ်တပ်ဂိတ်ကို မဖြတ်ရဲကြဘူး။ လူငယ်ပိုင်းအမျိုးသားတွေဆို ဖမ်းဆီးတာ၊ စစ်ဆေးမေးမြန်းတာ၊ တချို့ဆို ရိုက်နှက်ငွေတောင်းခံရတာမျိုးတွေတောင် ရှိတယ်ဆိုတော့ စစ်တပ်ဂိတ်ကိုမဖြတ်ဘဲ ပတ်ပြီး လှေနဲ့ကူးသွားကြတာ” ဟု လယ်သမားတစ်ဦးက ပြောသည်။
မည်သည့်အကြောင်းကြောင့် ဆိုင်ကယ်၊ သုံးဘီး၊ ထော်လာဂျီ စီးခွင့်ပိတ်ထားသည်ကိုမူ ဒေသခံများအနေဖြင့် ရှင်းရှင်းလင်းလင်း မသိရှိကြပေ။
မတ်လ ၁၁ ရက်က ဝင်းဝစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းယူခဲ့သော်လည်း မတ်လ ၃၁ ရက်တွင် စစ်အာဏာရှင်တပ်က ပြန်လည်ထိန်းချုပ်ခဲ့သည်။







