ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ရောက်ပြီး လူနှစ်ရာခန့် အရေးပေါ် ပြောင်းရွှေ့

July 11, 2026

ဓာတ်ပုံ - လူမှုကယ်ဆယ်ရေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိလာသည့်အတွက် မြစ်ကမ်းတစ်လျှောက် အနိမ့်ပိုင်းနေရာများက လူဦးရေ နှစ်ရာခန့် ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုနေသည့် ဘီးလင်းမြို့နယ်တွင် ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းကစပြီး ဘီးလင်းမြစ်ရေသည် တဖြည်းဖြည့် မြင့်တက်လာကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

ဘီးလင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာရှိပြီး ယနေ့ ဇူလိုင်လ ၁၁ ရက် ညနေပိုင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာ၏ တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေကြောင်း ဆိုသည်။

ဘီးလင်းမြို့ပေါ်ရှိ ကန်သာယာရပ်ကွက်နှင့် အနိမ့်ပိုင်းနေရာများက ဒေသခံများကို အရေးပေါ် ပြောင်းရွှေ့ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူများအတွက် မြို့နယ်အားကစားခန်းမတွင် ယာယီရေဘေးရှောင်စခန်း ဖွင့်လှစ်ထားပြီး ဒေသခံ လူမှုကယ်ဆယ်ရေး၊ ပရဟိတသမားများက ကူညီဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ၎င်းတို့ထံမှ သိရသည်။

“‎ဘီးလင်းမြစ်ရေက စိုးရိမ်ရေအမှတ်ကို ရောက်နေပါပြီ။ ရေတက်နှုန်းက တဖြည်းဖြည်းတက်နေဆဲပဲ။ ‎ခန့်မှန်းထားတာက ‎စိုးရိမ်ရေမှတ်‎အထက်ကို နှစ်ပေကျော် တက်နိုင်တယ်။ ရေတက်နေဆဲဖြစ်တဲ့အတွက် ပြောင်းရွှေ့ရမယ့်လူတွေကလည်း များလာနိုင်တယ်” ဟု ဘီးလင်းဒေသခံ လူမှုကယ်ဆယ်ရေးသမားတစ်ဦးက ပြောသည်။

ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ရောက်ရှိနိုင်သည့်အတွက် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အချိန်မီပြောင်းရွှေ့ရန် မိုးဇလဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

မြစ်ရေ ဆက်လက်မြင့်တက်နေသည့်အတွက် ဘီးလင်းမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းလည်း ရေကျော်နိုင်သော ကြောင့် ခရီးသွားပြည်သူများ အသွားအလာ သတိပြုကြရန် ဘီးလင်းမြို့ခံများက ဆိုသည်။

ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေမြင့်တက်ကာ ရေးကြီးရေလျှံမှု နှစ်စဉ် ဖြစ်ပွားလေ့ရှိပြီး သောင်းနှင့်ချီ ဒေသခံများ ရေဘေးကြုံတွေ့ရသလိုလယ်ဧက ထောင်နှင့်ချီ ရေမြုပ်မှုများ နှစ်စဉ် ကြုံတွေ့နေရသည်။