အေစီမီလန်အသင်းနဲ့ အီတလီလက်ရွေးစင်အသင်းတို့ရဲ့နာမည်ကျော် နောက်ခံလူ ဘာရီဆီ ဟာ ဇူလိုင်လ ၃၁ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီလို့ BBC Sports သတင်းတစ်ရပ်က ဖော်ပြလိုက်ပါတယ်။
ဂန္ထဝင်နောက်ခံလူ ဘာရီဆီ ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘဝဖြတ်သန်းမှု တစ်လျှောက်လုံးကို အေစီမီလန်တစ်သင်းတည်းအတွက် ကစားပေးခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝဖြတ်သန်းမှု နှစ်ပေါင်း ၂၀ ကာလအတွင်း ၁၅ နှစ်ကို အေစီမီလန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခွင့်ရရှိခဲ့ပါတယ်။
အေစီမီလန်အသင်းဟာ ဘာရီဆီ ကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်အဖြစ် ကျောနံပါတ်ကို ၆ ကို ထာဝရအနားပေးခဲ့ပါတယ်။
ဂန္ထဝင်ကစားသမားကြီး ဘာရီဆီ ကွယ်လွန်တဲ့သတင်းကို ကြားသိလိုက်ရတဲ့အတွက် မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း အေစီမီလန်အသင်းနဲ့ အီတလီဘောလုံးအဖွဲ့ချုပ်တို့က သတင်းထုတ်ပြန်ထားပြီလည်းဖြစ်ပါတယ်။
ကျောနံပါတ်ကို ၆ ကို အနားပေးပြီး ဂုဏ်ပြုခံခဲ့ရတဲ့ ဘာရီဆီ ဟာ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်အရွယ်ရှိနေခဲ့ပြီဖြစ်ပြီး ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲဟာလည်း ဘာရီဆီ အတွက် အမှတ်ရစရာတစ်ခုပဲဖြစ်ပါတယ်။
၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အီတလီအတွက် ကိုယ်စားပြုပြီး နော်ဝေနဲ့ ယှဉ်ပြိုင်ရတဲ့ အုပ်စုဒုတိယပွဲစဉ်မှာ ဘာရီဆီ က ညာဘက်ဒူးဆစ် အတွင်းအရိုးနု စုတ်ပြဲသွားလို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။
အဲ့ဒီအချိန်ကာလတုန်းက ဒီဒဏ်ရာအမျိုးအစားနဲ့ ဒီလိုခွဲစိတ်ကုသမှုတွေဟာ ဒဏ်ရာအပြည့်အဝ ပြန်လည်ကောင်းမွန်ဖို့ အနည်းဆုံးအဖြစ် ၃ လကနေ ၆ လ အနားယူရတတ်ပေမယ့် ဘာရီဆီက သူ့ရဲ့ဒဏ်ရာကို အီတလီအသင်းနဲ့အတူ ကယ်လီဖိုးနီးယားမှာ ဆက်လက်နေထိုင်ပြီး ကုသမှုခံယူခဲ့တာဖြစ်ပါတယ်။
အီတလီအသင်းက ၁၉၉၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဘရာဇီးနဲ့ ယှဉ်ပြိုင်ဖို့အတွက် တက်လှမ်းရောက်ရှိသွားချိန်မှာ ဘာရီဆီရဲ့ဒဏ်ရာကို ခွဲစိတ်ကုသထားတာက ၂၅ ရက်ပဲ ရှိသေးတာပါ။
ဒါပေမဲ့ အံ့အားသင့်စရာကောင်းလောက်အောင်ပဲ ဘာရီဆီရဲ့ဒဏ်ရာက သက်သာလာခဲ့ပြီး ဖိုင်နယ်ပွဲကို အီတလီအတွက် သူပါဝင်ကစားပေးခွင့် ရရှိခဲ့ပါတယ်။
ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဘရာဇီးရဲ့အကောင်းဆုံးတိုက်စစ်မှူးတွေဖြစ်တဲ့ ရိုမာရီယိုနဲ့ ဘီဘီတို တို့ကို ဘာရီဆီက အကောင်းဆုံးထိန်းချုပ် ဟန့်တားပြသွားခဲ့တာပါ။
ပွဲကစားဖို့ ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ကြားကနေ မိနစ် ၁၂၀ လုံးလုံး အီတလီခံစစ်ကို အကောင်းဆုံးဦးဆောင်ပြီး ဘရာဇီးအသင်း ဂိုးမသွင်းနိုင်အောင် ထိန်းပြနိုင်ခဲ့လို့ ဘာရီဆီရဲ့စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို မီဒီယာတွေက တခမ်းတနား ရေးသားဂုဏ်ပြုခဲ့ရပါတယ်။
အချိန်ပိုပြီးဆုံးလို့ ပင်နယ်တီ အဆုံးအဖြတ်ခံယူရတဲ့အချိန်မှာ အီတလီအသင်းအတွက် ပထမဆုံး ပင်နယ်တီကန်သွင်းသူအဖြစ် တာဝန်ယူခဲ့ပေမယ့် ပင်နယ်တီ လွဲချော်သွားခဲ့လို့ ဘာရီဆီ ကြေကွဲဝမ်းနည်းခဲ့ရပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ပြီးတဲ့နောက် တစ်ပွဲလုံး အကောင်းဆုံးကစားပြခဲဲ့တဲ့ ဝါရင့်နောက်ခံလူကြီး ဘာရီဆီ ကွင်းလယ်မှာ ကလေးငယ်တစ်ယောက်လို ရှိုက်ကြီးတငင် ငိုကြွေးခဲ့တဲ့ မြင်ကွင်းက ဒီနေ့ထိတိုင် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းရဲ့ မေ့မရနိုင်စရာ စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်တွေထဲက တစ်ခုအဖြစ် ပါဝင်နေဆဲပဲ ဖြစ်ပါတယ်။
ဗိုလ်လုပွဲအတွက် အကောင်းဆုံး ပြန်လာနိုင်ခဲ့မှုနဲ့ ဗိုလ်လုပွဲ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရပေမယ့် ESPN တို့လို အားကစားမီဒီယာတွေက ဘာရီဆီ ကို “Victory in defeat” (ရှုံးနိမ့်မှုကြားမှ အောင်နိုင်သူ) အဖြစ် ဒီနေ့ထိတိုင် အမွှမ်းတင် ချီးကျူးကြပါတယ်။
ဘာရီဆီ ဟာ ၁၉၉၄ ကမ္ဘာ့ဖလားဖိုင်နယ်မှာ အီတလီအသင်း အရေးနိမ့်ခဲ့ရမှုအတွက် ဘက်ဂီယိုရဲ့ ပင်နယ်တီလွဲချော်မှုတွေကို ထောက်ပြဝေဖန်တာတွေအတွက်လည်း မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့သူ ဖြစ်ပါတယ်။







