ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းတွင် စစ်အာဏာရှင်တပ် ဒေသခံများကို ဖမ်းဆီးငွေညှစ်

July 10, 2026

ပုံစာ - သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခု (ပုံဟောင်း) ဓာတ်ပုံ - MOI

သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းထိုးနေသည့် တပ်ဖွဲ့တို့က ဒေသခံများကို ဖမ်းဆီးကာ ငွေညှစ်ကြောင်း ဒေသခံများက ပြောသည်။

မြိတ်-ထားဝယ် ကားလမ်းရှိ ပန်းတောနှင့် ဝင်းဝစခန်း စစ်ဆေးဂိတ်တို့တွင် ခရီးသွားလူငယ်အမျိုးသားများကို တင်းကျပ်စွာ စစ်ဆေးမေးမြန်းလေ့ရှိသလို ဖမ်းဆီးကာ စစ်မှုထမ်းစုဆောင်းခြင်းလည်းရှိကြောင်း ဒေသခံများက ဆိုသည်။

ယင်းအပြင် သရက်ချောင်းမြို့နယ်သို့ စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည်လည်း လူငယ်အမျိုးသားအချို့ကို ရိုက်နှက်ခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေပြီး မိဘများအား ငွေဖြင့် ပြန်လည်ထုတ်ယူခိုင်းကြောင်း ဒေသခံများက ပြောဆိုသည်။

ယခု ဇူလိုင်လ ဒုတိယအပတ်တွင် လိုင်းကားဖြင့် လိုက်လာသည့် ဂုံညှင်းဆိပ်ရွာက လူငယ်အမျိုးသားတစ်ဦးကို ဝင်းဝစခန်း စစ်ဆေးရေးဂိတ်က ဖမ်းဆီးခဲ့သဖြင့် မိဘများက ငွေပေးကာ ပြန်ထုတ်ခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ကားပေါ်ကနေ သူ့တစ်ယောက်တည်းကိုပဲ ဆွဲချခဲ့တယ်။ နောက်တစ်နေ့မှ သူ့မိဘတွေလိုက်ထုတ်ရတယ်။ ငွေပေးရတယ်လို့ ပြောတယ်။ ဖမ်းတာက ဘာကြောင့်ဖမ်းလဲ သေချာမသိဘူး” ဟု ၎င်းက ပြောသည်။

လူငယ်တစ်ဦးလျှင် ငွေကျပ်ငါးသိန်းခန့်မှ သိန်းငါးဆယ်ခန့်အထိ ပေး၍ထုတ်ရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ဝင်းဝစခန်းသိမ်းတိုက်ပွဲအပြီးတွင် လူငယ်လူရွယ်များကို ဖမ်းဆီးမှုများ ရှိလာသဖြင့် ကားသမားများမှာ လူငယ်ပိုင်း အမျိုးသားများကို မတင်ဆောင်တော့ကြောင်း ကားပိုင်ရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

“အခုတလောမှာကို ဖမ်းတယ် ဆီးတယ်ဆိုတာတွေ ဖြစ်လာတာ။ အဲဒီကတည်းက ကျွန်မတို့လည်း ကုန်ပဲ တင်တော့တယ်။ လူမတင်တော့ဘူး။ အဓိက လူငယ်ပိုင်းတွေကိုပဲ ဆွဲတာ။ လူကြီးပိုင်းတွေဆို ပြန်လွှတ်တယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းကလည်း ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းများရှိသောကြောင့် ဒေသခံများမှာ လူငယ်အမျိုးသားများကို ရွာတွင် မနေခိုင်းရဲသည့် အခြေနေဖြစ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“အခုက လူငယ်ကလေးတွေကို မိဘတွေ ဦးတွေ အဒေါ်တွေက ရွာမှာမနေခိုင်းကြဘူး။ လှေထဲ ထည့်လိုက်တာများတယ်။ တချို့လည်း ထိုင်းသွား၊ မလေး သွားခိုင်းနေရတယ်။ ရွာမှာကို မနေခိုင်းရဲဘူး” ဟု ပြင်းဖြူကြီးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထားဝယ်ခရိုင်တွင် အလုပ်လုပ်နိုင်သည့် လူငယ်အမျိုးသားများ နည်းပါးလာသဖြင့် ဥယျာဉ်ခြံလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင် လုပ်သားရှားပါးမှုများဖြင့် ရင်ဆိုင်ကြုံတွေ့နေရသည်။