ထိုင်းနိုင်ငံတွင် ဇူလိုင်လ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆု ဘတ် ၆ သန်းကို မြန်မာနိုင်ငံသား ၂ ဦး ကံထူးသွားကြောင်း MHAC မဟာမိတ် အဖွဲ့ထံမှ သိရသည်။
မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦးနှင့် လူငယ် ၁ ဦးတို့က ထိုင်းထီ ပထမဆု ၆၃၉၂၁၄ တွင် ခြောက်လုံးတိုက် ပထမဆုကို ကံထူးခဲ့သဖြင့် တစ်ဦးလျှင် ဘတ် ၆ သန်း စီရရှိခဲ့ခြင်းဖြစ်သည်။
ထိုင်းထီ ပထမဆုဖြစ်သော ဘတ် ၆ သန်း ကံထူးရှင်များမှာ ရခိုင်ပြည်နယ် မင်းပြားဒေသခံ ဇနီးမောင်နှံနှစ်ဦးနှင့် နောက်တစ်ဦးမှာ ရန်ကုန်ဒေသခံ လူငယ်တို့ဖြစ်သည်။
ထီပေါက်သူများက ဆုငွေထုတ်ယူပေးရန် အကူအညီတောင်းခံခဲ့သဖြင့် ဇူလိုင်လ ၁၇ ရက်နေ့တွင် ဆုငွေထုတ်ယူပေးခဲ့ပြီး ထီပေါက်သူများလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောသည်။
“ရန်ကုန်က လူငယ်ဆိုရင် ထိုင်းကိုရောက်တာ လပိုင်းပဲ ရှိသေးတယ်။ ထိုင်းထီကိုလည်း ပထမဆုံးထိုးတဲ့အချိန် ပေါက်သွားတာ” ဟု ကိုရဲမင်းက ဆိုသည်။
လက်ရှိတွင် ကိုရဲမင်းဦးဆောင်သော အလုပ်သမားအဖွဲ့အစည်းကနေတစ်ဆင့် ထိုင်းထီပထမဆုကို ကူညီထုတ်ယူပေးနေသည်မှာ ၆၉ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံသားများသည် ထိုင်းထီကံထူးခဲ့ပါက လိမ်လည်သူများကို သတိထားကြရန်နှင့် ဆုငွေထုတ်ယူနိုင်ရေး မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းကြရန် ကိုရဲမင်းက တိုက်တွန်းသည်။
ဓာတ်ပုံ – MHAC







