ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တော်ပြန်ဖို့ ကြောက်နေတဲ့ မြိတ်က ပင်လယ်ပျော်ကြီး

May 1, 2026

မစ္စတာတက်ဒ်သည် တစ်တောင်ခန့်ရှည်သည့် သစ်သားထွင်းလှေလေးကို သေသေချာချာ အချောသတ်နေသည်။ ဒီလှေငယ်တစ်စီး ဆောက်လုပ်ပြီးစီးလျှင် ဘတ် ၁,၅၀၀ ဖြင့် ရောင်းနိုင်ပြီဖြစ်သည်။

ဆယ်စုနှစ်ချီ လုပ်ကိုင်လာသည့် အလုပ်ဖြစ်သောကြောင့် လှေငယ်တစ်စီးကို ၃ ရက်အတွင်း အမှားအယွင်းမရှိ၊ တွေဝေတုံ့ဆိုင်းမှုမရှိဘဲ သူ အပြီးသတ်နိုင်ပါသည်။ ဤလှေငယ်သည် သူနေထိုင်သည့် ကျွန်း၏ အမှတ်လက္ခဏာ လက်လုပ်ထုတ်ကုန်တစ်ခု ဖြစ်သည်။

“မော်ကင်းရိုးရာလှေ”

မော်ကင်းတို့၏ သက်မွေးဝမ်းကျောင်းအတွက်သာမက ပင်လယ်ပျော်တို့၏ ကွန်းခိုနေထိုင်ရာ ဘိုးဘွားအမွေ ရိုးရာလှေဖြစ်သည်။ ၆ လံမျှရှိသော ရိုးရာလက်ခတ်လှေကြီးနှင့် ပုံစံချင်း ချွတ်စွပ်တူသည့် တစ်တောင်ခန့် လှေငယ်လေးဖြစ်သည်။ ဤကျွန်းတွင် မော်ကင်း ခေါ် ပင်လယ်ပျော်ကြီး မစ္စတာတက်ဒ်မှလွဲ၍ ကျန်သူများမှာ ရိုးရာလှေပုံတူကို မလုပ်တတ်ကြတော့ပေ။

မြိတ်ကျွန်းစုဖွား တက်ဒ်

သူလက်ရှိ နေထိုင်သည့်ကျွန်းမှာ ကမ္ဘာလှည့်ခရီးသွား နေ့စဉ် ရာချီလာရောက်နေသည့် ထိုင်းနိုင်ငံပိုင် တူရွင်းကျွန်း (Koh Surin Tai) ဖြစ်သည်။

တူရွင်းကျွန်းသည် မြန်မာ-ထိုင်း တောင်ပိုင်းနယ်စပ်မြို့များဖြစ်သည့် ကော့သောင်းနှင့် ရနောင်းမြို့တို့၏ အနောက်ဘက် ပင်လယ်ပြင်တွင် တည်ရှိပြီး ကမ်းစပ်မှ လှမ်းမြင်ရသည့် ကျွန်းတန်းအုပ်စုထဲမှ တောင်ဘက်အကျဆုံး ကျွန်းငယ်တစ်ခု ဖြစ်သည်။

ထိုကျွန်းအုပ်စု၏ အကြီးဆုံးကျွန်းမှာ ဇာဒက်ကြီးကျွန်းဖြစ်ပြီး မြန်မာနိုင်ငံပိုင် ဖြစ်သည်။

တူရွင်းကျွန်းမှာမူ ထိုင်းကမ်းခြေနှင့် အဝေးဆုံးရှိသည့် ထိုင်းနိုင်ငံပိုင် နယ်စပ်ကျွန်းတစ်ခုပင် ဖြစ်သည်။

ထိုကျွန်းပေါ်တွင် အသက်အကြီးဆုံး မော်ကင်းအိုကြီး မစ္စတာတက်ဒ် အပါအဝင် မော်ကင်းလူမျိုး ၄၀၀ ခန့် နေထိုင်ကြသည်။ တစ်နည်းဆိုလျှင် မော်ကင်းမျိုးနွယ်စု တစ်ခုလုံး၏ ငါးပုံတစ်ပုံကျော်မှာ ဤထိုင်းပိုင်ကျွန်းတွင် နေထိုင်နေကြခြင်း ဖြစ်သည်။

မြိတ်ကျွန်းစုဖွား မော်ကင်းတိုင်းရင်းသား တက်ဒ် အပါအဝင် မော်ကင်းမျိုးနွယ်စု တစ်ခုလုံးမှာ လူဦးရေ ၁,၈၀၀ ကျော်သာ ရှိပါတော့သည်။

သားသမီး ၁၁ ဦး၏ ဖခင် မော်ကင်းအိုကြီး မစ္စတာတက်ဒ် ခေါ် အတက်ကတော့ ဤကျွန်းတွင် အခြေကျနေပါပြီ။ ယခင်ကလို ကျွန်းတကာလှည့်လည်သည့် ပင်လယ်ဂျစ်ပစီဘဝဖြင့် မနေထိုင်တော့ပေ။ ရေငုပ်ငါးဖမ်းခြင်း၊ ကင်းမွန်မျှားခြင်းနှင့် ခရုကောက်သည့် အလုပ်များ မလုပ်တော့သည်မှာ ဆယ်စုနှစ်တစ်ခု ကြာခဲ့ပြီဖြစ်သည်။

လက်ရှိ သူလုပ်ကိုင်နေသည်မှာ ကျွန်းသို့လာသည့် ခရီးသွားများ လေ့လာဝယ်ယူနိုင်ရန် မော်ကင်းရိုးရာ လက်လုပ်သစ်သားရုပ်တုများ ထွင်းထုခြင်းဖြစ်သည်။ လှေရုပ်၊ မော်ကင်းလူမျိုးအရုပ်နှင့် ငါးအရုပ်များ ထွင်းထုပြသ ရောင်းချခြင်းက သူအကျွမ်းကျင်ဆုံး အလုပ်ဖြစ်နေပြီဖြစ်သည်။

သူနှင့် သူ့မိသားစု ဝမ်းစာအတွက် အိမ်ရှေ့တွင် ခင်းကျင်းရောင်းချသော ရိုးရာလက်လုပ်ပစ္စည်း အရောင်းဆိုင်လေးမှ ရရှိသည့် ဝင်ငွေမှာ လုံလောက်မှုရှိပါသည်။ ဤတူရွင်းကျွန်းသည် သူ့ဘဝတွင် ကြုံဖူးသမျှထဲ၌ အလုံခြုံဆုံးသော ကျွန်းတစ်ခု ဖြစ်နေပါသည်။

ထိုင်းအစိုးရက သူနှင့် သူ့မျိုးနွယ်စုကို ကောင်းစွာစောင့်ရှောက်ကာ လူပီသစွာ ရှင်သန်နေထိုင်ခွင့်အတွက် ဘဝအာမခံချက် ပေးခဲ့ကြသည်။

“ထိုင်းတွေက မော်ကင်းတွေကို ယုံတယ်၊ နေမကောင်းဖြစ်ရင် သူတို့က ဆေးရုံခေါ်သွားပြီး ဆေးကုပေးတယ်၊ ပိုက်ဆံမပေးရဘူး၊ ကိုယ်ဝယ်စားတာပဲ ပေးရတယ်” ဟု အတက်က အေးအေးလူလူ ပြောသည်။

သူက ထိုင်းအစိုးရ ထုတ်ပေးထားသည့် စမတ်ကတ်ပြားကို ထုတ်ပြသည်။

ကတ်ပြားခေါင်းစီးတွင် “မှတ်ပုံတင်မရှိသူများအတွက် မှတ်ပုံတင်ကတ်” ဟု ထိုင်းဘာသာဖြင့် ရေးသားထားသည်။ မှတ်ပုံတင်ကတ်ပါ အမည်မှာ မစ္စတာတက်ဒ် ဖြစ်သည်။

ဖန်ငခရိုင်၊ ကူရာဘူရီ မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး လက်မှတ်ဖြင့် ၂၀၁၈ ခုနှစ် ဇွန်လက ထုတ်ပေးထားသည့် ထိုကတ်ပြား၏ သက်တမ်းကုန်ဆုံးရက် နေရာတွင် “ဘဝတစ်လျှောက်လုံး” ဟု ရေးသားထားသည်။

“ထိုင်းစစ်သားတွေက အနိုင်မကျင့်ဘူး၊ ခုလည်း ကြည့်လေ၊ (မော်ကင်းတွေ) တစ်ယောက်ပြီးတစ်ယောက် (ကျွန်းပေါ်) လာနေတာပဲ၊ နေစရာမရှိလည်း ပေးနေတာပဲ” ဟု အတက်က ပြောသည်။

မှတ်ပုံတင်ကတ်ပြားပေါ်တွင် မွေးခုနှစ်ကို ၂၄၉၆ ဟု ဖော်ပြထားသည်။ မှတ်ပုံတင်အရ ၇၂ နှစ် ရှိပြီဖြစ်သော်လည်း ထိုထက်မက အသက်ပိုကြီးနိုင်ပါသည်။ ကြေးနီရောင် အသားအရေရှိသော မော်ကင်းအိုကြီး မစ္စတာတက်ဒ်သည် လမ်းလျှောက်လျှင် ခါးအနည်းငယ် ကိုင်းနေသည်မှအပ သန်စွမ်းကျန်းမာနေပါသေးသည်။ သူ၏ နောက်ဆုံးနေဝင်ချိန်ကို သူ့ဘိုးဘွားတို့ ခေါင်းချရာ ဤထိုင်းမော်ကင်းကျွန်းတွင်ပင် အဆုံးသတ်တော့မည်ဟု ဆုံးဖြတ်ထားသည်။

သူသည် သူ့မွေးရပ်မြေကို ကောင်းစွာမှတ်မိနေပါသည်။ နာကျည်းရင်နင့်စရာများနှင့်အတူ မှတ်မိနေခြင်း ဖြစ်သောကြောင့် သူ့မွေးရပ်သို့ မပြန်လိုတော့ပေ။

“သွားလည်း မသွားချင်၊ ပြန်လည်း မပြန်ချင်တော့ဘူး၊ (မြန်မာ) စစ်သားတွေ အနိုင်ကျင့်မှာ ကြောက်လို့” ဟု အတက်က မျက်လွှာချကာ ပြောသည်။

မျက်လွှာအောက်က သူ့မျက်ဝန်းတို့မှာ ရည်ဝေလျက်။ မြိတ်ကျွန်းစုတွင် ကြုံခဲ့ရသော သူငယ်ဘဝက လွတ်လပ်ပျော်ရွှင်မှုများ၊ ဖိနှိပ်စော်ကားခံရမှုများ၊ အသက်ဘေး ခြိမ်းခြောက်ခံရမှုများနှင့် ရောယှက်နေသည်။ သူကြီးပြင်းခဲ့သည့် ပင်လယ်ပြင်က ဒီရေလိုပင် သူ့ဘဝမှာလည်း အတက်အကျ၊ အနိမ့်အမြင့်များစွာ ရှိခဲ့သည်။

စကားပြောရင်း တုန်တုန်ယင်ယင် ဖြစ်နေသော သူ့လက်တို့သည် လူငယ်ဘဝက မော်ကင်းငါးထိုးမှိန်းကိုင်ကာ ရဲရင့်ခဲ့ဖူးသည်ကို မေ့သေးဟန်မတူပေ။

သူမွေးဖွားခဲ့သည့် မြိတ်ကျွန်းစုအလယ်ရှိ အိုဝင်ကျွန်းခေါ် ပုလဲကျွန်းတွင် သူနှင့်အတူ ဆယ်ကျော်သက် မော်ကင်းတိုင်းက ငါးထိုးမှိန်းကို ကျွမ်းကျင်စွာ ကိုင်တွယ်ငါးဖမ်းနိုင်ခဲ့ကြသည်။

စုဆောင်းလိုစိတ်မရှိဘဲ လောဘနည်းစွာဖြင့် နိစ္စဓူဝ စားဝတ်နေရေးအတွက်သာ ရှာဖွေလေ့ရှိသော သူတို့လူမျိုးစု၏ ဓလေ့စရိုက်အရ သူတို့မွေးဖွားရာကျွန်းမှာ စားဝတ်နေရေး ဖူလုံစေသည့် မကုန်ခမ်းနိုင်သော ပဒေသာပင်ကြီးပမာ။

အလေ့ကျပေါက်နေသော စားပင်၊ သီးပင်၊ အရွက်ပင်တို့မှာ ကျွန်းသူကျွန်းသားများ စားမကုန်နိုင်ပေ။ ဟင်းစားအတွက် ငါး၊ ကင်းမွန်၊ ခရု၊ ကဏန်း စသည်တို့မှာ လက်လှော်လှေငယ်လေးဖြင့် ကျွန်းကမ်းစပ်တစ်လျှောက် ခဏပတ်လိုက်ရုံဖြင့် ရရှိနိုင်သည်။

အလှဆင်ပစ္စည်း ခရုစေတီများ ကောက်ယူကာ အခြားကျွန်းမှ ရွာကြီးများသို့ သွားရောက်ပြီး ဆန်၊ ဆီ၊ ဆေး၊ ဆား လိုအပ်သော ပစ္စည်းများနှင့် လဲလှယ်နိုင်သည်။ ရေငုပ်ငါးထိုးရင်း တန်ဖိုးကြီး သဘာဝပုလဲ ရရှိပါက မိဘများက စုဆောင်းထားပြီး မြိတ်မြို့သို့ တက်ရောင်းကြလျှင် အပြန်တွင် မြို့ပြလက်ဆောင် ထူးထူးဆန်းဆန်းလေးများ ပါလာတတ်သည်မှာ ပျော်စရာပင်။

ထိုပျော်စရာများကို ရိုက်ချိုးလိုက်သည်မှာ သူတို့ကျွန်းပေါ်သို့ ရောက်ရှိလာသည့် ဗမာစကားပြောသော လက်နက်ကိုင် လူစိမ်းများဖြစ်သည်။ (မြန်မာစစ်သားများ အပါအဝင်) ထိုလူစိမ်းများက ပုလဲမွေးမြူမည်ဟု ပြောဆိုကာ သူတို့ငါးဖမ်းနေသော ရေငြိမ်သည့် ကျွန်းကပ်ပင်လယ်အော်လေးများကို သိမ်းပိုက်လိုက်ကြသည်။

ထိုနေရာများသို့ လုံးဝဝင်ရောက်ခွင့် မရှိတော့ပေ။ ၎င်းတို့ယူထားသည့် နေရာကမ်းခြေများမှ လက်ရှိနေထိုင်သူများကို နှင်ထုတ်ကြသည်။

“အိမ်ပေါ်က ဆွဲချခံရတယ်၊ ဘာပစ္စည်းမှ ယူခွင့်မရဘူး” ဟု အတက်က ပြောသည်။

ထိုအခါ သူတို့လူမျိုးစုမှာ အခက်တွေ့လာကြသည်။ ရေချိုရှိကာ ပြေပြစ်ပြီး လူနေရန် သင့်တော်သည့် ကမ်းခြေများတွင်လည်း နေခွင့်မရ၊ အန္တရာယ်ကင်းကင်းနှင့် ငါး၊ ခရု ရှာနိုင်သည့် အော်များတွင်လည်း လှည့်လည်ကျက်စားခွင့် မရတော့ပေ။

ကြားထဲတွင် ထိုလူစိမ်းတို့က သူတို့ကို သူခိုးဟု စွပ်စွဲကာ ရိုက်နှက်နှိပ်စက်ကြပြန်သည်။ လူစိမ်းတို့ ပုလဲမွေးမြူထားသော ကမာကောင်ခြင်းများတွင် မော်ကင်းငါးဖမ်းမှိန်းလှံ တွေ့ရှိသည်ဟု ချောက်ချကာ ဖမ်းဆီးကြသည်။ လောဘနည်းကာ ရိုးသားသော သူတို့လူမျိုးစုမှာ အသည်းခိုက်အောင် နာကြည်းကြရသည်။

“ငါတို့ မခိုးဘူး၊ သူတို့ဟာက ပုလဲအတုတွေ၊ ဘာလို့ ခိုးမှာလဲ” ဟု အတက် ပြောချိန် လေသံတွင် မာနစွက်နေသည်။

မော်ကင်းတို့က ကမာကောင်ထဲ အဆံတစ်ခုထည့်ကာ ပုလဲဖြစ်စေသော လုပ်ငန်းမှရသည့် ပုလဲကို ပုလဲအတုဟု မှတ်ယူကြသည်။ ကမာထဲ၌ သဘာဝအတိုင်း ရှာဖွေတွေ့ရှိသည့် ပုလဲပင်လျှင် သူတို့အချင်းချင်း မခိုးတတ်ကြပေ။

မော်ကင်းတို့ မည်မျှပင် ရှင်းပြပါစေ၊ ဤကျွန်းမှ သူတို့ကို နှင်ထုတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သော လူစိမ်းတို့က သူတို့အိမ်များကို မီးတင်ရှို့လိုက်ကြတော့သည်။

“ဓာတ်ဆီပုံးနဲ့လောင်းပြီး မီးရှို့လိုက်တာ” ဟု ပြောရင်း အတက်က မီးခြစ်ဆံကို စက္ကူဗူးခွံပါ ယမ်းပြားတွင် ခြစ်ကာ အိမ်ထဲသို့ ပစ်သွင်းဟန် လုပ်ပြသည်။

အိုဝင်ကျွန်းနေ မော်ကင်းတို့အတွက် သူတို့မွေးရပ်ကျွန်းမှ စွန့်ခွာရန်မှတစ်ပါး အခြားရွေးချယ်စရာ လမ်းမရှိတော့ပေ။

“ငါတို့တွေ လူစိမ်းတွေဝေးရာ ပြောင်းကြစို့ရဲ့”

လှေကြီးမရှိသည့် မော်ကင်းမိသားစုများကို မော်ကင်းလှေကြီးပေါ်တွင် တင်ဆောင်ကြသည်။ လက်ခတ်လှေငယ်များကို လှေကြီးနောက်က တန်းစီတွဲပြီး ကျွန်းကို စွန့်ခွာထွက်လာကြတော့သည်။

သူတို့လှေဦးမှာ လူစိမ်းတို့ လာခဲ့သည့်လမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော ပင်လယ်နက်ဘက်မှ မှုန်ပြပြ မြင်နေရသည့် ကျွန်းများဆီသို့ ဦးတည်ခဲ့သည်။

“လှေထဲမှာပဲ နေတာ၊ ကျွန်းတစ်ခုမှာ ခဏ တစ်ရက်နှစ်ရက် နား၊ ပြီးတော့ ဆက်သွား.. ဆက်သွားပေါ့လေ”

အတက်၏ မျက်လုံးများထဲတွင်မူ ထိုအချိန်က ဖြတ်ကျော်ခဲ့သည့် အခက်အခဲများနှင့် သိမ်ငယ်စိတ်များ ထင်ဟတ်နေပါသည်။

သူတို့ခရီးစဉ်ပါ အချို့မော်ကင်းများမှာ ရေကြည်ရာကျွန်းများတွင် နေရစ်ခဲ့ကြရင်း လူစုတဖြည်းဖြည်း ကွဲလာကြသည်။

သူ့အဖိုးဦးဆောင်သော သူတို့မိသားစုမှာမူ ကော့သောင်းခရိုင်အတွင်းရှိ လန်ပိအထိ ရောက်ရှိလာကာ အိုးအိမ်ထူထောင် နေထိုင်ကြသေးသည်။ ထိုသို့နေထိုင်ရင်း ဇာဒက်ကြီးကျွန်းဘက်သို့ ခရီးဆန့်ကြသည်။ သို့သော် စစ်သားနှင့် လူစိမ်းတို့မှာ သူတို့နေထိုင်ရာ ကျွန်းများသို့ ရောက်ရှိလာပြန်သည်။

အတက် လူပျိုဖြစ်စတွင် အတက်တို့မိသားစု အပါအဝင် အခြားမော်ကင်းအချို့မှာ ကျွန်းများကို လှည့်လည်ရင်း ယခုကျွန်းသို့ ရောက်ရှိလာကာ အခြေချခဲ့ကြသည်။ ၎င်းတို့သည် ဤကျွန်းအား မည်သည့်အစိုးရ ပိုင်ဆိုင်သည်ကို မသိကြပေ။ ၎င်းတို့ သိသည်မှာ လူသူမရှိသည့် ကျွန်းတစ်ကျွန်းအဖြစ်သာ ဖြစ်သည်။

“ဒီကျွန်းမှာ လူမရှိဘူး၊ အိမ် ၇ ဆောင်လောက် ဆောက်ပြီး ငါတို့ စနေခဲ့ကြတယ်” ဟု အတက်က ပြောသည်။ ယင်းသည် တူရွင်းကျွန်း၏ မော်ကင်းရွာ အစပင် ဖြစ်တော့သည်။

အတက်သည်လည်း ဤကျွန်းရောက်မှ မော်ကင်းမလေးစဘိုင်နှင့် အကြောင်းပါခဲ့သည်။ အိမ်ထောင်ကျပြီး သား ၂ ဦး ထွန်းကားပြီးသည့်အချိန်တွင် ထိုင်းလူမျိုးများ ဤကျွန်းပေါ်သို့ ရောက်ရှိလာကြသည်။ ထိုင်းအာဏာပိုင်များက ၎င်းတို့ကို ကျွန်းမှ ထွက်ခွာသွားရန် ပြောဆိုပြန်သည်။ သို့သော် သိမ်မွေ့ကြပြီး မြန်မာစစ်သားများကဲ့သို့ မရိုင်းစိုင်းကြပေ။ ၎င်းတို့က စောဒကတက်ကာ အသနားခံကြသည်။

“ငါတို့မှာ သွားစရာ မရှိတော့ဘူး၊ ငါတို့ ဒီမှာနေတာ ကြာပြီ၊ နှင်ထုတ်လည်း အသေခံမယ်” ဟု အရဲစွန့်ကာ နေခွင့်တောင်းခဲ့ကြသည်။

ထိုင်းတို့ကလည်း ၎င်းတို့နေထိုင်ခဲ့သည်မှာ ကြာပြီဆိုသည်ကို သက်သေပြခိုင်းသည်။ ၎င်းတို့က ဘိုးဘွားများ မြှုပ်နှံသည့်နေရာကို ပြကြသည်။ မလုံလောက်သေးဟု ဆိုသဖြင့် ကျွန်းတောင်ပေါ် အမြင့်ပိုင်းရှိ တိုက်ပွဲဖြစ်ခဲ့ဖူးသော နေရာများကို လိုက်ပြကြသည်။ (တောင်ပေါ်တွင် တိုက်ပွဲဖြစ်ခဲ့ဖူးသော ဘန်ကာကျင်းများ၊ အိုးခွက်များ ရှိကြောင်း အတက်က ပြောပြသည်။) ထိုင်းတို့က ကျေနပ်သွားပြီး ၎င်းတို့ကို ဆက်လက်နေထိုင်ခွင့် ပြုလိုက်တော့သည်။

ယခုဆိုလျှင် ဤကျွန်းတွင် မော်ကင်းအိမ်ခြေ ၈၀ ကျော် ရှိနေပါပြီ။ လူပျိုပေါက်ကတည်းက ကျွန်းပေါ်ရောက်ခဲ့သော အတက်သည်လည်း မစ္စတာတက်ဒ်အဖြစ် ကျွန်း၏ အသက်ကြီးဆုံးသော မော်ကင်းအိုကြီး ဖြစ်နေပါပြီ။

ထိုင်းအာဏာပိုင်များကလည်း သူ့ကို တလေးတစား ဆက်ဆံကြပြီး အခါအားလျော်စွာ ထိုင်းနိုင်ငံ နေရာအချို့သို့ လိုက်လံပို့ဆောင်ပေးသည်။ ကျွန်းသို့လာသည့် ခရီးသွားများ၊ လှေပိုင်ရှင်များနှင့် လူမျိုးရေးလေ့လာသူများကလည်း သူ့ကို တလေးတစား ဆက်ဆံကြသည်။

ကြားကာလတစ်လျှောက်တွင် မြန်မာပြည်မှ ကျွန်းများဆီ ပြန်ခွင့်ကြုံခဲ့သော်လည်း သူ မပြန်ဖြစ်ပါ။ အနီးဆုံးဖြစ်သော ဇာဒက်ကြီး၊ ညောင်ဝိကျွန်းများမှ ဆွေမျိုးများ သေဆုံးသည့်တိုင် သူ မသွားဖြစ်တော့ပေ။

“သွားချင်မိတယ် စိတ်ကတော့။ အစ်မ၊ အစ်ကို သေတာတောင် သွားမကြည့်ရဲဘူး၊ ဆွေမျိုးတွေ မှာသေးတယ်၊ အဖိုးလာပါလားလို့၊ ကြောက်လို့ မသွားရဲဘူး” ဟု အတက်က ပြောပါသည်။

သူ ဘာကို ကြောက်သည်ဆိုသည်မှာ အထူးပြောစရာမလိုဘဲ မြန်မာစစ်တပ်ကို သူ မဆုံတွေ့ရဲတော့ခြင်း ဖြစ်သည်။ “မြန်မာစစ်သားတွေက အနိုင်ကျင့်တယ်” ဆိုသည်မှာ အတက်၏ လက်သုံးစကား ဖြစ်နေပါပြီ။

ယခုလက်ရှိ မြန်မာပြည်၏ အခြေအနေကိုလည်း သူ သိသင့်သလောက် သိပါသည်။ မြန်မာပြည်မှ ကျွန်းများမှလာသော မော်ကင်းတို့ထံမှ သူ သိရှိရခြင်း ဖြစ်သည်။ မြန်မာပြည်တွင် မြန်မာစစ်တပ်မှာ ယခင်ကထက် ပိုဆိုးနေသည်ကို သူ သိရှိနေကြောင်း ပြောပါသည်။ သို့ဖြစ်၍ ဤကျွန်းတွင်သာ ခေါင်းချရန် ဆုံးဖြတ်ချက်မှာ အပြောင်းအလဲ မရှိနိုင်တော့ပေ။

သို့သော် အတက်သည် မသေခင်တော့ မြန်မာကျွန်းများရှိ ဆွေမျိုးများဆီသို့ တစ်ခါတစ်ခေါက် အရောက်ပြန်ချင်နေသေးကြောင်း ဖွင့်ဟပါသည်။ စစ်တပ်မှ အနိုင်မကျင့်နိုင်တော့ဟု ယုံကြည်ရသည့် တစ်နေ့တွင်တော့ သူ့မွေးမြေကျွန်းများဆီသို့ ခဏပြန်ချင်ကြောင်း အောက်ပါအတိုင်း ပြောပါသည်။

“ခု အိုတဲ့ထိ မရောက်တော့ဘူး ညောင်ဝိတို့ ဂျလန်းတို့ကို၊ ရွာအေးချမ်းပြီ ဆိုရင်တော့ သွားကြည့်ချင်တယ်”

◼︎ လင်းခ