ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အယုဒ္ဓယတွင် အလုပ်ရှင်က မြန်မာလုပ်သား ခြောက်ဦးကို အလုပ်ထုတ်ပြီး ဘတ်တစ်သိန်း တောင်း

June 15, 2026

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်ရှင်က မြန်မာအလုပ်သမား ခြောက်ဦးကို လုပ်အားခ မထုတ်ပေးဘဲ အလုပ်ထုတ်လိုက်သည့်အပြင် ဘတ်တစ်သိန်းပါ ထပ်တောင်းနေသဖြင့် မြန်မာအလုပ်သမားများ အခက်အခဲဖြစ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမား ခြောက်ဦးသည် လမ်းဆောက်လုပ်ရေးလုပ်ငန်းတွင် နှစ်နှစ်ကျော်ကြာ လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သော နှစ်လခန့်မှစ၍ အလုပ်ရှင်က လုပ်အားခများကို မထုတ်ပေးတော့ကြောင်း အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားများသည် လုပ်အားခမရသဖြင့် စားဝတ်နေရေး အခက်အခဲဖြစ်နေစဉ် မြန်မာအလုပ်သမားများ ရဲအဖမ်းခံရစဉ်က စိုက်ထုတ်ပေးထားသည်ဟုဆိုကာ ဘတ်တစ်သိန်းကို အလုပ်ရှင်က ပြန်တောင်းနေသဖြင့် ပို၍ အခက်အခဲဖြစ်နေကြောင်း အဖွဲ့ထံမှ သိရသည်။

ယင်းအခက်အခဲများကို ဖြေရှင်းရန် မြန်မာအလုပ်သမားခြောက်ဦးက WAG အဖွဲ့ထံ ဇွန်လ ၁၁ ရက်နေ့က အကူအညီတောင်းခံခဲ့ကြောင်း ကိုမုန်တိုင်းက ပြောသည်။

“လက်ရှိ သူတို့ကို အလုပ်ရှင်က အလုပ်ဖြုတ်လိုက်ပြီ။ အဆောင်မှာလည်း နေခွင့် မပေးတော့ဘူးဆိုတော့ နေစရာအခက်အခဲလည်း ဖြစ်နေတယ်။ လုပ်ခလစာလည်း မရတဲ့ကြားက အလုပ်ရှင်က ဘတ်တစ်သိန်းပါ ထပ်တောင်းတော့ သူတို့လစာတွေ တစ်ပြားမှ ပြန်မရတော့ဘူးဆိုတဲ့ ပုံစံ ပေါက်နေတယ်” ဟု ကိုမုန်တိုင်းက ဆိုသည်။

မြန်မာအလုပ်သမားများသည် အလုပ်ရှင်ထံမှ လုပ်အားခအနေဖြင့် ဘတ်တစ်သိန်းခန့် ရရန်ရှိနေပြီး ယင်း ဘတ်တစ်သိန်းကို တောင်းခံစဉ် ယနေ့ ဇွန်လ ၁၅ ရက်နေ့အထိ မထုတ်ပေးခဲ့သည့်အပြင် အလုပ်သမားများ၏ စာရွက်စာတမ်းများကိုပါ သိမ်းဆည်းထားခဲ့ကြောင်း ၎င်းက ပြောသည်။

အလုပ်သမားများကလည်း ဘတ်အသစ်ရိုက်ထားသူများဖြစ်နေပြီး နယ်ကျော်အလုပ်လုပ်နေရသဖြင့် အလုပ်သမားရုံးများထံ တိုင်ကြားရန် အခက်အခဲရှိနေကြောင်း WAG အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် အလုပ်သမားများ၏ စာရွက်စာတမ်းများနှင့် လုပ်အားခများကို ပြန်လည်ရရှိရန် WAG အဖွဲ့နှင့် ပူးပေါင်းပြီး အလုပ်သမားရုံးထံ တိုင်ကြား၍ အလုပ်ရှင်နှင့် ညှိနှိုင်းရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။