ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး ခုနစ်လကိုယ်ဝန်ကို ဖျက်ချပြီး သန္ဓေသားအလောင်းကို မြေမြှုပ်

August 21, 2026

ပုံစာ - ကလေးမြှုပ်နှံထားသောနေရာ။

ထိုင်းနိုင်ငံအရှေ့ပိုင်း ရယွန်ခရိုင်တွင် မြန်မာအမျိုးသမီးတစ်ဦးသည် ခုနစ်လကိုယ်ဝန်ကို ဖျက်ချပြီး သန္ဓေသား အလောင်းကို မြေမြှုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့က အရေးယူရန် စီစဉ်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ယနေ့ ဩဂုတ်လ ၂၁ ရက် နံနက် ၇ နာရီခန့်က ရယွန်ခရိုင် ပလွတ်ဒဲဒေသရှိ ဆောက်လုပ်ရေး အလုပ်သမားများနေထိုင်ရာ အဆောင်တွင် အသက် ၂၃ နှစ်အရွယ် မြန်မာအမျိုးသမီးသည် ကိုယ်ဝန်ကို ဖျက်ချခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးသည် ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် ရောက်လာခဲ့သော်လည်း အလုပ်မရှိ ဝင်ငွေလည်း မရှိသည့်အချိန်တွင် ဒုတိယ ကိုယ်ဝန် ရရှိလာခဲ့ကြောင်း အမျိုးသားဖြစ်သူက ဘာသာပြန်မှတစ်ဆင့် ရဲတပ်ဖွဲ့ထံ ပြောသည်။

၎င်းတို့တွင် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး မြန်မာနိုင်ငံတွင် ရှိနေပြီးဖြစ်ပြီး နောက်ထပ် ကလေးငယ်ကို ပြုစုစောင့်ရှောက်ရန် အခက်အခဲရှိနေခဲ့ကြောင်း ဆိုသည်။

မြန်မာအမျိုးသမီးသည် ထိုင်းနိုင်ငံ၏ ဥပဒေကို နားမလည်ဘဲ ကိုယ်ဝန်ဖျက်ချဆေးများကို အွန်လိုင်းမှတစ်ဆင့် မှာယူ၍ သုံးရက်ခန့် သောက်သုံးခဲ့ပြီးနောက် ယနေ့ နံနက်တွင် ကလေးငယ်က သေဆုံးလျက် မွေးလာခဲ့ကြောင်း ပြောဆိုသည်။

မြန်မာအမျိုးသမီးသည် ကိုယ်တိုင် အချင်းကို ဖြတ်၍ အဆောင်အနီးတွင် ကျင်းတူးကာ ကလေးငယ်၏ အလောင်းကို မြှုပ်နှံခဲ့ကြောင်း ဖော်ပြသည်။

ယင်းအချိန် အမျိုးသမီးသည် သွေးထွက်လွန်နေပြီး အခြေအနေလည်း ပိုမိုဆိုးရွာလာခဲ့သဖြင့် ဆေးရုံတက် ကုသမှု ခံယူစဉ်ဖြစ်စဉ်အမှန်ကို ဆရာဝန်ကို ပြောပြခဲ့ရာမှ ဆရာဝန်မှတစ်ဆင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ကိုယ်ဝန် ၇ လတွင် ကလေးငယ်ကြီးနေပြီဖြစ်သဖြင့် ဖျက်ချရန် မသင့်တော်ဟု အနီးနေထိုင်သူများက သတိပေးခဲ့သေးကြောင်း ဆိုသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီး သက်သေများကို စုဆောင်းကာ ဥပဒေအရ ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။

Ref: CH 7, Tnews