ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ ပေါ်တူဂီက ဒီအာရ်ကွန်ဂိုနဲ့ တစ်ဂိုးစီ သရေဖြစ်သွားခဲ့ပါတယ်။ ဒီတော့ စီရော်နယ်ဒိုနဲ့ သူ့ရဲ့ပေါ်တူဂီတော့ အိမ်ပြန်ဖို့ အထုပ်ပြင်ထားလိုက်သင့်ပြီဆိုတဲ့ ဝေဖန်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ပါတော့တယ်။
တကယ်တော့ ပေါ်တူဂီသာ အိမ်ပြန်စောသွားခဲ့ရင် နာမည်ကြီး နက္ခတ်ဗေဒပညာရှင်ကြီးလည်း အရှက်ကွဲရမှာပါ။ သူက ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပေါ်တူဂီ ချန်ပီယံဖြစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ထားတာ ဖြစ်ပါတယ်။ ဒီတော့ ပေါ်တူဂီသာ တစ်ကွက်မှားရင် “မင်းဝင်ရင် အကုန်ဝင်သွားမှာ”ဆိုတဲ့အကွက်တွေ မီးခိုးကြွက်လျှောက် ဖြစ်လာတော့မှာပါပဲ။
ဒီနေရာမှာ ထူးခြားတဲ့တိုက်ဆိုင်မှုကြီးတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ ယူရို ၂၀၁၆ ပြိုင်ပွဲကြီးတုန်းကလည်း ပေါ်တူဂီဟာ အုပ်စုအဖွင့်ပွဲကို အိုက်စလန်နဲ့ တစ်ဂိုးစီ သရေကျပြီး ဝေဖန်ခံခဲ့ရတာပါပဲ။ အဲ့ဒီတုန်းကလည်း ပေါ်တူဂီနဲ့ စီရော်နယ်ဒိုတော့ ပြုတ်စော်နံသွားပြီ ခေါင်းစဉ်မျိုးနဲ့ မီဒီယာတွေက ရေးခဲ့သေးတာပါ။ ဒါပေမဲ့ ပေါ်တူဂီ ဟာ ဖိုင်နယ်အထိတက်ပြီး ချန်ပီယံဆုဖလားကြီးကိုပါ ဆွတ်ခူးသိမ်းပိုက်သွားခဲ့ပါတယ်။
တကယ်တော့ ပေါ်တူဂီက ယူရိုချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးရရှိခဲ့တဲ့ ၂၀၁၆ ခုနှစ်နဲ့ အခု ၂၀၂၆ ခုနှစ်ကြားမှာ မယုံနိုင်စရာကောင်းလောက်အောင် ထပ်တူကျနေတဲ့ ဆန်းကြယ်စွာ တိုက်ဆိုင်မှုကြီး ငါးခု ရှိနေပါတယ်။
တိုက်ဆိုင်မှု နံပါတ်-၁ ခရစ္စတယ်ပဲလေ့စ်ပါ။ ခရစ္စတယ်လ်ပဲလေ့စ်အသင်းဟာ အဓိက ဗိုလ်လုပွဲ Major final တွေဆီ တက်လှမ်းနိုင်ခဲ့တာပါ။ ၂၀၁၆ ဖိုင်နယ်မှာ ခရစ္စတယ်လ်ပဲလေ့စ်က တစ်ဂိုးသွင်းခဲ့သလို ၂၀၂၆ ဖိုင်နယ်မှာလည်း ခရစ္စတယ်လ်ပဲလေ့စ်က တစ်ဂိုးသွင်းခဲ့ပါတယ်။
တိုက်ဆိုင်မှု နံပါတ်-၂ က မန်ချက်စတာစီးတီး ပါပဲ။ ၂၀၁၆ ခုနှစ်တုန်းက မန်စီးတီးနည်းပြဟာ အသင်းနဲ့လမ်းခွဲမှုဖြစ်ခဲ့သလို အခု ၂၀၂၆ မှာလည်း မန်စီးတီးနည်းပြက အသင်းနဲ့ လမ်းခွဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။
တိုက်ဆိုင်မှုနံပါတ်-၃ က ဟားလ်စီးတီး ဖြစ်ပါတယ်။ ၂၀၁၆ မှာ ပလေးအော့ဖ် ဗိုလ်လုပွဲ (Play-off final) အနိုင်ရခဲ့တဲ့ ဟားလ်စီးတီးဟာ ၂၀၂၆ မှာလည်း ပလေးအော့ဖ် ဗိုလ်လုပွဲ (Play-off final) မှာ အနိုင်ရရှိခဲ့ပါတယ်။
တိုက်ဆိုင်မှုနံပါတ်-၄ က ပေါ်တူဂီအသင်းဟာ ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်ကို စိတ်ပျက်စရာ သရေရလဒ်တွေနဲ့ စတင်ခဲ့ရခြင်းတွေပါပဲ။ ထပ်တူကျနေပါတယ်။ ပေါ်တူဂီဟာ အုပ်စုအဖွင့်ပွဲစဉ်တွေကို တစ်ဂိုးစီ သရေကျတာချင်း တိုက်တိုက်ဆိုင်ဆိုင် လာတူနေပါတယ်။
တိုက်ဆိုင်မှုနံပါတ်-၅ က ပေါ်တူဂီဟာ ပြိုင်ပွဲမစခင် အရမ်းကို ရေပန်းစားခဲ့ပေမဲ့ အဖွင့်ပွဲအပြီးမှာ အကြီးအကျယ် ဝေဖန်ခံရတာတွေလည်း ထပ်တူကို ဖြစ်ပျက်နေတာပါ။
ဒီတော့ သမိုင်းဟာ တစ်ပတ်ပြန်လည်သလားလို့တော့ တွေးချင်စရာပါပဲ။ တကယ်လို့ ဒီတိုက်ဆိုင်မှုဟာ ရှေ့ဆက်ပြီး မှန်ကန်လာခဲ့ရင်တော့ ဒီနှစ်ဟာ ပေါ်တူဂီရဲ့နှစ်လေလားလို့ မတွေးမဖြစ် တွေးစရာတွေ ဖြစ်လာလိမ့်မယ်ဆိုတဲ့အကြောင်း တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။






