ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား မောင်နှမနှစ်ဦးသည် ဇူလိုင်လ ၁ ရက်က ဖွင့်လှစ်သော ထိုင်းထီအမြင့်ဆုံးဆုတွင် နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်း ကံထူးကြောင်း MHAC မဟာမိတ် အဖွဲ့ထံမှ သိရသည်။
မြန်မာအလုပ်သမား မောင်နှမနှစ်ဦးသည် ထိုင်းထီ ပထမဆု ၇၅၁၄၉၅ တွင် ခြောက်လုံးတိုက် ပထမဆုကို နှစ်စောင်တွဲ ကံထူးခဲ့သဖြင့် ဘတ် ၁၂ သန်း ထီပေါက်ခဲ့ခြင်းဖြစ်သည်။
ထီပေါက်သော မြန်မာအလုပ်သမား မောင်နှမနှစ်ဦးက ဆုငွေထုတ်ယူပေးရန် အကူအညီတောင်းခံခဲ့သဖြင့် ဇူလိုင်လ ၂ ရက်တွင် ဆုငွေထုတ်ယူပေးခဲ့ပြီး ထီပေါက်သူများလက်ဝယ် ပေးအပ်ပြီးဖြစ်ကြောင်း MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက ပြောသည်။
“သူတို့က (ထိုးတာ ထီ) စုံတွဲ နှစ်တွဲပေါ့နော်။ မောင်နှမတွေ ထီ စပ်တူထိုးကြရင်းနဲ့ ထီပေါက်ကြတာ” ဟု ကိုရဲမင်းက ဆိုသည်။
ထီပေါက်သော မြန်မာမောင်နှမနှစ်ဦးသည် ရခိုင်ပြည်နယ် ဇာတိဖြစ်ပြီး စမွတ်စခွန်ခရိုင် ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကိုရဲမင်းဦးဆောင်သော အလုပ်သမားအဖွဲ့အစည်းမှတစ်ဆင့် ထိုင်းထီပထမဆုကို ကူညီထုတ်ယူပေးနေသည်မှာ ၆၇ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံသားများသည် ထိုင်းထီကံထူးခဲ့ပါက လိမ်လည်သူများကို သတိထားကြရန်နှင့် ဆုငွေထုတ်ယူနိုင်ရေး မြန်မာအလုပ်သမားအဖွဲ့အစည်းများထံ အကူအညီတောင်းကြရန် ကိုရဲမင်းက တိုက်တွန်းသည်။







