ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဒုက္ခသည် မှတ်ပုံတင်ခြင်း လုပ်ငန်းများ ရပ်ဆိုင်းထားမည်ဟု မလေးရှားအစိုးရ ထုတ်ပြန်

July 23, 2026

ဓာတ်ပုံ - UNHCR

မလေးရှားနိုင်ငံအတွင်း ဒုက္ခသည်အသစ်များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားရန် UNHCR ကို အစိုးရအဖွဲ့က ညွှန်ကြားခဲ့ကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြသည်။

ဒုက္ခသည်များ မှတ်ပုံတင်ခြင်း အထောက်အထား (DPP) အစီအစဉ်နှင့် ပတ်သက်၍ အစိုးရက ပြန်လည်ပြင်ဆင်ရေးဆွဲနေသဖြင့် ဒုက္ခသည်မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားရန် အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Datuk Lukanisman Awang Sauni က ယနေ့တွင် ပြောသည်။

နိုင်ငံအတွင်းရှိ ဒုက္ခသည်များကို ဥပဒေအရ ပိုမိုစီမံခန့်ခွဲလိုသဖြင့် အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး UNHCR ကိုညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ဒုက္ခသည်များ မှတ်ပုံတင်ခြင်း အထောက်အထား (DPP) အစီအစဉ်အရ ဒုက္ခသည်များ၏ အချက်အလက်များကို နိုင်ငံခြားအဖွဲ့အစည်းများ၏ မှတ်တမ်းများအပေါ် မှီခိုမှုမရှိဘဲ စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အထူးသဖြင့် ဒုက္ခသည်များနှင့် ပတ်သက်၍ ဒေတာများ ညှိနှိုင်းဆောင်ရွက်ခြင်း၊ အထောက်အထား စိစစ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် စည်းကမ်းသတ်မှတ်ခြင်းများအတွက် ရည်ရွယ်ထားကြောင်း ၎င်းကပြောသည်။

ရိုဟင်ဂျာများ ဝင်ရောက်နေမှုနှင့် ပတ်သက်၍လည်း ဒုက္ခသည်မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များကို ပိုမိုတင်းကြပ်သွားမည်ဖြစ်သလို နောက်ပိုင်းတွင် တရားမဝင် ဝင်ရောက်လာမှုများကို ကာကွယ်သွားမည်ဖြစ်‌ကြောင်း ဒုဝန်ကြီးက ပြောသည်။

နောက်ထပ် မြန်မာနိုင်ငံဘက်က လက်ခံရန် အဆင်သင့်ဖြစ်ပါက ထိန်းသိမ်းရေးစခန်းက မြန်မာနိုင်ငံသား ၅၀၀၀ ခန့်ကို စစ်သင်္ဘောဖြင့် နေရပ်ပြန်ပို့သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။

သို့သော်လည်း နေရပ်ပြန်ပို့မည့် အချိန်နှင့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားထားခြင်းမရှိသေးပေ။

၂၀၂၆ ခုနှစ် ဇူလိုင်လအထိ မလေးရှားနိုင်ငံ UNHCR ရုံးတွင် ဒုက္ခသည်နှင့် ခိုလှုံခွင့်အတွက် မှတ်ပုံတင်ထားသူ ၂၁၉,၀၀၀ ကျော် ရှိကြောင်း ဖော်ပြသည်။

Ref: Malay Mail, Bernama, The Star