ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂျပန်အင်အားပြင်း ငလျင်ကြောင့် ၁၃ ဦး သေဆုံး

July 29, 2026

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့ရာ သေဆုံးသူ ၁၃ ဦး တွေ့ရှိထားကြောင်း ဂျပန်ဝန်ကြီးချုပ် ဆာနအဲတာကအိချိက ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းတွင် ပြောကြားလိုက်သည်။

ဂျပန်နိုင်ငံတောင်ပိုင်း ပင်မကျွန်းကြီးဖြစ်သော ကျူရှူးကျွန်းရှိ ကူမာမိုတို ဒေသ၌ အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု အင်္ဂါနေ့ မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့သည်။

ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းလည်း တာကအိချိက ဆိုသည်။

“ကယ်ဆယ်ရေး ရောက်လာဖို့ စောင့်မျှော်နေရတဲ့ လူတွေ ရှိနေပါသေးတယ်။ ဒါက အချိန်နဲ့ အပြိုင်လုလုပ်နေရတဲ့ ကိစ္စ ဖြစ်ပါတယ်” ဟု သူမက ပြောဆိုသည်။

“ကျွန်မတို့အနေနဲ့ တတ်နိုင်သလောက် လူများများကို ရှာဖွေကယ်ဆယ်သွားနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားပါမယ်” ဟု သူမက ပြောသည်။

သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းနှင့် မိသားစုဝင်များအတွက် စာနာဂရုဏာသက်မိကြောင်းလည်း ပြောကြားခဲ့ပြီး ငလျင်ဒဏ်ခံရသူများကိုလည်း ပူပြင်းသည့် ရာသီဥတုကြောင့် ကျန်းမာရေးဂရုစိုက်ကြရန် တိုက်တွန်းခဲ့သည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ဂျပန်လုံခြုံရေးတပ်ဖွဲ့များကလည်း အတူပူးပေါင်းပါဝင်လျက်ရှိပြီး သောက်သုံးရေဖြန့်ဝေပေးခြင်းနှင့် လူနာများ ရွှေ့ပြောင်းပေးခြင်းတို့ကို ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ထိခိုက်ပျက်စီးမှုအပြင်းထန်ဆုံးဒေသများသို့ အစားအစာနှင့် အခြားလိုအပ်သည့် ပစ္စည်းများ ပို့ဆောင်ပေးရန် ဂျပန်အစိုးရက ပြင်ဆင်လျက်ရှိကြောင်းလည်း တာကအိချိက ပြောဆိုသည်။

Source: Associated Press