သရက်ချောင်းမြို့ရှိ ရပ်ကွက်အချို့တွင် စစ်အုပ်စုက အဓမ္မစစ်မှုထမ်းစုဆောင်းနေကြောင်း ဒေသခံများက ပြောသည်။
ဇူလိုင်လ ဒုတိယအပတ်တွင် သရက်ချောင်းမြို့မရပ်ကွက်အနီး ပန်းတော၊ ဆင်ဖြူပြင် စသည့် ရပ်ကွက်တို့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
ညအချိန် ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် လာရောက်ဖမ်းဆီးမှုများရှိသလို နေ့ခင်းတွင်လည်း အိမ်စီးကားများဖြင့် ဝင်ရောက်ဖမ်းဆီးမှုများ ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။
ဇူလိုင်လ ဒုတိယပတ်တွင် ဆင်ဖြူပြင်ရပ်ကွက်၌ လေးဦးဖမ်းဆီးခံရရာ ယင်းအနက် စိတ်မမှန်သူနှင့် အသက်ကြီးသူတို့ကို ပြန်လွှတ်ခဲ့ပြီး လူငယ်အမျိုးသားတစ်ဦးမှာမူ စစ်မှုထမ်း စုဆောင်းခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ဖြစ်တာက လှေဆိပ်ဘက်ပိုင်းမှာဖြစ်တာ။ တစ်ယောက်ကတော့ အသက် ၁၉နှစ်လောက်ပဲ ရှိဦးမယ်။ သူကတော့ ပြန်မလွတ်လာဘူး” ဟု ၎င်းက ဆိုသည်။
ပန်းတောရပ်ကွက်တွင်လည်း ယခုဇူလိုင်လအတွင်း အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး စစ်မှုထမ်းစုဆောင်း ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ကျေးရွာအတွင်း ဝင်ရောက်ဖမ်းဆီး စစ်မှုထမ်းစုဆောင်းသလို စစ်ကြောင်းထိုးချိန်များတွင်လည်း စစ်မှုထမ်းစုဆောင်းသဖြင့် လူငယ်လူလတ်ပိုင်း အမျိုးသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။
“ရွာမှာ လူငယ်လူလတ်ပိုင်းတွေ မရှိကြတော့ဘူး။ ကျန်တဲ့သူတွေလည်း သတင်းကြားတာနဲ့ ထွက်ထွက်ပြေးနေကြတယ်။ အခုက ကြောက်ကြောက်လန့်လန့်နဲ့ သတင်းတစ်ခုခုကြားတာနဲ့ ထထပြေး အဲဒီလိုဖြစ်နေတယ်” ဟု ဆင်ဖြူပြင်ရပ်ကွက်မှ အထက်ဖော်ပြပါ ဒေသခံအမျိုးသားက ပြောသည်။
ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခံရသူများအနက် အချို့မှာ ငွေကျပ်သိန်း ဆယ်နှင့်ချီဖြင့် ပြန်ရွေးရသလို အချို့မှာ အသက်ကြီးနေခြင်း၊ အသက်မပြည့်ခြင်းတို့ကြောင့် ပြန်လွတ်လာသူများလည်းရှိကြောင်း ဒေသခံများက ဆိုသည်။
ဇူလိုင်လ ဒုတိယပတ်တွင်ပင် သရက်ချောင်းမြို့နယ် တီတွတ်ပြင်ရွာ ဒေသခံအမျိုးသားနှစ်ဦး လောင်းလုံးမြို့နယ်နယ်မှ ရွာသို့ ပြန်လာရန် ထားဝယ်မြို့သို့ သုံးဘီးဖြင့်သွားစဉ် ထားဝယ်မြစ်ကူး ကမြောကင်းတံတားဂိတ်တွင် ဖမ်းဆီးခံရကြောင်း တီတွတ်ပြင်ရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါအမျိုးသားနှစ်ဦးအနက် အသက် ၃၈ နှစ်အရွယ် အမျိုးသားမှာ ပြန်လည်လွတ်မြောက်လာပြီး အသက် ၃၆ နှစ်အရွယ် အမျိုသားမှာ စစ်မှုထမ်းစုဆောင်းခံရကြောင်း ၎င်းက ပြောဆိုသည်။
အသက် ၃၆ နှစ်အရွယ် အမျိုးသားည့် လောင်းလုံးမြို့နယ်တွင် အိမ်ထောင်ကျနေခြင်းဖြစ်ပြီး မိခင်ဖြစ်သူ ကျန်းမာရေး အသည်းအသန် ဖြစ်နေသဖြင့် တီတွတ်ပြင်ကျေးရွာကို လာခြင်းဖြစ်ကြောင်း ဆိုသည်။
“သူ့အမေက သေသာသွားတယ်၊ သူ့သားကို မတွေ့လိုက်ရဘူး။ သူတို့အိမ်က ပိုက်ဆံပေးပြီး လိုက်ထုတ်တာလည်း မရဘူး၊ ပြန်လွတ်လာတဲ့သူ ရှိလို့ စစ်မှုထမ်းပါသွားတာသိတာ။ နောက်တစ်ပတ်လောက်ကြာတော့ သူဖုန်းဆက်လာတယ် ပလောက် လေ့ကျင်ရေးသင်တန်းကျောင်းကို ပို့လိုက်ပြီဆိုတာသိရတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။
ယခု ဇူလိုင်လအတွင်းတွင်ပင် ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ခမောင်းချောင်းနှင့် ဝက်ချောင်းရွာက လူငယ်အမျိုးသားနှစ်ဦးလည်း စစ်ကြောင်းနှင့်တိုးသဖြင့် ဖမ်းဆီးခံခဲ့ရပြီး လက်ရှိတွင် စစ်မှုထမ်းစုဆောင်းခံရသည်ဟု သတင်းကြားရကြောင်း ဒေသခံများက ပြောဆိုသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ စစ်အာဏာရှင်တပ် စစ်ဆေးရေးဂိတ်နှင့် စစ်ကြောင်းထိုးနေသည့် တပ်ဖွဲ့တို့ကလည်း ဒေသခံများကို ဖမ်းဆီးကာ ငွေညှစ်နေကြောင်း ဒေသခံများထံမှ သိရသည်။







