ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြို့ပေါ်တွင် လူသတ်မှုထပ်ဖြစ်

July 28, 2026

ပုံစာ - ထားဝယ်မြို့တစ်နေရာ။ ဓာတ်ပုံ - Dawei Watch

ထားဝယ်မြို့ပေါ်တွင် ဇူလိုင်လ ၂၇ ရက်နေ့က လူသတ်မှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကမ္မဋ္ဌာန်းကျောင်းလမ်း၊ အငှားတန်းလျားတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက အခန်းတွင်း၌ သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း မြို့ခံအချို့၏ ပြောကြားချက်အရ သိရသည်။

သေဆုံးနေသည့် အမျိုးသမီးမှာ အသက်သုံးဆယ်ကျော်ရွယ် အမျိုးသမီးဖြစ်ပြီး နေအိမ်အခန်းထဲတွင် မျက်နှာ၌ညိုမဲ ဒဏ်ရာများဖြင့် ဇက်ကျိုးကာ သေဆုံးနေသည်ကို ၎င်းမိတ်ဆွေက တွေ့ရှိခဲ့ကြောင်း မြို့ခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

သူမ သေဆုံးချိန်တွင် နောက်အိမ်ထောင် အမျိုးသားမှာ နေအိမ်တွင် မတွေ့ရှိရသည့်အတွက် ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းခဲ့ရာ ယင်းအမျိုးသားကို ထားဝယ်မြို့ ကြက်စားပြင်ကမ်းနားရှိ ငါးဖမ်းလှေတစ်စီးပေါ်တွင် တွေ့ရှိရကြောင်း၊ ၎င်းကို လူသတ်မှုကျူးလွန်သည့် တရားခံအဖြစ် ကနဦးယူဆထားပြီး ထားဝယ်မြို့မရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း မြို့ခံများက ပြောသည်။

ထိုအမျိုးသမီး သေဆုံးချိန်တွင် ပထမအိမ်ထောင်နှင့် ရသည့် ကလေးသုံးဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

တိုင်းအစိုးရအဖွဲ့ ရုံးစိုက်ထားသည့် ထားဝယ်မြို့ပေါ်တွင် ဧပြီလမှ ဇူလိုင်လအထိ လူသတ်မှု ခြောက်မှုအထိ ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၂၄ ရက်နေ့က ထားဝယ်မြို့အဝင်ရှိ သပြေချောင်အထပ်သားစက်ရုံအနီး အရိုက်ခံရသဖြင့် အမျိုးသားတစ်ဦး သေဆုံးမှု၊ ဇူလိုင်လ ၂၀ ရက်နေ့ ဆန်းချီကျွန်းမွေးရပ်ကွက်တွင် ဓားဖြင့် အထိုးခံရမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ယခု အမျိုးသမီး အသတ်ခံရမှုအပါအဝင် အထက်ပါ လူသတ်မှုနှစ်ခုတို့မှာ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့မှ လူသတ်တရားခံဟု ယူဆရသူများကို ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သို့သော် ဇွန်လ ၃၀ ရက် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် လင်မယားနှစ်ဦး ဓားဖြင့် အထိုးခံရပြီး သေဆုံးမှု၊ မေလ ၉ ရက်နေ့တွင် ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူး လင်မယား ပစ်သတ်ခံရမှုနှင့် ဧပြီလ ၁၆ ရက်နေ့တွင် ဥဿာရံရပ်ကွက်၌ သားအဖနှစ်ဦး ပစ်ခတ်ခံရပြီး ဖခင်ဖြစ်သူ သေဆုံးမှုတို့မှာ ယနေ့အထိ ပြစ်မှုကျူးလွန်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း မရှိသေးကြောင်း မြို့ခံတို့က ပြောသည်။

ထားဝယ်မြို့ပေါ်တွင် ယခုနှစ် ဧပြီလကစပြီး ဇူလိုင်လအထိ လူသတ်မှုများ ဆက်တိုက် ဖြစ်ပေါ်နေခြင်းမှာ တရားဥပဒေစိုးမိုးမှု မရှိသည့် အခြေအနေတစ်ရပ်ဖြစ်ပြီး အများပြည်သူ လုံခြုံရေးအတွက် စိုးရိမ်စရာ အခြေအနေပင်ဖြစ်ကြောင်း မြို့ခံအချို့က ပြောကြားသည်။