ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ် SEZ တွင် စစ်အာဏာရှင်တပ် နေအိမ် နှစ်ဆောင်နှင့် ဆေးပေးခန်းတစ်ခုကို မီးထပ်ရှို့

July 28, 2026

ပုံစာ - ၂၀၂၃ နှစ်က ဧကနိကျေးရွာတွင် မီးရှို့ခံထားရသော နေအိမ်တစ်ဆောင်

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွါးရေးဇုန်ဒေသတွင် စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် ဧကနိကျေးရွာတွင် ဇူလိုင်လ ၂၇ ရက်က နေအိမ် နှစ်ဆောင်နှင့် ဆေးပေးခန်းတစ်ခုကို မီးထပ်ရှို့လိုက်ကြောင်း စစ်ဘေးရှောင်ဒေသခံများက ပြောသည်။

အင်အင်း ငါးရာဝန်းကျင်ပါသည့် အဆိုပါစစ်ကြောင်းသည် ဇူလိုင်လ၂၆ ရက်တွင် ရေဖြူမြို့ဘက်မှ ကားလေးစီးဖြင့် ဝက်ချောင်း၊ခမောင်းချောင်း၊ ဧကနိကျေးရွာများသို့ ဒုတိယအကြိမ် ဝင်ရောက်လာသည်။

ဇူလိုင်လ ၂၇ ရက် မွန်းလွဲပိုင်းတွင် ဧကနိကျေးရွာရှိ နေအိမ်နှစ်ဆောင်နှင့် ဆေးပေးခန်းတစ်ခုကို ထပ်ပြီးမီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ဘေးရှောင် ဒေသခံအချို့က ဆိုသည်။

ဇူလိုင်လ ၉ ရက်က ဧကနိကျေးရွာသို့ ပထမအကြိမ်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့စဉ် ကလည်း နေအိမ် ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ပထမအကြိမ်တုန်းက ရှို့တာ ၂၀ လောက်ရှိ တယ်။ လုံး၀ပျက်စီးတာက ရှစ်ဆောင်။ အခုက နှစ်ဆောင်နဲ့ ဆေးခန်းတစ်ခုပေါ့” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

ဧကနိကျေးရွာတွင် ပထမအကြိမ် စစ်အာဏာရှင်တပ်မီးရှိုခဲ့သည့် နေအိမ် ၂၀ ခန့်အနက် ၁၀ ကျော်မှာ အနည်းငယ်ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယင်းအပြင် စစ်အာဏာရှင်တပ်သည် ထားဝယ်အထူးစီးပွါးရေးဇုန်အတွင်း ပထမအကြိမ်စစ်ကြောင်းဝင်စဉ်က ၀ဇွမ်းတောကျေးရွာတွင် လည်း နေအိမ် နှစ်ဆောင် မီးရှို့ ဖျက်ဆီးခံခဲ့ရသေးသည်။

ရှရှားနှင့် ပူးပေါင်းအကောင်အထည်ဖော်ရန် သဘောတူထားသည့် ထားဝယ် အထူးစီးပွါးရေးဇုန်ကို နယ်မြေရှင်းလင်းမည်ဟု စစ်အာဏာရှင်တပ် ဒုခေါင်းဆောင် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဇွန်လနှောင်းပိုင်း တိုင်းခရီးစဉ်အတွင်း ပြောဆိုပြီးနောက် စစ်ကြောင်းဆက်တိုက် ထိုးနေသည်။

စစ်ကြောင်းထိုးစဉ် နေအိမ်များကို မီးရှို့ဖျက် ဆီးခဲ့သည့်အပြင် နေအိမ်များကို ဖောက်ထွင်းပြီး တန်းဖိုးကြီးပစ္စည်းများ အပါအဝင် ကား နှင့် ဆိုင်ကယ် အစီးရေ ဆယ်ချီကိုလည်း အဓမ္မယူ ဆောင် ခဲ့ကြသည်။

ယင်းအပြင် စစ်ဘေးရှောင်များကို ကူညီနေသည့် စေတနာဝန်ထမ်း လူငယ် သုံးဦးနှင့် အရပ်သား တစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်။

ယင်းစစ်အာဏာရှင်တပ် စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင် ဧကနိကျေးရွာမှ ပြန်လည် ထွက်ခွာလာပြီး ဧကနိနှင့် ခမောင်းချောင်း ကျေးရွာကြား တပ်ဖျောက်ထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

ယင်းအပြင် ထားဝယ်အထူးစီးပွါးရေးဇုန်အတွင်းရှိ ကျေးရွာများတွင် ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်လျက်ရှိ ကြောင်း ဒေသခံများက ပြောသည်။

စစ်ကြောင်းကြောင့် ဧကနိကျေးရွာအုပ်စုရှိ ရွာငါးရွာနှင့် ခမောင်းချောင်း၊ ဝက်ချောင်းစသည့် ကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီ စစ်ဘေးရှောင် နေရသည်။

မိုးများသောကြောင့် တောတောင်များတွင် ခိုလှုံနေသူများသည် အဝတ်အထည်၊ အမိုးအကာနှင့် စားနပ်ရိက္ခာများ အရေးပေါ်အကူအညီ လိုအပ်လျက်ရှိကြောင်း စစ်ဘေးရှောင်ပြည်သူများကပြောဆိုသည်။