ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကော့စမွေကျွန်းတွင် ရေရှားနေသဖြင့် ပြည်သူများ အခက်တွေ့

July 29, 2026

ပုံစာ - ပြည်သူများ ရေကားများမှတဆင့် ဝယ်ယူသုံးစွဲနေရစဉ်

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်ရှိ နာမည်ကြီး ကော့စမွေကျွန်းတွင် ရေရှားနေသဖြင့် ကျွန်းတွင် နေထိုင်သူများ အခက်အခဲတွေ့နေကြကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

ကျွန်းပေါ်ရှိ အစိုးရ၏ ရေပေးဝေရေးစနစ်သည် နေအိမ်၊ တိုက်ခန်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်များကို နေ့စဉ်ပုံမှန် ရေဖြန့်ဝေနိုင်ခြင်း မရှိတော့သဖြင့် သုံးရေ၊ ချိုးရေများအတွက် အခက်အခဲဖြစ်နေကြကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

“ရေက တစ်ပတ်မှာ သုံးရက်လောက်ပဲ လာတော့တယ်။ လာတာတောင် တစ်နေ့လုံးမဟုတ်ဘူး။ ခဏပဲ။ ရေလာတုန်း ပုံးတွေနဲ့ အကုန်ခံထားပြီး သုံးစွဲနေရတယ်။ ရေချိုးလို့မရ၊ အိမ်သာတက်လို့မရနဲ့ တော်တော် ဒုက္ခတွေရောက်ရတယ်” ဟု ကျွန်းနေ မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

တိုက်ခန်းများတွင် ရေပုံမှန်မရရှိသဖြင့် ရေချိုးရန်နှင့် အိမ်သာတက်ရန်အတွက်ပင် ရေရရှိသော အခန်းများသို့ သွားရောက်အကူအညီတောင်းခံနေရကြောင်း ၎င်းက ပြောသည်။

အချို့အခန်းများတွင် ရေကို ဝယ်ယူသုံးစွဲနေရပြီး ရေကားတစ်ကားလျှင် ဘတ် ၃၅၀ ခန့် ကုန်ကျနေကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

ကျွန်းပေါ်တွင် အစိုးရ၏ ရေဖြန့်ဝေရေးစနစ်ကို သုံးစွဲသူများရှိသလို ကိုယ်ပိုင်အဝီစိတွင်းများတူး၍ သုံးစွဲသူများလည်း ရှိသဖြင့် ရေများကို မျှဝေသုံးစွဲနေရကြောင်း မြန်မာအလုပ်သမားများက ပြောသည်။

အယ်နီညို ရာသီဥတုကြောင့် ကော့စမွေကျွန်းပေါ်ရှိ ရေလှောင်ကန်များတွင် ရေရှားပါးလာခြင်းဖြစ်ပြီး ပြည်သူများကို ပုံမှန် ရေဖြန့်ဝေနိုင်ခြင်းမရှိတော့ကြောင်း ကော့စမွေ ရေဖြန့်ဖြူးရေးဌာနက ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်သည်။

လက်ရှိတွင် ကျွန်းပေါ်၌ ရေမလုံလောက်တော့သဖြင့် အခြားကုန်းမကြီးထံမှ ရေကို အမှီပြုပြီး ဖြန့်ဝေပေးနေရကြောင်း ဖော်ပြထားသည်။

ကျွန်းပေါ်တွင် ပြည်သူများ၏ တစ်နေ့ ရေသုံးစွဲရန် လိုအပ်သည့်ပမာဏမှာ ၃၄,၀၀၀ ကုဗမီတာ ဖြစ်သော်လည်း လက်ရှိတွင် ၁၆,၀၀၀ ကုဗမီတာကိုသာ ဖြန့်ဝေပေးနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ရေဖြန့်ဝေစဉ် သိုလှောင်၍ သုံးစွဲကြရန်နှင့် ရေကို အရန်ထားရှိကြရန် အာဏာပိုင်များက တိုက်တွန်းထားသည်။

လက်ရှိတွင် ကျွန်းပေါ်သို့ ရေများ ပုံမှန်ဖြန့်ဝေနိုင်ရေး အရေးတကြီးစီစဉ်ဆောင်ရွက်နေပြီး အကယ်၍ ပုံမှန်ဖြန့်ဝေနိုင်သည့်အချိန် ရောက်ရှိပါက ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အယ်နီညိုရာသီဥတုကြောင့် ထိုင်းနိုင်ငံတွင် အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်ပြီး ရေခန်းခြောက်မှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း၊ လာမည့် နိုဝင်ဘာလတွင် အယ်နီညိုဖြစ်စဉ် ပိုမိုပြင်းထန်လာမည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးထားသည်။