ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မေတ္တာမြို့မှ ထီးခီးအထိ ရေလမ်း၊ ကုန်းလမ်းတို့ကို KTLA က ဖြတ်သန်းခွင့်ပိတ်

August 12, 2026

ထိုင်း-မြန်မာ နယ်စပ်သွားရာတွင် အသုံးပြုနေသည့် မေတ္တာမြို့မှ ထီးခီး၊ မယ့်သမီးထာ (ထီးထာ) အထိ ရေလမ်း၊ ကုန်းလမ်း နှစ်ခုစလုံးကို နေ့ရော ညပါ ဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း ကော်သူးလေတပ်မတော်-KTLA ဆာကဆောတပ်မက ဩဂုတ်လ ၈ ရက်တွင် ထုတ်ပြန်သည်။

မေတ္တာမြို့မှ ထီးခီးနယ်စပ်အနီးရှိ မယ့်သမီးထာ (ထီးထ) အထိ ရေလမ်း အသုံးပြုသွားလာနေသည့် စက်လှေများ ဩဂုတ်လ ၁၀ ရက်မှ ဒီဇင်ဘာလအထိ နေ့ရောညပါ ဖြတ်သန်းခွင့်မပြုကြောင်း ဖော်ပြသည်။

ကုန်းလမ်းဖြစ်သော အိုင်ဝိုင်းရွာနှင့် မယ့်သမီးခီး (ထီးခီးနယ်စပ်) အထိ အသုံးပြုသွားလာနေသည့် ကား၊ ဆိုင်ကယ်များကို နေ့ရော ညပါ ဖြတ်သန်းခွင့်မပြုကြောင်း ထုတ်ပြန်ထားသည်။

အိုင်ဝိုင်းရွာက မေတ္တာမြို့နှင့် ထီးခီးကြားတွင်ရှိပြီး မေတ္တာနှင့် ပို၍ နီးသည်။ အိုင်ဝိုင်းနှင့် ထီးခီးတို့မှာ ၃၅ မိုင်ခန့် ကွာဝေးသည်။

ထို့အပြင် မေတ္တာမြို့မှ ဂမုန်းသွယ် (ခမောင်းသွယ်) ချောင်းဖျား၊ မေတ္တာ-ဘန်းချောင်း -ချောင်းဖျား စက်လှေများကိုမူ နေ့ဘက် သွားလာခွင့်ပြုပြီး ညဘက်သွားလာခွင့်မပြုဟု ဆိုသည်။

ရေလမ်းနှင့် ကားလမ်း ပိတ်ဆို့သည့် အကြောင်းရင်းကိုမူ တည့်သွင်းဖော်ပြထားခြင်း မရှိပေ။

တားမြစ်ချက်ကို မလိုက်နာ၍ ပြဿနာတစ်စုံတစ်ရာဖြစ်ပွားလျှင် KTLA ဆာကဆောတပ်မက လုံးဝ တာဝန်ယူ ဖြေရှင်းပေးမည် မဟုတ်ဟုလည်း ဖော်ပြသည်။

KTLA ထုတ်ပြန်ချက်တွင်ပါရှိသည့် မေတ္တာမြို့တွင် စစ်အာဏာရှင်တပ်၏ ဗျူဟာစခန်းတစ်ခု အခြေပြုထားသည်။

KTLA ဆာကဆောတပ်မသည် ထားဝယ်-မေတ္တာ-ထီးခီးနယ်စပ်သွားသည့် ကုန်းလမ်း၊ ရေလမ်းများကို မကြာခဏ ဖြတ်သန်းခွင့် ပိတ်နေပြီး မလိုက်နာလျှင် ကားများကို မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း အဆိုပါလမ်းများကို အသုံးပြုသွားလာသူအချို့ထံမှ သိရသည်။

“ရေလမ်းကလည်း အန္တရာယ်အရမ်းများတယ်။ ရေစီးကလည်း ကြမ်းတယ်။ ကျွန်တော်တို့ (စီးလာတဲ့) စက်လှေလည်း မှောက်သေးတယ်။ ဗိုလ်အယ်ခွီးအဖွဲ့က ရေလမ်းက လှေတွေကို တားတယ်။ ခရီးသည်တွေကို စစ်ဆေးမေးမြန်းတယ်။ KNU/KNLA နဲ့ ပတ်သက်တဲ့သူတွေ ပါလား မေးတယ်။ လူတွေကိုလည်း ရိုက်နှက်ထုထောင်းတာတွေ လုပ်တယ်” ဟု ရေလမ်းကနေ ခရီးသွားခဲ့သူ ထားဝယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ရေလမ်းက စက်လှေဖြင့် တင်ဆောင်လာသည့် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်အသစ်များကိုလည်း သိမ်းယူခဲ့ပြီး ငွေဖြင့် လာရောက်ထုတ်ယူရန် ပြောဆိုကြောင်း စက်လှေဖြင့် ခရီးသွားသူအချို့က ပြောဆိုသည်။

မေတ္တာ-ထီးခီးလမ်းပိုင်းသည် မိုးရာသီတွင် ရွှံ့ဗွက်ထူကာ လမ်းပျက်၍ သွားလာရခက်ခဲသလို KTLA ဆာကဆောတပ်မ ကလည်း မကြာခဏ ပိတ်ဆို့သောကြောင့် ရေလမ်းကြောင်းက စက်လှေများဖြင့် သွားလာနေကြကြောင်း ဒေသခံများထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်လမ်းကြောင်းဖြစ်သည့် ထားဝယ်-ထီးခီးလမ်းကို KNU တပ်မဟာ(၄) ၊ KNLA တပ်များနှင့် KTLA တို့ စိုးမိုးထိန်းချုပ်ထားပြီး ယင်းနယ်မြေတွင် ဗိုလ်အယ်ခွီးဦးဆောင်သည့် KTLA ဆာကဆောတပ်မနှင့် KNLA တို့ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလျက် ရှိသည်။