ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ခရီးသွားနှစ်များ

August 16, 2026

ကျွန်မဖြတ်လျှောက်ခဲ့သော ဘဝတစ်ခုရဲ့ အတိတ်ခရီးက ခြေရာလေးတွေကိုပြန်ကောက်လို့ မရနိုင်တော့။ သို့သော်မင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၇ ရက် မွေးနေ့အမှတ်တရအဖြစ် ကျွန်မ၏သမီးသုံးယောက် လက်ဆောင်ပေးသော Samsung ဖုန်းလေးတစ်လုံးကို ငေးကြည့်မိရင်း ပြန်မြင်မိသည်များကို စကားလုံးစီမိတယ်။

ကျွန်မကိုမွေးဖွားခဲ့တဲ့ မိဘနှစ်ပါးရဲ့ ဇာတိချက်ကြွေမွေးရပ်မြေ၊ ဧရာဝတီမြစ်ဝကျွန်းပေါ် မြေလတ်ဒေသကျေးလက်က ကျွန်းရွာကလေးမှာ ငယ်ဘဝပြန်စဥ်းစားကြည့်တယ်။ မြေနံ့သင်းသောတောကျေးလက်မှာ နေထိုင်ကြီးပြင်းခဲ့ရသူဖြစ်သည့် အလျောက် မိသားစုအတွင်းမှာရော ပတ်ဝန်းကျင်မှာပါ ‘မွေးနေ့ Happy birthday’ ဆိုသည်ကိုပင် ထူးခြားသည့် နေ့ရက်တစ်ရက်အဖြစ် မဆင်နွှဲကြ၊ မကျင်းပကြပါ။

ကျွန်မကို ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သော အဘ(အဖိုး) ဦးကြီး၊ ဒေါ်ကြီး၊ ဒေါ်လေးတို့သည်ပင် ကျေးလက်နေ တောသူတောင်သား ရှေးလူကြီးများပီပီ ဗုဒ္ဓဘာသာရှေးဗမာများအဖို့ အခါကြီးရက်ကြီးများဖြစ်သည့် မဟာသင်္ကြန်ရက်များ ဝါဝင်ဝါကျွတ်၊ လပြည့်လကွယ်၊ အဖိတ်ဥပုသ် သည်လိုရက်မျိုးကိုသာ အလေးထားလေ့ရှိကြတာပါ။ ကျွန်မအမှတ်ရနေသည်ကတော့ အဖိတ်နေ့ဥပုသ်နေ့များ ရောက်ပြီဆိုလျှင် အဖိတ်နေ့ညနေကတည်းက ကြော်လှော်၍ နောက်တစ်နေ့ မနက် ဥပုသ်သီလစောင့်တည်ရန် ရွာဦးဘုန်းကြီးကျောင်းကို ဆွမ်းအုပ်နဲ့ ကုသိုလ်ယူရန်သွားကြရပါတယ်။ ကျေးလက်မှာနေထိုင်ကြီးပြင်းခဲ့ရတဲ့ ကာလတစ်လျှောက်လုံး မှတ်မိသလောက် မြို့နယ်မှာရှိသော ကျွန်မ၏အစ်ကိုဝမ်းကွဲတော်စပ်သူ ဦးဇင်း သတင်းသုံးနေသော ကျောင်းမှာ ကျောင်းထိုင်တော်မူသည့် ဆရာတော်ကြီးရဲ့မွေးနေ့မွေးရက်ဆိုရင် ကျောင်းတိုက် အထပ်မြင့် ခေါင်မိုးအထပ်၌ အသံချဲ့စက်ကြီးတပ်၊ ပြီးတော့ အရပ်လေးမျက်နှာမှ လာသမျှလူတွေကို စတုဒီသာကျွေးခြင်း၊ အာဂန္တုကကိုယ်တော်များကို ဆွမ်းကပ်ခြင်း နေ့လယ် နေ့ခင်းတရား ဓမ္မဟောပြောခြင်းကို နှစ်စဥ်နှစ်တိုင်းမွေးနေ့မွေးရက်ရောက်တိုင်း ပြုလုပ်လေ့ရှိပါတယ်။ ဆရာတော်ကြီးမွေးနေ့ဆိုသော်လည်း ပကာသနမပါ ကျောင်းထိုင်ဆရာတော်ဝါရင့်ပြီဟူသော သဘောမျိုး။ ကျွန်မ ဒေါ်ကြီးတော်စပ်သူ ဦးဇင်း၏အမေ (မယ်တော်) နဲ့ ဆရာတော်ကြီး၏ မွေးနေ့ပွဲရောက်တိုင်းနှစ်စဥ်နှစ်တိုင်း သွားလေ့ရှိတာ အလွန်ပျော်စရာကောင်းလွန်း၍ မွေးနေ့ပွဲပြုလုပ်တယ်ဆိုတာ မြင့်မြတ်သောပုဂ္ဂိုလ်များ အထင်ကရပုဂ္ဂိုလ်များအတွက်သာ ပြုလုပ်လေ့ရှိတာလားလို့ ကျွန်မက ဒေါ်ကြီးကိုမေးလိုက်တယ်။ သည်လိုမေးတော့ ကျွန်မအဒေါ်ပြန်ပြောလိုက်ပုံမှာ “ကျုပ်တို့တောသူတောင်သားများအဖို့ မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ် ဘယ်လုပ်နိုင်ပါ့မတုန်းအေ ကိုင်းထဲကျွန်းထဲ နှဖူးကချွေး ခြေမကျအောင် တစ်နေကုန် တစ်နေခန်း ရုန်းကန်နေကြရတာ ပကာသနဆိုတာ ဘယ်ရှိလိမ့်မလဲ။ ဒါကြောင့်အခါရက်နေ့ရက်တွေကို အလေးထားကြတာပေါ့။ ကိုင်းစိုက်မယ် ရိတ်သိမ်းပြီးလို့ အကြွေးကြေရင် အလှူကြီးလုပ်မယ် ဒါလောက်ပဲအလေးထားရတာပေါ့” ဆိုရှာပြန်တယ်။

တကယ်တော့ မွေးနေ့ဆိုတာ အခြားသူက အသက်ဘယ်လောက်ရှိပြီလဲမေးသည့်အခါ ဖြေနိုင်ဖို့လောက်သိထားရုံမျှသာ။ ကျွန်မအဒေါ်တွေ ရှေးရိုးစွဲပုံများ တခါတရံ မွေးနေ့မွေးလကျော်ပြီးမှ ဪ…….ငါ့မွေးနေ့တောင် ကျော်ခဲ့ပါရောလားဆိုတာမျိုးရှိတတ်သေး။ ကျွန်မကိုယ်တိုင်ပင် ငယ်ဘဝမွေးနေ့ခံစားမှုရယ်လို့ မရှိခဲ့။ ကိုယ့်မွေးနေ့ကို မှတ်ထားယုံကလွဲလို့ တစ်ခြားထူးခြားမှု ဘာမှမရှိဆိုသည်ကို အရိုးသားဆုံးဝန်ခံခြင်းပါ။

ကျွန်မကျောင်းနေစဥ်အရွယ် စနေ၊ တနင်္ဂနွေ ပိတ်ရက်များဆို ဒေါ်ကြီးဒေါ်လေးများကို နေ့လယ်နေ့ခင်း ဆံပင်ဖြူနှုတ်ပေးသည့်အခါ ကျွန်မက ကြည်ကြည် အသက်ဘယ်လောက်ရှိပြီလဲမေးလျှင် ‘လေးဆယ်ကျော်ပြီပေါ့အေ သူများတွေ ဆံပင်ဖြူတွေပြန်နက်အောင်ဆေးဆိုးကြပေမယ့် ငါတို့တော့ ဆိုးမနေနိုင်ပေါင် အသက်ရယ်လေးဆယ်ကျော်မှဖြင့် ငယ်မူငယ်သွေးဘယ်ပြန်ရလိမ့်မတုန်း လက္ခဏာရေးသုံးပါးပဲ ဦးထိပ်ပန်နေရပြီ”တဲ့။

သည်တုန်းက ကျွန်မမှာ ဆော့ကစားနေသည့်အရွယ်မို့ ကျွန်မအဒေါ်ပြောသည့် အသက်လေးဆယ်ကျော်နှင့် အဝေးကြီး။ မျက်ရစ်ဒေါင့်မှာ ကျီးခြေရာတွေထင်နေပြီဖြစ်သည့် ဒေါ်ကြီးဒေါ်လေးများ၏မျက်နှာကို ငေးကြည့်ရုံမှလွဲ၍ ကျွန်မနားမလည်ခဲ့။

ကျွန်မအရွယ်ကလေးရောက်တော့ အပေါင်းအသင်းသူငယ်ချင်းများနှင့် ဘုရားသွားကျောင်းတတ် မွေးနေ့ကုသိုလ်အဖြစ် နီးစပ်ရာဘုရား၊ ကျောင်းများသို့ သွားရောက်ကုသိုလ်ပြုတတ်လာသလို အသက်နှစ်ဆယ်ကျော်မှ မွေးနေ့မွေးရက်ဆိုတာ အမှတ်ထင်ထင်ရှိခဲ့ရပါလားလို့ ဆိုလျှင်လည်းမမှား။

ကျွန်မ၏တောနေသဘာဝကို နှစ်သက်ပါသည်ဆိုသော ဘဝခရီးဖော်နှင့် အသက်သုံးဆယ်ဝန်းကျင်မှာ အကြောင်းရေစက်ဆုံခဲ့ရပြီးသည့်နောက်ပိုင်း မှာတော့ ဌာနဆိုင်ရာဝန်ထမ်းဖြစ်သည့်အတွက် ကောင်းမှုကုသိုလ်အနည်းအများမဆိုသာ သူ့မွေးနေ့ရောကျွန်မမွေးနေ့ပါ နီးစပ်ရာ ဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်လေးတော့ အသိအမှတ်ပြု သွားရောက်ကုသိုလ်ယူရပြန်တာပေါ့။ အိမ်ထောင်တစ်ခုဖြစ်လာပြီဆိုတော့ မိသားစုတစ်စုဖြစ်လာစမြဲ။ အသက်သုံးဆယ်နောက်ပိုင်း အလုပ်တွေပိုလုပ်ရသလို ဘဝနှင့်ဆက်စပ်နေသော ကျွန်မ၏မွေးနေ့မွေးရက်ကို ပိုသတိထားမိလာတာအမှန်။ အသက်ဘယ်လောက်မှာ ဘာဖြစ်ရမည်ဟု ရည်မှန်းထားတာမရှိရိုးမှန်သော်လည်း တစ်နှစ်ထက်တစ်နှစ် ပိုရင့်ကျက်လာခဲ့သည့်အတွက် ကျွန်မ၏မွေးနေ့မွေးရက်ကလေးကိုပင် ကျေးဇူးတင်မဆုံး။

သမီးသုံးယောက်မွေးပြီးပြန်တော့ ဘုန်းကြီးကျောင်းသို့ တစ်နှစ်ကို ဆွမ်းချိုင့်ငါးကြိမ်ပို့ခဲ့ရသည့် ကုသိုလ်တွေလည်းရခဲ့ပါတယ်။ မတ်လမှာကျရောက်သည့် ခင်ပွန်းသည်မွေးနေ့၊ ဇူလိုင်လမှာ ကျွန်မနှင့် သမီးငယ်မွေးနေ့၊ ဒီဇင်ဘာလမှာ သမီးလတ်မွေးနေ့၊ ဇန်နဝါရီလမှာ သမီးကြီးမွေးနေ့။ အမှတ်တရကတော့ ကျွန်မတို့မိသားစုလေး ငွေရေးကြေးရေး အဆင်ပြေလို့ သမီးငယ်သုံးနှစ်ပြည့်တုန်းက ဘုရားဆင်းတုတော် တစ်ဆူကိုးကွယ်ရန် ဘုရားအနေကဇာတင် သံဃာငါးပါးပင့်ကာ အလှူရေစက်ချ တရားနာကုသိုလ်ပြုခဲ့ရပါသေးတယ်။

သမီးသုံးယောက်၏မွေးနေ့လေးတွေကိုတော့ အဆင်ပြေရင်ပြေသလို ပြုခဲ့ခြင်းဖြင့် သူတို့လေးတွေကို ငယ်စဥ်ကကျွန်မဘဝမှာ မပြည့်ဝခဲ့သည် အားနည်းချက်ကို ဖြည့်ဆည်းရန်ရည်ရွယ်ခြင်းသာ၊ လူတစ်ယောက်အဖို့ အသက်တစ်နှစ်ပိုကြီးလာခြင်း၏ အဓိပ္ပာယ်နှင့်တန်ဖိုးကို သိစေချင်သည်သာ အဓိက။ တစ်ခြားပကာသနမပါစေလို။

တစ်နေ့က ကျွန်မသမီးကြီးကို ကျွန်မဆံပင်ဖြူနှုတ်ခိုင်းတော့ “မေမေ့ခေါင်းမှာ ဆံပင်ဖြူတွေများနေပြီ ဇရာကိုလက်ခံလိုက်ပါတော့ အိုခြင်းတရားကသက်သေပြနေပြီ”တဲ့။ သည်လိုဆိုတော့ ကျွန်မလည်းပြန်ပြောလိုက်ပါတယ်။ မေမေ့မှာ သမီးသုံးယောက်မွေးထားတာ လက်ရှိအရွယ်လောက်နဲ့တော့ တစ်ခေါင်းလုံးမဖြူချင်သေးပါဘူး။ ဒါကြောင့် ဆံပင်ဖြူအတိုတွေ နှုတ်ခိုင်းရတာပေါ့လို့ဆိုလိုက်တယ်။ သမီးကြီးက ပြန်ပြောလာပြန်ကော။ “ဒါဆိုမေမေ့ကို မြေးတွေနှုတ်ခိုင်းလို့ရအောင် သမီးအိမ်ထောင်ပြုမှရတော့မယ်” တဲ့လေ။

ကျွန်မကလည်း “ဟေ့ အေ . . . ။ ငါ့ခေါင်းကို သမီးကိုင်တာပဲလိုချင်တယ် မြေးကိုင်တာမလိုချင်သေးပါဘူး”လို့ ပြန်ပြောလိုက်တော့ သားအမိတွေ ဟာသနှောနေရတာပေါ့။ ဒီတစ်ခါကျွန်မအဒေါ်တွေပြောခဲ့သည့်စကား အခုတော့ ကျွန်မကိုယ်တိုင်ခံစားနေရပြီ။ မွေးနေ့ပေါင်းဆယ်စုနှစ်အလီလီ ဂရုစိုက်ခြင်းကင်းစွာဖြင့် ကျွန်မကို ကျော်ဖြတ်သွားခဲ့ကြသည် မဟုတ်ပါလား။

အမှန်ဆိုရလျှင် ဘဝတစ်ခု၏ ခရီးသွားနှစ်များအတွက် မွေးနေ့မိုင်တိုင်များကို ကျွန်မကိုယ်တိုင် စိုက်ထူခဲ့ခြင်းမဟုတ်။ သို့သော်လည်း တတိုင်ပြီးတတိုင်ဖြတ်ကျော်ခဲ့ပြီးပြီးဖြစ်ရာ နောင်မိုင်တိုင်မည်မျှ ဖြတ်ကျော်ရဦးမည်ဆိုတာတော့ ခရီးသွား ကျွန်မတို့အတွက် နာရီမိနစ်စက္ကန့်များနှင့်အတူအချိန်နှင့် တပြေးညီအမီ လိုက်နေချင်မိပြီ။

◼︎နန်းနွေဦး (ITC)