ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချင်းမိုင်လေဆိပ်တွင် ကော်သူးလေမှတ်ပုံတင် ၁၀၀၀ ကျော် သိမ်းဆည်းခံရ

June 16, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့ နိုင်ငံတကာလေဆိပ်တွင် ကော်သူးလေမှတ်ပုံတင် ၁၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဌာနက ယနေ့ ထုတ်ပြန်သည်။

ဇွန်လ ၁၃ ရက်နေ့က အမေရိကန်ပြည်ထောင်စုမှ ချင်းမိုင်လေဆိပ်သို့ ဆိုက်ရောက်လာသော ခရီးသည်တစ်ဦး၏ ခရီးဆောင်အိတ်နှစ်လုံးကို အကောက်ခွန်ဌာနက စစ်ဆေးခဲ့ရာမှာ ကော်သူးလေမှတ်ပုံတင်ကတ် ၁၂၂၅ ကတ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းမှတ်ပုံတင်ကတ်များသည် အကောက်ခွန်ဌာနသို့ တရားဝင် အကြောင်းကြား ကြေညာခြင်းမရှိဘဲ မှောင်ခိုတင်သွင်းလာသည်ဟုဆိုကာ အကောက်ခွန်ဥပဒေအရ အရေးယူသိမ်းဆည်းခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။

သိမ်းဆည်းခဲ့သော မှတ်ပုံတင်ကတ်များ၏ ကာလတန်ဖိုးမှာ ဘတ် ခြောက်သောင်းကျော်ရှိကြောင်း သိရသည်။

ကော်သူးလေမှတ်ပုံတင်ကတ်များ သယ်ဆောင်လာသူ၏ အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိခဲ့ပေ။

ယခုနှစ် ဇန်နဝါရီလက ကော်သူးလေသမ္မတနိုင်ငံတော်အဖြစ် ကော်သူးလေအစိုးရက ကြေညာထားပြီး ကော်သူးလေ မှတ်ပုံတင်ကတ်ကိုလည်း ၂၀၂၄ ခုနှစ်ကတည်းက KNU ထိန်းချုပ်နယ်မြေများနှင့် ဒုက္ခသည်စခန်းများအတွင်း နေထိုင်သူများကို ထုတ်ပေးထားခြင်းဖြစ်သည်။