မလေးရှားနိုင်ငံက မြန်မာဒုက္ခသည် ၁,၅၀၀ နီးပါးကို ယခု စက်တင်ဘာလကုန်တွင် နေရပ်ပြန်ပို့ရန် စီစဉ်ထားသည့်အပေါ် ပြန်လည်စဉ်းစားသုံးသပ်ရန် UNHCR က ယနေ့ တိုက်တွန်းလိုက်သည်။
မြန်မာဒုက္ခသည်များကို နေရပ်ပြန်ပို့မည့် အစီအစဉ်တွင် UNHCR အနေဖြင့် ပါဝင်ပတ်သက်ခြင်း မရှိကြောင်းနှင့် စစ်ဖြစ်နေသော နိုင်ငံသို့ နေရပ်ပြန်ပို့ခံရပါက မြန်မာနိုင်ငံသားများအတွက် လုံခြုံရေးကို အာမမခံနိုင်ကြောင်း UNHCR က ရိုက်တာသတင်းဌာနသို့ ဖြေကြားထားသည်။
မလေးရှားအစိုးရက မြန်မာဒုက္ခသည် ၁,၄၇၆ ဦးကို စက်တင်ဘာ ၂၉ ရက်တွင် ပထမအသုတ်အနေဖြင့် နေရပ်ပြန်ပို့မည်ဟု ထုတ်ပြန်ထားခြင်းဖြစ်သည်။
၎င်းတို့ကို မြန်မာစစ်သင်္ဘော နှစ်စီးနှင့်အတူ ဆေးရုံသင်္ဘော တစ်စီးဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း ရိုက်တာတွင် ဖော်ပြသည်။
မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာ ၅,၀၀၀ ဦးကို နေရပ်ပြန်ပို့ရန် မြန်မာဘက်က သဘောတူထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် Anwar Ibrahim ကလည်း ကနဦး ပြောကြားထားသည်။
မြန်မာနိုင်ငံအတွင်း တိုက်ပွဲနှင့် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သဖြင့် ဒုက္ခသည်များကို နေရပ်ပြန်ပို့ပါက လုံခြုံမှု မရှိနိုင်ကြောင်း UNHCR က ပြောသည်။
နိုင်ငံတကာဥပဒေများအရ အန္တရာယ်ရှိသော နိုင်ငံသို့ မည်သူ့ကိုမျှ ပြန်မပို့သင့်ကြောင်း၊ ဒုက္ခသည်များ နေရပ်ပြန်ခြင်းသည်လည်း လုံခြုံရေးအရ ၎င်းတို့၏ သဘောဆန္ဒအလျောက်သာ ဖြစ်သင့်ကြောင်း UNHCR က ဆိုသည်။
ထို့ကြောင့် မြန်မာဒုက္ခသည်များကို နေရပ်ပြန်မပို့မီ အကာအကွယ်ပေးနိုင်ရေး ထည့်သွင်းစဉ်းစားရန် လိုအပ်ပြီး၊ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း UNHCR က တိုက်တွန်းထားသည်။
ယခုနှစ် ဖေဖော်ဝါရီလအထိ မလေးရှားနိုင်ငံ UNHCR ရုံးတွင် ဒုက္ခသည်နှင့် ခိုလှုံခွင့်အတွက် မှတ်ပုံတင်ထားသော ရိုဟင်ဂျာနှင့် ချင်းတိုင်းရင်းသားများ အပါအဝင် မြန်မာနိုင်ငံသား ၁၉၃,၈၀၀ ဝန်းကျင် ရှိကြောင်း ဖော်ပြထားသည်။
ဩဂုတ် ၁၅ ရက်အထိ မလေးရှား လဝက ထိန်းသိမ်းရေးစခန်းများတွင် မြန်မာနိုင်ငံသား တစ်သောင်းကျော် ရှိနေပြီး ၎င်းတို့ကို ဒုက္ခသည်များအဖြစ် သတ်မှတ်ထားခြင်း မရှိကြောင်း ဖော်ပြထားသည်။
Ref: REUTERS, The Straits Times







