ထိုင်းနိုင်ငံအရှေ့ပိုင်း ချွန်ဘူရီခရိုင်တွင် ယနေ့ (စက်တင်ဘာ ၁) နံနက်ပိုင်း ကားတိုက်မှုဖြစ်ခဲ့ပြီး မြန်မာအလုပ်သမား ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်သတင်းဌာနများတွင် ဖော်ပြသည်။
ယနေ့ နံနက် ၈ နာရီခန့်က စီရချာဒေသတွင် မြန်မာအလုပ်သမားများ တင်ဆောင်လာသော ကားက ကုန်တင်ကားကို အနောက်က ဝင်တိုက်ခဲ့ပြီးနောက် နောက်ထပ်ကားတစ်စီးကိုပါ ထပ်မံ ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။
ကုန်ကားနှစ်စီးသည် အရှေ့တွင် မီးပွိုင့်မီးနီနေသဖြင့် ဘရိတ်အုပ်၍ ကားကို အရှိန်လျှော့လိုက်ချိန် အလုပ်သမားများ ပါလာသောကားက ဘရိတ်မမိတော့ဘဲ ကုန်တင်ကားကို အနောက်မှ ဝင်တိုက်ခဲ့ခြင်းဟုဆိုသည်။
ကားကို မြန်မာနိုင်ငံသားတစ်ဦးက မောင်းလာခြင်းဖြစ်ပြီး ကားပေါ်တွင် မြန်မာအလုပ်သမား ၃၀ ကျော် လိုက်ပါလာကြောင်း၊ ကားတိုက်မှုကြောင့် ကားပေါ်ပါ မြန်မာအလုပ်သမား ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတွင်ပါရှိသည်။
မြန်မာလုပ်သားများကို ကယ်ဆယ်ရေးအဖွဲ့က ရှေ့ဦးကုသပေးပြီးနောက် နီးစပ်ရာ ဆေးရုံများသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသော်လည်း ဒဏ်ရာအခြေအနေ အသေးစိတ်ကိုမူ မသိရသေးပေ။
လက်ရှိတွင် ရဲတပ်ဖွဲ့က သက်သေအထောက်အထားများကို စုဆောင်းနေပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဟုဆိုသည်။
Ref: Thairath, Chon Buri News







