ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မိုးသည်းဒေသ စစ်ပြင်းမြေက စစ်ရှောင်များ

June 6, 2026

မေလလယ်ကစပြီး မြန်မာပြည်တောင်ပိုင်း တနင်္သာရီတိုင်းဆီ မုတ်သုန်လေ စတင်ဝင်ရောက်ကာ မိုးရာသီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

မိုးဦးကျကာလနှင့်အတူ မိုးသက်မုန်တိုင်းများ တိုက်ခတ်နေသော်လည်း စစ်အာဏာရှင်တပ်၏ စစ်ကြောင်းထိုးမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများမှာ အရှိန်လျော့မသွားသည့်အပြင် ပိုမိုပြင်းထန်လာနေသည်။

တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားခဲ့သည့် ထားဝယ်ခရိုင်အတွင်းရှိ ဝင်းဝစခန်းနှင့် ထိုင်း-မြန်မာနယ်စပ်က မောတောင်စခန်းတို့ကို လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း စစ်အာဏာရှင်တပ်၏ ထိုးစစ်အရှိန်မှာ သိသိသာသာ မြင့်တက်လာသည်။

လက်ရှိတွင် ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းနှင့် ထားဝယ် စသည့် မြို့နယ်လေးခုစလုံး၌ စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလျက်ရှိပြီး၊ ဒေသခံများမှာ တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ဆက်တိုက်ကြုံတွေ့နေရသည်။

တိုက်ပွဲများအတွင်း နေအိမ်များ မီးရှို့ဖျက်ဆီးခံရရုံမျှမက စားနပ်ရိက္ခာအတွက် အဓိကသိုလှောင်ထားသော စပါးကျီများပါ မီးလောင်ပျက်စီးခဲ့ရသဖြင့် ရိက္ခာပြတ်လတ်မှု ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

အလားတူပင် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင်လည်း မိုးဦးကျကာလအထိ စစ်ကြောင်းထိုးမှုများနှင့် လေကြောင်းရန်များ ဆက်ရှိနေခြင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မြိတ်ခရိုင်တွင်မူ စစ်ကောင်စီတပ်က မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် နယ်မြေထပ်မံတိုးချဲ့ကာ စစ်ကြောင်းထိုးလာသောကြောင့် ဒေသခံစစ်ဘေးရှောင်များသည် တစ်နေရာပြီးတစ်နေရာ အဆင့်ဆင့် ရွှေ့ပြောင်းကာ မိုးသက်လေပြင်းကြား ပြေးလွှားနေကြရသည်။

ယင်းအပြင် တနင်္သာရီတိုင်း၏ မိုးပြင်လေထန်လေ့ရှိသော မိုးရာသီကြောင့် ငှက်ဖျားနှင့် တုပ်ကွေးကဲ့သို့ ရာသီအလိုက် ရောဂါဆိုးများပါ ခေါင်းထောင်လာနေခြင်းကြောင့် မြေပြင်တွင် ဆေးဝါးနှင့် ကာကွယ်ကုသမှု မလုံလောက်သည့် အခြေအနေဆိုးကို ရင်ဆိုင်နေကြရသည်။

FE5 Tanintharyi သုတေသနအဖွဲ့၏ မေလထုတ် အစီရင်ခံစာအရ တနင်္သာရီတိုင်းအတွင်း နှစ်ဖက်တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ဘေးရှောင်ဦးရေမှာ ရှစ်သောင်းကျော်မှ တစ်သိန်းနီးပါးအထိ ရှိလာနေပြီ ဖြစ်ပါသည်။

ယင်းကြောင့် တနင်္သာရီတိုင်းသားတို့၏ မိုးရာသီအတွင်း ကြုံတွေ့နေရသော စစ်ဘေးရှောင်အခြေအနေနှင့် မြေပြင်အခက်အခဲများကို သိရှိနိုင်စေရန် မေးမြန်းပြီး ယခုအပတ် “တနင်္သာရီပုံရိပ်” အစီအစဉ်တွင် ဖော်ပြလိုက်ရပါသည်။

“မိုးတွင်းဆိုတော့လည်း စားနပ်ရိက္ခာက ရှားလာတယ်။ တချို့ရွာတွေမှာတော့ ဝယ်ဖို့တောင်မရှိတာမျိုး ကြုံရတယ်”

စစ်ဘေးရှောင်ဒေသခံပြည်သူတစ်ဦး လောင်းလုံးမြို့နယ်

DW ။ မိုးရာသီ စစ်ကြောင်းထိုးလာတော့ ဘယ်လိုတွေ ကြုံတွေ့နေရတာလဲ။

ဖြေ ။ ဒီဒေသမှာက ဥယျာဉ်ခြံတွေထဲ ရှောင်နေရတဲ့သူတွေက ရှားတယ်၊ ဒီလိုပဲ နီးစပ်ရာ အိမ်တွေမှာပဲ နေထိုင်ကြတာများတယ်။ တစ်ခုက ဘာရှိလဲဆိုရင် မိုးတွင်းဆိုတော့ ပစ္စည်းတွေ အများကြီးသယ်ရတာတွေရှိတယ်။ ကလေးလူကြီး အသုံးအဆောင်တွေပေါ့။ ဘုန်းကြီးကျောင်းတွေမှာ စုပြီးနေထိုင်ကြရတဲ့အခါကျတော့ လုံလုံခြုံခြုံတော့မရှိဘူး၊ ဒီလိုပဲ စိုစိုစွတ်စွတ်နဲ့ နေရတာရှိတယ်။ ပြဿနာက မိုးရွာနေတဲ့အခါမျိုးမှာပဲ စစ်ကြောင်းကထိုးတယ်။ မိုးရွာပြီဆိုရင် စစ်ကြောင်းက ထွက်လာပြီ။ လူတွေက မိုးထဲမှာပဲ ထပြီးထွက်ပြေးနေကြရတယ်၊ တချို့တလေဆို အပေါ်အင်္ကျီ (အတွင်းခံ) တောင် မဝတ်နိုင်ကြဘူး ထွက်ပြေးကြရတာ။ ကလေး၊ သက်ကြီးရွယ်အိုတွေလည်း ဒီအတိုင်း မိုးရေထဲ ထပြီး ထွက်ပြေးကြရတာပါပဲ။

DW ။ ထွက်ပြေးကြရတဲ့ အခါ ဘယ်လိုနေထိုင် စားသောက်နေကြရလဲ။

ဖြေ ။ အဓိက တခြားရွာတွေက အိမ်တွေ၊ ဇရပ်တွေ၊ ဘုန်းကြီးကျောင်းတွေပဲပေါ့။ အများစုက ဘုန်းကြီးကျောင်းမှာပဲ။ မိုးတွင်းဆိုတော့လည်း စားနပ်ရိက္ခာက ရှားလာတယ်။ တချို့ရွာတွေမှာတော့ ဝယ်ဖို့တောင်မရှိတာမျိုး ကြုံရတယ်။ ဒီလိုပဲ တစ်ယောက်မှာရှိရင် တစ်ယောက်မျှစားကြရတယ်။ များသောအားဖြင့် တည်းခိုတဲ့ နေအိမ်မှာပဲ ဝိုင်းစုပြီး ချက်ပြုတ်ကြပြီး စားကြရတယ်။ တချို့က ဆန်ထုပ်လေးတွေ၊ သားငါးတွေ သယ်လာပြီး ဒီလိုပဲ ဝိုင်းပြီး ချက်ပြုတ်စားသောက်ကြရတယ်။

DW ။ အလုပ်အကိုင်တွေက ဒီအတိုင်းပစ်ထားခဲ့ကြရတာလား။ ဘယ်လို အခြေအနေရှိလဲ။

ဖြေ ။ အေးပေါ့။ လယ်တွေ ပစ်ထားခဲ့ရတယ်။ ဥယျာဉ်ခြံတွေ ပစ်ထားခဲ့ရတယ်။ မွေးမြူရေးလုပ်ငန်းတွေဆိုရင် ဆုံးရှုံးမှုများတယ်။ ကြက်စာ ကားတွေက စစ်ကြောင်းရှိနေလို့ ဆင်းဖို့ မရဲကြဘူး။ စစ်တပ်က ရွာတွေမှာ တပ်စွဲထားရင် ကားတွေလည်း ဖြတ်လို့မရကြဘူး။ လမ်းကြောင်းက ပိတ်ကုန်တယ်။ လူတွေက ပြေးနေရချိန်မှာ လေးငါးခြောက်ရက်စာက ကြက်တွေ၊ ဝက်တွေ အကုန်အစာငတ်ပြီး၊ တချို့ သေဆုံးကုန်ကြတယ်။ ကြက်ဝယ်သမားလည်း လာလို့မရတော့ ရောင်းရမယ့် ကြက်တွေလည်း မရောင်းရ၊ တချို့လည်း ရတဲ့နည်းနဲ့ ရောင်းလိုက်ရလို့ ဈေးမရ ဖြစ်ကြရတယ်။

DW ။ ဖမ်းဆီးခံရတဲ့ လူတွေကျတော့ရော ဘာတွေ ကြုံခဲ့ရတာမျိုးရှိလဲ။ အဲဒါနဲ့ပတ်သက်ပြီး သိရမလား။

ဖြေ ။ ဖမ်းခံရတဲ့သူတွေဆီမှာက ရွှေပါရင် ရွှေယူတယ်၊ ဖုန်းပါရင် ဖုန်းယူတယ်။ တချို့ဆို ရွှေငါးကျပ်သားလောက်အထိ ပါသွားတာရှိတယ်။ များသောအားဖြင့် လူကို အကြာကြီးဖမ်းမထားဘူး၊ ပြန်လွှတ်တယ်။ သူတို့ လိုအပ်တဲ့ အင်နှင့်အားနှင့် အရွယ်မျိုးကျတော့ သူတို့ ဖမ်းထားတယ်၊ ပြန်မလွှတ်ဘူး။ ပစ္စည်းတွေ သယ်ခိုင်းတယ်။ စစ်ကြောင်းက ရုတ်တရက်ဝင်တော့ ရှိတဲ့ ပိုက်ဆံတွေ၊ ရွှေတွေ ယူသွားကြတာများတယ်၊ အဲဒီမှာ စစ်ကြောင်းနဲ့ တိုးမိပြီး ပါတဲ့ဟာ ယူလိုက်ကြတာပါပဲ။ သိန်းနှစ်ရာပါတဲ့သူပါ၊ အနည်းဆုံး သိန်းဆယ်ချီပါတဲ့သူပါ၊ အခုမေးရသလောက်တောင် ပိုက်ဆံနဲ့ ရွှေတွေပါသွားတဲ့သူ ဆယ်ချီရှိတယ်။

DW ။ စစ်ရှောင်နေတဲ့ သက်ကြီးရွယ်အိုတွေ အခြေအနေကိုရော ဘယ်လိုတွေ့ခဲ့ရလဲ။

ဖြေ ။ အရင်က သက်ကြီးရွယ်အိုတွေကျတော့ သိပ် ထွက်ပြေးလေ့မရှိဘူး။ အခုက သူတို့လည်း မနေရဲကြဘူး။ လောင်းလုံးမှာ တစ်ခါ စစ်ကြောင်းထိုးချိန် သက်ကြီးတစ်ယောက် မုဒိမ်းကျင့်ခံခဲ့ရပြီးကတည်းက သူတို့ ကြောက်သွားကြတယ်၊ အခုဆို သူတို့ အိမ်မှာမနေရဲဘဲနဲ့ စစ်ဘေးရှောင်နေကြရတယ်။

DW ။ စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးပိုင်း အခြားကဏ္ဍတွေမှာကျတော့ရော ဘယ်လိုတွေ ကြုံတွေ့နေကြရလဲ။

ဖြေ ။ နေမကောင်းစားမကောင်း ဖြစ်လာရင်တော့ ဒီဘက်မှာရှိတဲ့ ကူညီပေးနေတဲ့သူတွေက လိုက်ပြီးကုပေးနေတာမျိုး ရှိတယ်။ တစ်ခုဘာရှိလဲဆိုတော့ စစ်ကြောင်းက ရွာတစ်ရွာမှာ တပ်စွဲထားချိန်ဆို လမ်းကြောင်းက ပိတ်သွားတယ်။ အဲဒီလိုအချိန်ဆို ကိုယ်ဝန်ဆောင်ကအစ ဆေးခန်းတက်ပြလို့ မရတော့ဘူး။ ကိုယ်ဝန်သည်ဆိုလို့လည်း သူတို့ မလွှတ်ပေးဘူး။ ဒီလိုပဲ တစ်ရက်တန်တစ်ရက်၊ နှစ်ရက်တန်နှစ်ရက် ဖမ်းထားပြီးမှ သူတို့ ပြန်လွှတ်တယ်။ အဲဒီလိုဆိုရင် ဒီဘက်မှာက ကလေးရော လူကြီးရော ကျန်းမာရေးနဲ့ ပတ်သက်လာရင် အခက်အခဲရှိတယ်။ မြို့ဆေးခန်းမှာ ပြမှရမယ့် လူနာတွေမျိုးဆို ပိုလို့တောင် ခက်ခဲသေးတယ်။ ရိုးရိုးဖျားနာတာနဲ့ အော့အန်ချောင်းဆိုးတာလောက်တော့ ဒီမှာရှိတဲ့သူတွေနဲ့ပဲ ကုသကြရတယ်။ လူမှုရေးပိုင်းမှာဆိုရင်လည်းပဲ မင်္ဂလာဆောင်တွေ နှစ်ပွဲလောက်ရှိတယ်၊ ဖျက်သိမ်းလိုက်ရတာ။ တခြားအလှူအတန်းတွေ ဖျက်လိုက်ရတာလည်း အများကြီးပဲ ရှိတယ်။

DW ။ လက်ရှိ စစ်ရေးအခြေအနေနဲ့ နှစ်ဖက် ပဋိပက္ခအခြေအနေကရော ဘယ်လို အခြေအနေရှိလဲ။

ဖြေ ။ စစ်ကြောင်းစထိုးလာတဲ့ မေလ ၂၀ ကစပြီး နှစ်ဖက်က စစ်ဆိုင်နေတဲ့ အခြေအနေရှိတယ်။ ဘယ်အချိန်မဆို တိုက်ပွဲက အချိန်မရွေး ထဖြစ်နိုင်တယ်။ လက်ရှိ အခြေအနေက တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးချတယ်၊ စစ်တပ်ဘက်ကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ ပြဿနာတစ်ခုက စစ်ကြောင်းက ရွာတစ်ရွာမှာ တပ်စွဲပြီးရင် ညဘက် တောထဲဝင်ပြီး တပ်ဖျောက်ပစ်လိုက်တယ်။ နောက်တစ်နေ့ဆို အခြားရွာတစ်ရွာမှာ သွားပြီး ပေါ်လာပြန်တယ်။ ဘယ်လိုဖြစ်နေလဲဆိုတော့ စစ်ကြောင်းက ဟိုရွာပေါ်လိုက်၊ ဒီရွာပေါ်လိုက်နဲ့ ဖြစ်နေလို့ လူတွေလည်း ဘယ်နားပြေးလို့ ပြေးရမှန်းမသိ ဖြစ်နေတယ်။ ရှေ့ရွာကလူတွေက နောက်ရွာပြေးလိုက်နဲ့၊ နောက်ရွာကလူတွေက ရှေ့ရွာပြေးလိုက်နဲ့ ဖြစ်နေတယ်။ ကိုယ့်ရွာမှာကိုယ် အတည်တကျ နေမရဘဲ ကျီးလန့်စာစား ဖြစ်နေကြတယ်။ နောက်ပြီး ဒီစစ်ကြောင်းကလည်း ကြာမယ့်ပုံစံပေါက်နေတယ်၊ အလွယ်တကူ ဆုတ်ခွာသွားမယ့် အခြေအနေမှာ မရှိဘူး။ လောလောဆယ်တော့ စစ်ရှောင်နေရတာ ကျေးရွာအုပ်စု ငါးခုစာလောက်၊ ဆယ်ရွာလောက် စစ်ရှောင်နေရတယ်။ ဘယ်တော့ ပြန်ဆုတ်မယ်ဆိုတာ ခန့်မှန်းမရဘူး။ အခုထိ တစ်ရွာဝင် တစ်ရွာထွက် စစ်ကြောင်းထိုးနေတုန်းပါ။

DW ။ ကျေးဇူးတင်ပါတယ်။

“မိုးရာသီဖြစ်တဲ့အတွက်… တောတောင်ထဲမှာလည်း နေလို့မရဘူးပေါ့လေ…. အမိုးအကာ အကူအညီတွေလိုတယ်”

တာဝန်ခံတစ်ဦး

ဒေါနတနင်္သာရီစစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ (ထားဝယ်ခရိုင် အခြေစိုက်)

DW ။ အခု လတ်တလော ထားဝယ်ခရိုင်ရဲ့ စစ်ဘေးရှောင် အခြေအနေက ဘယ်လို အနေအထားမှာရှိသလဲ။ ပြီးခဲ့တဲ့ နွေရာသီမှာ ထားဝယ်ခရိုင်ထဲ ဝင်းဝစခန်းသိမ်းတိုက်ပွဲ အပါအဝင် တိုက်ပွဲပြင်းထန်ခဲ့တာတွေရှိတော့ စစ်ဘေးရှောင် ပိုများလာသလားပေါ့နော်။

ဖြေ ။ ဝင်းဝစခန်းသိမ်းတိုက်ပွဲ ပြီးတဲ့နောက်မှာတော့ စစ်ဘေးရှောင်က အရင်ကထက် ပိုများလာတယ်လို့ပဲ ပြောရမယ်။ ကျွန်တော်တို့ သိသလောက် (တိုးလာတဲ့) စစ်ဘေးရှောင် သုံးထောင်ကနေ ငါးထောင်အကြား ရှိပါတယ်။ အဲဒီဟာသည် ဝင်းဝစခန်းသိမ်းတိုက်ပွဲကြောင့် ရှောင်ရတဲ့ ရွာတွေပေါ့။

DW ။ အခု မိုးဦးကျကာလအထိလည်း စစ်အာဏာရှင်တပ်ဘက်က ထိုးစစ်မလျှော့သေးတာမျိုးရှိတော့စစ်ဘေးရှောင်တွေ ဘာတွေကြုံနေရလဲ။ ဘယ်ဒေသတွေမှာ မိုးထဲရေထဲ လတ်တလော စစ်ဘေးရှောင်နေရလဲ။

ဖြေ ။ အခုဆိုရင် လောင်းလုံးမှာ (တိုက်ပွဲတွေ) ဖြစ်နေတယ်ပေါ့လေ။ စစ်ရှောင်ရှိနေတယ်။ ထားဝယ်ခရိုင်ထဲမှာဆိုရင် သရက်ချောင်းရယ်၊ လောင်းလုံးရယ်မှာ စစ်ကြောင်းထိုးတာရယ်၊ တိုက်ပွဲဖြစ်နေတာရယ်တော့ ရှိတယ်။ သရက်ချောင်းဘက်မှာကျတော့ ကင်းရှေ့၊ စော်ဖျား (ထားဝယ်မြို့တောင်ပိုင်း ကျေးရွာများ) ဘက်မှာဆိုရင် စစ်ကြောင်း (စစ်ကြောင်းထိုးတာ) တွေ ကြားရတယ်။ ထိတွေ့တိုက်ပွဲတော့ အခုထိ (ဇွန်လ ၂ ရက်အထိ) မရှိသေးဘူး။ ရွာတွေမှာတော့ တချို့တွေ ရှောင်နေရတာမျိုးတော့ ရှိတယ်။ ထားဝယ်ရေဝိုင်းဘက်မှာဆိုရင်လည်း စစ်ကြောင်းထိုးတာနဲ့ စစ်ရှောင်တွေ အများကြီး ဖြစ်လာတယ်။ လေးငါးရာလောက်တော့ ရှိတယ်။

DW ။ မိုးထဲရေထဲ လတ်တလော စစ်ဘေးရှောင်တွေအနေနဲ့ အရေးအကြီးဆုံး လိုအပ်ချက်က ဘာလဲ။ ဘာအခက်အခဲတွေ ရင်ဆိုင်နေရလဲ။

ဖြေ ။ စစ်ရှောင်တွေမှာ အဓိက ရင်ဆိုင်နေရတာက မိုးရာသီဖြစ်တဲ့အတွက်ကြောင့်မို့လို့ အမိုးအကာရယ်၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခြေအနေတွေတော့ အများကြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ ဥပမာ – ကျွန်တော်တို့ဘက်မှာဆိုရင် ငှက်ဖျားပေါ့၊ နေရာအတော်များများမှာ ဖြစ်လိုက်ပြီဆိုရင် ငှက်ဖျားတွေ့တာမျိုး ကြားသိရပါတယ်။ စစ်ရှောင်တွေအကြားထဲမှာလည်း ငှက်ဖျားပိုး တောက်လျှောက် တွေ့လာရပါတယ်။ အဲဒီအပြင် မိုးရာသီဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဆင်ပြေတဲ့နေရာ၊ တောတောင်ထဲမှာလည်း နေလို့မရဘူးပေါ့လေ။ ဒီလိုအခြေအနေမှာ အမိုးအကာ အကူအညီတွေ လိုတယ်။ ကျန်တာကတော့ အချိန်ကြာလာတာနဲ့အမျှ အစားအသောက်လည်း ခက်ခဲလာကြတယ်။ စားနပ်ရိက္ခာလည်း လိုအပ်လာတယ်ဆိုတဲ့ အခင်းအကျင်းတွေတော့ မိုးရာသီမှာ ပိုရှိလာတယ်ပေါ့။

DW ။ စစ်ရှောင်ကူညီနေတဲ့အဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေအကြား အချိတ်အဆက်မိဖို့ အခက်အခဲတွေများ ရှိနေသလား။ ဘာအခက်အခဲတွေ ရင်ဆိုင် ဖြေရှင်းနေရပါသလဲ။

ဖြေ ။ ကျွန်တော်တို့လိုမျိုး စစ်ဘေးရှောင်ကူညီနေတဲ့ အဖွဲ့တွေအနေနဲ့ ဆိုရင်တော့ မိုးရာသီဖြစ်တဲ့အတွက်ကြောင့်မို့လို့ လမ်းပန်းဆက်သွယ်ရေး အလွယ်တကူ သွားလာလို့မရဘူး။ နွေရာသီလိုမျိုး၊ ဆောင်းရာသီလိုမျိုးဆိုရင် သုံးလို့ရတဲ့လမ်းတွေရှိတယ်။ ဒါပေမဲ့ အဲဒီလမ်းတွေက မိုးရာသီဆိုရင် ပျက်စီးနေတာနဲ့ အလွယ်တကူ သွားလာလို့မရတဲ့ အခက်အခဲတွေကြုံရတယ်။ နောက်တစ်ခုက ဆက်သွယ်လို့မရတဲ့ အခက်အခဲပေါ့လေ။ တချို့ စစ်ရှောင်တွေက အင်တာနက်လိုင်းအခက်အခဲ၊ ဖုန်းလိုင်းမရှိတဲ့ရွာတွေမှာ သွားပြီးရှောင်ရတယ်။ အဲဒီလိုမျိုးဆိုရင် ကျွန်တော်တို့က လူကိုယ်တိုင်သွားပြီး အချက်အလက်ကောက်တာဖြစ်ဖြစ်၊ အခက်အခဲ လိုအပ်ချက်တွေကို သွားမေးမြန်းတာဖြစ်ဖြစ် အရင်ကဆို လုပ်လို့ရတယ်။ လိုင်းအခက်အခဲ၊ အင်တာနက်အခက်အခဲကြောင့် ဆက်သွယ်လို့ မရတာတွေလည်းပဲ တောက်လျှောက် ကြုံခဲ့ရတယ်။ တစ်ဖက်မှာကျတော့ စစ်ဘေးရှောင် အရေအတွက်ပေါ်မှာ မူတည်ပြီးတော့၊ လိုက်ကူညီဖို့ကလည်း အကန့်အသတ်တွေ အများကြီးရှိတယ်။ အနီးစပ်ဆုံးကတော ရတဲ့လမ်းကနေပဲ အခက်အခဲတွေကြားထဲကနေ ရအောင်တော့ သွားရတယ်ပေါ့လေ။ အဲဒီလိုအနေအထားမှာ လက်ရှိ အချက်အလက်တွေတော့ ကျွန်တော်တို့ မရဘူး။ ရှောင်နေကြတဲ့နေရာကို သွားဖို့တောင်မှ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးတွေကို ချင့်ချိန်ပြီး ကျွန်တော်တို့သွားရတယ်။

DW ။ အခုမိုးကျကာလလည်း စရောက်လာပြီဆိုတော့ စစ်ဘေးရှောင်တွေအတွက် ငှက်ဖျား၊ တုပ်ကွေးနဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေအတွက်ရော ကာကွယ်မှုအစီအမံတွေနဲ့ ဆေးဝါးကိစ္စတွေမှာ ဘာတွေ လိုအပ်နေလဲ။

ဖြေ ။ ကျွန်တော်တို့လို စစ်ရှောင်ကူညီနေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ ကြိုတင်စီမံဖို့က အခက်အခဲတွေ အများကြီးရှိတယ်။ စိန်ခေါ်မှုတွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာက ပြည်သူတွေဆီက အသံတွေကိုပဲ ထုတ်ပေးလို့ရနိုင်မယ်။ ကျန်းမာရေးနဲ့ပတ်သက်လို့ ဘယ်လိုအခက်အခဲတွေရှိလဲ။ ဥပမာ – မိုးရာသီမှာ များသောအားဖြင့် ဖြစ်လေ့ရှိတာက ငှက်ဖျား၊ ငှက်ဖျားသည် အရင်ကထက် ပိုပြီးတော့ အဖြစ်များလာတယ်။ အရင်ကဆိုရင် ငှက်ဖျားနဲ့ပတ်သက်တဲ့ ငှက်ဖျားဆေးတွေကို ပေးနေတဲ့အဖွဲ့အစည်းတွေရှိတယ်။ အဲဒီအဖွဲ့အစည်းတွေသည် အခုအချိန်မှာ ဆေးတွေ အလုံအလောက်မပေးနိုင်တော့ဘူး။ တချို့စီမံကိန်းတွေဆိုရင် ရပ်နားလိုက်ရတဲ့ အခင်းအကျင်းထိရှိတယ်။ အဲဒီလို အခင်းအကျင်းမှာ ဖြစ်လာပြီဆိုရင်တော့ ကုသဖို့ ဆေးဝါးသည် ပြင်ဆင်ထားတာ အင်မတန်အားနည်းတယ်။

DW ။ အခု လာမယ့် မိုးရာသီကို ဖြတ်ကျော်ကြမယ့် စစ်ဘေးရှောင်တွေအတွက် ကူညီချင်သူတွေအနေနဲ့ ဘာတွေကို ဦးစားပေးကူညီသင့်ပါသလဲ။ ဘယ်လိုချိတ်ဆက်ရမလဲ။

ဖြေ ။ မိုးရာသီဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပုံမှန်အချိန်တွေနဲ့စာရင်တော့ ပုံမှန်ထက်အများကြီး အခက်အခဲရှိတယ်။ အဲဒီလိုအခြေအနေမှာ စစ်ရှောင်တွေအနေနဲ့က တိုက်ပွဲတွေ စစ်ကြောင်းထိုးတာတွေရှိတဲ့ ကိုယ့်ရပ်ရွာ ကိုယ့်ဒေသမှာ ကြိုတင်ပြင်ဆင်မှုတွေ ကောင်းကောင်းလုပ်ထားဖို့ လိုတယ်။ အဓိကအားဖြင့် ပြေးရတော့မယ် ရှောင်ရတော့မယ်ဆိုရင် အမိုးအကာရယ်၊ စားနပ်ရိက္ခာရယ် ဖူလုံဖို့အတွက်ကို နိုင်သလောက် ကြိုတင်ပြင်ဆင်တာမျိုးတော့ လုပ်သင့်တယ်။ နောက်တစ်ခုက ရပ်ရွာဒေသအလိုက် ပူးပေါင်းဆောင်ရွက်ကြတာ၊ မိသားစုတစ်စုအနေနဲ့ အခက်အခဲရှိနိုင်တဲ့ဟာသည် ရပ်ရွာဒေသအလိုက် ဆောင်ရွက်လိုက်ရင် လျော့ပါးသွားတာမျိုးတွေလည်း သိရတယ်။ ဒါကြောင့် ရပ်ရွာအလိုက် စုစည်းမှုတွေကိုလည်း အင်အားတစ်ခုအနေနဲ့ ရှိသင့်တယ်လို့မြင်တယ်။ နောက်တစ်ခုက ကူညီပေးနေတဲ့အင်အားစုတွေ၊ ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ကျတော့ ကျွန်တော်တို့ဒေသမှာဖြစ်နေတဲ့ အခင်းအကျင်းတွေကို ကြိုတင်မှန်းဆပြီးတော့ မိုးရာသီမှာ ဘာတွေပိုလိုအပ်နိုင်မလဲ။ ခုနက ပြောသွားသလို ကျန်းမာရေးအတွက် ဘာတွေကူလို့ရနိုင်မလဲ။ စားဝတ်နေရေး၊ နောက်တစ်ခုက နေထိုင်ရေးအတွက်ကို အမိုးအကာ ဘယ်လို ကြိုပြင်ဆင်ထားသင့်သလဲ ဆိုတာတွေကို ကြိုတင်တွက်ဆပြီးတော့ လိုအပ်တဲ့ အကူအညီတွေ၊ လိုအပ်တဲ့ ငွေကြေးတွေကို ကြိုတင်စုဆောင်းတာမျိုး၊ ဖြည့်စွက်ပြောချင်တာကတော့ လက်ရှိအနေအထားအရ ထားဝယ်ဒေသသည် မိုးများတဲ့ဒေသလည်းဖြစ်တယ်။ စစ်ရေးအားဖြင့်လည်း အရင်ကထက် ထိတွေ့တိုက်ပွဲတွေရော စစ်ကြောင်းထိုးမှုတွေရော ပိုများလာတဲ့အခြေအနေမှာ စစ်ရှောင်တွေအနေနဲ့ရော၊ ကူညီပေးနေသူတွေအနေနဲ့ရော၊ လက်နက်ကိုင်တွေအနေနဲ့ရော မိုးရာသီအတွက် ကြိုတင်ပြင်ဆင်တာတွေ ကောင်းကောင်းလုပ်ပြီးတော့ အခက်အခဲတွေကို ဖြတ်ကျော်နိုင်ဖို့ အကြံပေးချင်ပါတယ်။ အကယ်၍ ဖြစ်လာတဲ့ အခင်းအကျင်းမှာလည်း ပူးပေါင်းဆောင်ရွက်ပြီးတော့ လက်တွေ့ကျတဲ့ နည်းလမ်းဝိုင်းဝန်းစဉ်းစားပြီး ဖြေရှင်းကြဖို့ တိုက်တွန်းချင်ပါတယ်။

“လောလောဆယ်တော့ စစ်ရှောင်တွေမှာက နေထိုင်စရာတွေ လုံလုံလောက်လောက်တော့ မရှိသေးဘူး။”

အသက် သုံးဆယ်ကျော်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး

မောတောင်မြို့

(ထိုင်း-မြန်မာ နယ်စပ်ရှိ မောတောင်မြို့ကို ၂၀၂၅ ခုနှစ် နှောင်းပိုင်းမှာ တော်လှန်ရေးတပ်တွေ သိမ်းယူနိုင်ခဲ့ပါတယ် ။ သိမ်းယူပြီးနောက် ၆ လဝန်းကျင်အကြာမှာ စစ်အာဏာရှင်တပ်က လေကြောင်း၊ စစ်ကြောင်းအင်အားအများအပြားသုံးကာ ပြီးခဲ့တဲ့ မေလအတွင်း ထိုးစစ်ဆင်ပြီး ပြန်သိမ်းထားတယ်။)

DW ။ မိုးရာသီမှာ စစ်အာဏာရှင်တပ်ကနေ လေကြောင်းရော၊ စစ်ကြောင်းထိုးတာရော လုပ်နေတဲ့အတွက် လတ်တလောမှာ စစ်ရှောင်တွေ ဘယ်လိုအခက်အခဲနဲ့ ရင်ဆိုင်နေရလဲ။

ဖြေ ။ စစ်ရှောင်ကတော့ အခက်အခဲက ဘယ်ကနေစပြောရမှန်းတောင် မသိဘူး။ အခုက စစ်ကြောင်းထိုးတဲ့နေရာက တအားဝေးတယ်လေ။ ပြေးလာရတာ တအားဝေးတယ်။ တအားဝေးတဲ့အတွက်ကြောင့် ပစ္စည်းတွေ သယ်မပါကြဘူး။ ရွာသားတွေဆိုလည်းပဲ အစားအသောက်တွေ မပါဘူး။ ပြီးတော့ အိုးခွက်တွေလည်း မပါဘူး။ နောက်တစ်ခုက ဆိုင်ကယ်တွေ ဘာတွေသယ်လာလည်းပဲ ဆီတွေကုန်၊ ချိန်းတွေဘာတွေပြတ်ပြီးတော့ ကျန်ရစ်တဲ့ ဆိုင်ကယ်တွေလည်း အများကြီးပဲ။ အခုက လမ်းလည်း တအားဆိုးတယ်။ ဒါပေမဲ့ တစ်ရက်၊ နှစ်ရက်ကျရင် နေပူဆိုတော့ လမ်းနည်းနည်းခြောက်တယ်။ လမ်းနည်းနည်းခြောက်လည်း ဆိုင်ကယ်သွားယူဖို့ ဆီတွေမရှိဘူး ဖြစ်နေတယ်။ အဲဒီလိုမျိုးတွေရှိတာပေါ့။ အခက်အခဲတွေက ဒီရွာသားတွေရော ကျွန်မတို့ရော ကြုံရတယ်။

DW ။ တောထဲမှာရှောင်ရတော့ စားသောက်ရတာနဲ့ နေထိုင်ရတဲ့ပုံစံက ဘယ်လိုဖြစ်နေလဲ။

ဖြေ ။ တဲငယ်တွေ ဆောက်ပြီးနေနေကြတယ်။ လောလောဆယ်က ရောက်ဆိုရောက်ချင်းနေရာမှာ ဘာမှလည်း မရှိတော့ စစ်ရှောင်ကူနေသူတွေပေးတဲ့ဟာပဲ စားတယ်။ နောက်တစ်ဖွဲ့လာကူတဲ့ ရိက္ခာနဲ့ ဆက်စားနေတယ်။ အခုက ဆန်တွေကုန်နေပြီ။ အစားအသောက်တွေက အခုလောလောဆယ် ဖြစ်သလိုပဲ စားတယ်။ အိုး၊ ခွက်တွေပါလာတယ်ဆိုရင် တစ်ယောက်က အရင်ထမင်းချက်ပေါ့။ အဲဒီထမင်းတွေကို တစ်ခုခုမှာ လောင်းထည့်ပြီး နောက်လူတွေ အိုးတွေကို ပြန်သွားငှားကြတယ်။ ဒီလိုမျိုး အလှည့်နဲ့သုံးကြတယ်။ ပြီးတော့ တချို့ အိုးမပါတဲ့သူတွေက ဝါးလုံးနဲ့ ထမင်းချက်စားသူတွေလည်းရှိတယ်။ လောလောဆယ်တော့ စစ်ရှောင်တွေမှာက နေထိုင်စရာတွေ လုံလုံလောက်လောက်တော့ မရှိသေးဘူး။ မိုးကာတွေ ဘာတွေ လွန်ခဲ့တဲ့ သုံးလေးရက်က လာလှူပေးတဲ့ မိုးကာတွေကို အရင်ပေးလိုက်တယ်။ ဒါပေမဲ့ လောက်တော့မလောက်သေးဘူး။ တချို့ မိုးကာတွေက ငယ်တယ်။ တချို့ မိုးကာတွေက ကြီးတယ်။ ရွာသားတွေက ဒီလိုမျိုးပေးတဲ့ မိုးကာတွေနဲ့ အဆင်ပြေသလို သူတို့နေကြတယ်။ စားတာဆိုရင် အချင်းချင်း ပြန်ပေးစားကြတယ်။ လုံးဝမရှိတဲ့သူတွေကျရင် လောလောဆယ် မျှစားနေကြတယ်။ လောလောဆယ် ရှိတဲ့ဟာတွေနဲ့ပဲ စားနေကြတယ်။

DW ။ တကယ်လို့ ရေရှည်စစ်ရှောင်ရမယ်ဆို ဘာတွေဖြစ်လာနိုင်လဲ။

ဖြေ ။ ရေရှည်တော့ စစ်ရှောင်ရဦးမယ်ထင်တယ်။ ရေရှည်ရှောင်ရမယ်ဆိုတော့ အခုလောလောဆယ်က ဒီသုံးလစာလောက် ကြိုးစားပြီး အစားအစာတွေ စုဆောင်းနေတယ်။ စစ်ဘေးရှောင်တွေအတွက် ရတဲ့ကူညီမှုအချို့လည်း အစားအသောက်အတွက်ပဲ အဓိကထားလုပ်နေကြတယ်။

DW ။ အရင်စစ်ရှောင်ရတာနဲ့ အခုစစ်ရှောင်ရတာ အခြေအနေ ဘယ်လိုကွာခြားမှုရှိသွားလဲ။

ဖြေ ။ အရင်တုန်းက စစ်ရှောင်ရတာက အနီးအနားမှာပဲ ရှောင်ရတယ်။ တအားကြီး မဝေးတော့ ကားတွေ၊ ဆိုင်ကယ်လမ်းတွေလည်း ပေါက်တယ်။ ပြီးတော့ ကိုယ်ရဲ့ ထားခဲ့ရတဲ့ ပစ္စည်းတွေလည်း အိမ်မှာ ပြန်ယူလို့ရတယ်။ အခုက စစ်ရှောင်လာရတာက နေရာတအားဝေးတယ်။ ဝေးတဲ့အပြင်မှာ မိုးရွာတော့ လမ်းတွေပျက်တယ်။ ဆိုင်ကယ်တွေ ကားတွေသွားမရတဲ့ အခြေအနေမှာ ခြေထောက်နဲ့ပဲ လျှောက်ရတယ်။ ဒါပေမဲ့ အခုက စစ်ကြောင်းထိုးပြီးတော့ ရွာတွေအထိ ကိုယ်တို့ရဲ့ အိမ်တွေအထိ ဝင်လာကြတော့ ပစ္စည်းတွေကျန်ခဲ့လည်း ပြန်သွားယူဖို့ မရဲကြဘူး။ ဒါဆိုတော့ ပိုပြီးတော့ ခက်ခဲတယ်။ သယ်ယူလာတဲ့ ပစ္စည်းတချို့တောင် လမ်းခရီးက တအားဝေးလာတဲ့အခါမှာ ဆက်မသယ်နိုင်ဘဲ လွှတ်ပစ်ထားရတဲ့ဟာတွေလည်းရှိတယ်။ နောက်တစ်ခုကလည်း ရောက်လာတဲ့နေရာကလည်း ရွာတွေနဲ့ တအားဝေးတယ်။ ဒီတစ်ခေါက်က တော်တော်လေးခက်ခဲတယ်။ ဘာလမ်းကြောင်းတွေမှလည်း မရှိဘူးပေါ့နော်။ ရှိတဲ့ဟာတွေနဲ့ပဲ စားရတယ်။ တကယ်လို့ ပိုက်ဆံရှိရင်တောင်မှ ဝယ်စားဖို့ကမရှိဘူး။

DW ။ အခုက ဒီဝေးလံတဲ့နေရာကို ဘာကြောင့်ရှောင်ကြလဲ။

ဖြေ ။ လုံခြုံဖို့လိုတယ်။ ပြီးတော့ လေကြောင်းရယ်၊ စစ်ကြောင်းရယ် ဘာလို့ဆို အခုစစ်ကြောင်းအကြီးကြီးထိုးရင် အဝေးကြီးကို ရောက်တယ်။

” ထပ်ခါတလဲလဲ ရှောင်ရတဲ့ စစ်ဘေးရှောင်တွေက ပိုခက်ခဲတယ်….ကျန်းမာရေးအရရော၊ ရိက္ခာအရရော၊ နေထိုင်ရေးအရရော ပိုပြီးခက်ခဲတယ်”

အဖွဲ့ဝင်တစ်ဦး

ခုနှစ်စင်ကြယ် စစ်ရှောင်ကူညီရေးအဖွဲ့ (မြိတ်ခရိုင်)

DW ။ အခုလတ်တလော တနင်္သာရီမြို့နယ်အတွင်း ရှောင်လိုက်ရတဲ့ ရွာတွေ ဘယ်လောက်ရှိနိုင်လဲ။

ဖြေ ။ စစ်ဘေးရှောင်လိုက်ရတဲ့ရွာတွေက မောတောင်ဘက်မှာလည်း အများကြီးပဲပေါ့။ မောတောင်ဘက်မှာဆိုလည်း အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃ နဲ့ အမှတ် ၈၊ အမှတ် ၉ ထိ သဲဖြူရွာရှိတယ်။ ရေဖြူရှိတယ်။ ရွာပေါင်းဆို အနည်းဆုံးပြန်ပြီး တစ်မြို့နယ်လုံးအတိုင်းအတာနဲ့ ပြန်ကြည့်မယ်ဆိုရင် ရွာပေါင်း ၁၀ ကျော် ၂၀ နီးပါးလောက်ထိ ရှောင်ထားရတယ်။

DW ။ တနင်္သာရီမြို့နယ်ထဲမှာ စစ်အာဏာရှင်တပ် လေကြောင်းအသုံးပြုလိုက်တော့ ဘယ်ရွာကစစ်ဘေးရှောင်တွေ ပိုခက်ခဲသွားတာမျိုးရှိလဲ။

ဖြေ ။ လေကြောင်းအသုံးပြုလို့ ခက်ခဲတာထက် ထပ်ပြီး ထပ်ခါတလဲလဲ ရှောင်ရတဲ့ စစ်ဘေးရှောင်တွေက ပိုခက်ခဲတယ်။ လေကြောင်းအသုံးပြုမှဆိုလို့တော့ မဟုတ်သေးဘူးနော်။ တိုက်ပွဲမနားဘဲနဲ့ တိုက်ပွဲဆက်တိုက်ဖြစ်နေတဲ့ နေရာတွေက ပိုခက်ခဲတယ်။ တချို့တွေကျတော့ ဒီတိုက်ပွဲမပြီးလို့ ရှောင်ရတယ်။ စစ်ကြောင်းထပ်ထိုးလာတယ်၊ ထပ်ပြီးတော့ ထပ်ရှောင်ရတယ်။ လေကြောင်းပစ်ခတ်လိုက်တော့ လက်ရှိရှိနေတဲ့နေရာတွေမှာ မနေရဲလို့ ထပ်ရှောင်ရတယ်။ အဓိကက စစ်မပြီးတာပေါ့နော်။ စစ်မပြီးရင် လေကြောင်းပစ်ခတ်မှုက မပြီးဘူးလေ။ မပြီးတာဖြစ်တဲ့အတွက်ကြောင့် လေကြောင်းတိုက်ခိုက်မှုကြောင့် တောထဲတောင်မှာနေတောင်မှ လာရောက်ပစ်ခတ်မှုကြောင့် ထပ်ရှောင်ရတယ်။ အဲဒီလိုပဲ စစ်ကြောင်းထိုးလာတဲ့အတွက်ကြောင့်လည်းပဲ ကိုယ်နေတဲ့နေရာမလုံခြုံပြီဆို ထပ်ပြီး ရွှေ့ရတဲ့ အနေအထားမှာရှိတယ်။

DW ။ ထပ်ပြီးရွှေ့ရတော့ ဘာအခက်အခဲမျိုးတွေ ဖြစ်သွားလဲ။

ဖြေ ။ မိုးရာသီဖြစ်လို့ စစ်ရှောင်တော်တော်များများက ခဏခဏ ရွှေ့ပြောင်းရတာတွေ ရှိတယ်။ အစားအသောက် သယ်ရတဲ့အတွက် တဲတွေပြန်ဆောက်ရတဲ့ အနေအထားရှိတယ်။ အဝတ်အထည်တွေ၊ စားနပ်ရိက္ခာတွေ သယ်ရတဲ့ အခက်အခဲရှိတယ်။ နေရာတစ်နေရာမှာ အထိုင်မကျခင် ထပ်ပြီးနောက်တစ်နေရာထပ်ပြီး ရွှေ့ရတာဖြစ်တဲ့အတွက် သူတို့သည် ရွှေ့ပြောင်းမှုကြားထဲမှာရော ကျန်းမာရေးအရရော၊ ရိက္ခာအရရော၊ နေထိုင်ရေးအရရော ပိုပြီးခက်ခဲတယ်။

DW ။ အစားအသောက်ပိုင်းတွေတင် မဟုတ်ဘဲ အခြားကဏ္ဍတွေမှာကရော ဘာတွေ အခက်အခဲရှိလဲ။

ဖြေ ။ အခြားအပိုင်းတွေမှာက အမိုးအကာတွေ လိုအပ်ချက်ရှိတယ်။ ပြီးတော့ မိုးရာသီဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေး ငှက်ဖျား၊ တုပ်ကွေး စတဲ့ဟာတွေက အခုကာလမှာ ဖြစ်နေတဲ့ဟာတွေဖြစ်တယ်။ ခြင်ကိုက်တယ်၊ ဖြုတ်ကိုက်တယ်၊ အခြားပိုးကောင်၊ တောကောင်တွေလည်း များတဲ့ အနေအထားတစ်ခု ဖြစ်တယ်။ ဘက်ပေါင်းစုံကနေ ပြန်ကြည့်မယ်ဆို သူတို့ ကျန်းမာရေးသည် လူတစ်ယောက်ခံနိုင်တဲ့ရက် အတိုင်းအတာ ကျော်လာပြီဆို အကျဘက်ကို ရောက်သွားနိုင်တယ်။ ရက်အများကြီး ပြေးလာရတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုက သူတို့အတွက် လိုအပ်လာပြီ။ တစ်ပတ်ကျော်၊ နှစ်ပတ်ကျော်ကြာတယ်ဆိုရင် အမိုးအကာတွေနဲ့ တဲတွေ ခိုင်ခိုင်မာမာ ဆောက်ထားတဲ့ အနေအထားရောက်ဖို့ လိုအပ်တယ်။ အခုက အဲဒီလို အနေအထားမရောက်ဘဲ ထပ်ဆင့်တိမ်းရှောင်ရတဲ့ အနေအထားမျိုးကို ကြုံနေရတာဖြစ်တဲ့အတွက်ကြောင့် မလိုလားဘဲ ကျန်းမာရေး ထိခိုက်တာတွေ ဖြစ်လာတယ်။

DW ။ အဆင့်ဆင့်ပြောင်းရွှေ့နေထိုင်ကြတော့ စစ်ဘေးရှောင်ကူညီတဲ့ အဖွဲ့တွေမှာ ဘယ်လိုအခက်အခဲတွေကို အများဆုံးကြုံလာရလဲ။

ဖြေ ။ အခုလက်ရှိ စစ်ရှောင်အဖွဲ့အနေနဲ့ ကူဖို့ဆိုရင်တောင်မှ အရမ်းခက်ခဲတယ်။ ဆိုလိုတာက ဒေတာကောက်ဖို့ မလွယ်တဲ့ဟာတွေရှိမယ်။ ပြီးတော့ သူတို့ဆီကို ကူညီထောက်ပံ့မှုတွေပေးဖို့အတွက် အခက်အခဲရှိတယ်။ ရိက္ခာတွေကို သယ်ပြီး သွားရတဲ့ လမ်းကြောင်းတွေ၊ လမ်းကြောင်းမရှိတဲ့ နေရာတွေ၊ သယ်ဖို့ လမ်းကြောင်းတွေက လုံခြုံမှုမရှိတာတွေမျိုးတွေရှိတယ်။ သူတို့ရောက်နေတဲ့နေရာတွေက ပျံ့ကြဲနေတယ်။ သူတို့ရောက်နေတဲ့နေရာတွေကိုတောင် လိုက်ရှာပြီး သွားဖို့အတွက်တောင် တော်တော်လေး စဉ်းစားပြီး ရှာဖွေရတယ်။ ဆက်သွယ်လို့မရဘူး၊ တစ်ယောက်နဲ့တစ်ယောက်က သူတို့ ဘယ်နေရာကိုရောက်နေလဲဆိုတာ ဆက်သွယ်လို့မရဘူး။ ကျွန်တော်တို့ သွားရောက်ကူညီတဲ့ အဖွဲ့တွေမှာ စတဲ့ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရတယ်။ လက်ရှိဒေသမှာရှိနေတဲ့ အဖွဲ့တွေက ချိတ်ဆက်လာတယ်။ ပြီးတော့ အချက်အလက် လာပေးတဲ့ အခြေအနေမျိုးတွေကျမှ ကျွန်တော်တို့က ကူညီတဲ့ အပိုင်းတွေကို ပြန်ပြီး လုပ်ပေးနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်။

DW ။ အခုမိုးရာသီမှာ စစ်ဘေးရှောင်တွေဆီ ရိက္ခာသွားကူမယ်ဆို ဘယ်လိုအခက်အခဲတွေကြုံရလဲ。

ဖြေ ။ စစ်ရှောင်ကူညီတဲ့ အဖွဲ့တွေမှာက အတတ်နိုင်ဆုံး နီးစပ်တဲ့ရွာတွေမှာပဲ ဝယ်ယူပြီးတော့ ကြိုးစားကူညီရတဲ့ အပိုင်းမျိုးတော့ရှိတယ်။ ဒါပေမဲ့ သယ်တဲ့အခါ လမ်းခရီးကြမ်းတမ်းတဲ့ဟာတွေ ကြုံရတာလည်းရှိတယ်။ နောက်တစ်ခုက အချိန်မရွေး တိုက်ပွဲပြန်ဖြစ်လာတဲ့ ဧရိယာတွေကို ဖြတ်ရတဲ့အခါရှိမယ်။ ဒါမျိုး ဧရိယာကို ဖြတ်ရတဲ့အချိန်မျိုးကျရင် လုံခြုံရေးအရ စိတ်ပူရတာရှိသလို၊ ရိက္ခာဝေတဲ့အခါလည်း သတင်းမပေါက်ကြားဖို့နဲ့ လေကြောင်းအန္တရာယ်ကနေ လာရောက်ပစ်ခတ်မှုတွေ မရှိအောင်လည်း သိုသိုဝှက်ဝှက်နဲ့ လုပ်ရတဲ့ စတဲ့ အခက်အခဲတွေ ရှိတယ်။