ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းတွင် အီဘိုလာ စောင့်ကြည့်ကာကွယ်ရေးတိုးမြှင့်

June 8, 2026

Ref: Bangkok Post, The Nation Thailand

ထိုင်နိုင်ငံ ခရိုင်အသီးသီးတွင် အီဘိုလာရောဂါ စောင့်ကြည့်ကာကွယ်ရေးစနစ်ကို ပိုမိုတိုးမြှင့်ချမှတ်ထားပြီး ရောဂါပျံ့နှံ့နေသော ယူဂန်ဒါနှင့် ကွန်ဂိုနိုင်ငံများမှ ပြန်လာသော ခရီးသည်များကို ၂၁ ရက် ကွာရန်တင်းဝင်ခိုင်းကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အာဖရိက နှစ်နိုင်ငံဖြစ်သော ယူဂန်ဒါနှင့် ကွန်ဂိုနိုင်ငံများကို အန္တရာယ်ရှိ အီဘိုလာ ရောဂါကူးစက်ဇုန်များအဖြစ် ပြီးခဲ့သော‌ မေလ၂၁ ရက်ကတည်းက သတ်မှတ်ထားသည်။

ယင်းနှစ်နိုင်ငံမှ ပြန်လာသော သို့မဟုတ် တစ်ဆင့်ခံစီး၍ ပြန်လာသော ခရီးသည်အားလုံးကို အနီးကပ် စောင့်ကြည့် စစ်ဆေးနေပြီး ရောဂါသံသယရှိပါက သီးခြားခွဲထုတ်၍ ၂၁ ရက် ကွာရန်တင်းဝင်ခိုင်းထားကြောင်း ဖော်ပြသည်။

နိုင်ငံအတွင်းရှိ ခရိုင်အုပ်ချုပ်ရေးမှူးများကိုလည်း အီဘိုလာ စောင့်ကြည့်ကာကွယ်ထိန်းချုပ်ရေး စနစ်များကို လုပ်ဆောင်ထားကြရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ဆိုသည်။

ခရိုင်အုပ်ချုပ်ရေးမှူးများသည် နိုင်ငံတကာလေဆိပ် စစ်ဆေးရေးဂိတ်က လဝကဝန်ထမ်းများ၊ လေဆိပ်တာဝန်ရှိသူများနှင့် ပူးပေါင်းပြီး အာဖရိကနှစ်နိုင်ငံမှ ပြန်လာသူများ၏ ထိုင်းနိုင်ငံထဲ ခရီးသွား ရာဇဝင်များကို စောင့်ကြည့်မည်ဖြစ်ကြောင်း ဖော်ပြသည်။

ပြည်သူများအနေဖြင့် အီဘိုလာရောဂါပြန့်ပွားနေသော အာဖရိက နှစ်နိုင်ငံအား ခရီးသွားလာခြင်းကို ရှောင်ရှားကြရန်နှင့် ယင်းနိုင်ငံများက ပြန်လာပါက ကျန်းမာရေးအခြေအနေကို အနီးကပ် စောင့်ကြည့်ကြရန် ဝန်ကြီးဌာနက တိုက်တွန်းထားသည်။

အကယ်၍ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ခေါင်းကိုက်၊ လည်ချောင်းနာ၊ အော့အန်၊ ဝမ်းပျက်ခြင်းနှင့် သွေးထွက်များခြင်းများ ဖြစ်လာပါက နီးစပ်ရာ ရောဂါထိန်းချုပ်ရေးဌာနများသို အမြန်ဆုံးဆက်သွယ်ကြရန် သတိပေးထားသည်။

ဇွန်လ ၅ ရက်အထိ ကွန်ဂိုနိုင်ငံတွင် အီဘိုလာရောဂါကူးစက်ခံရသူ ၄၅၂ ဦးအထိ ရှိလာပြီး ၎င်းတို့အနက် ၈၂ ဦးအထိ သေဆုံးခဲ့ပြီး အိမ်နီးချင်း ယူဂန်ဒါနိုင်ငံသို့လည်း ကူးစက်ပြန့်နှံ့နေသည်။

Ref: Bangkok Post, The Nation Thailand

ပုံ – နွန်ထဘူရီခရိုင်တွင် အသုံးပြုနေသော ကွာရန်တင်းစင်တာ။