ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကျတာ စပါးစျေးနဲ့စိတ်ဓာတ်- အကျပ်အတည်းကြားက တောင်သူများ

April 25, 2026

စက်သုံးဆီဈေး၊ ဓာတ်မြေသြဇာစျေးအပါအဝင် အထွေထွေကုန်စျေးနှုန်းများ မြင့်တက်နေသော်လည်း တောင်သူများ၏ စပါးစျေးက ထင်သလောက်မရသဖြင့် လယ်သမားများ စပါးစိုက်ရမည်ကိုပင် စိုးရွံ့နေကြသည်။

ပုံမှန်ဆိုပါက မိုးစပါးအတွက် ကြိုပြင်နေကြပြီဖြစ်သော်လည်း လက်ရှိတွင် လောင်စာဆီစျေး၊ ဓာတ်မြေသြဇာစျေးတို့က ခေါင်ခိုက်နေပြီး စပါးစျေးကျနေသဖြင့် အကျိုးအမြတ်ထက် အရှုံးက ပိုသေချာနေသည်။

စပါးမစိုက်ပါကလည်း လယ်မြေများ ပျက်စီးမည်ကို စိုးရိမ်ကြသလို စပါးစိုက်ပါကလည်း အရင်းပြန်ရဖို့ မသေချာဟုဆိုကြသည်။

ပိုဆိုးသည်က ဒေသမအေးချမ်းသဖြင့် စပါးရိမ်သိမ်းချိန် တိုက်ပွဲဖြစ်ခြင်း၊ ရွာမီးရှို့ခံရခြင်းတို့ ဖြစ်လာပါက ကိုယ့်လယ်ထဲက စပါး ကိုယ်မပိုင်သည့် အခြေသို့ စိုက်ရောက်ကြရဦးမည်။

ယင်အခြေအနေများကြောင့် မိုးစပါးစိုက်ရန် နီးကပ်လာပြီဖြစ်သော်လည်း တောင်သူများမှာ စိုက်သင့်၊မသင့် မဆုံးဖြတ်နိုင်ကြသေး။

လယ်စိုက်သူများကို လောင်စာဆီရောင်းပေးမည်ဆိုသော သတင်းများ ထွက်နေသော်လည်း ယခုအချိန်အထိ တိတိကျကျ မသိရသေးခြင်းကလည်း တောင်သူများကို ဆုံးဖြတ်ချက် ဝေဝါးနေစေသည်။

ဒေသတွင်းစပါး အထွက်နည်းပါက ဆန်စျေးနှုန်းများ ကြီးမြင့်လာမည့်ဒဏ်၊ စားနပ်ရိက္ခာရှားပါး ပြတ်လပ်မှုဒဏ်ကို ဒေသခံများ ကြုံတွေ့ကြရဖွယ်ရှိနေသည်။

ယင်းကြောင့် ယခုနှစ် မိုးစပါး စိုက်ပျိုးမည့်အပေါ် လယ်သမားများ မည်သို့စဉ်းစား၊ စီစဉ်နေသည်ကို သိရှိနိုင်ရန်အတွင် တနင်္သာရီတိုင်းမှ ဒေသခံလယ်သမားများ၊ ဓာတ်မြေသြဇာ ရောင်းချသူများကို မေးမြန်း၍ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် ဖော်ပြလိုက်ပါသည်။

“ကျွန်တော်တို့ တောင်သူတွေက မလုပ်ဘဲနေရင်လည်း ပိုပြီး(လယ်)ပျက်စီးမယ်၊ လုပ်ရင်လည်း ရှုံးမယ်”

ထားဝယ်မြို့မှ လယ်ဧက ၂၀၀ ကျော် လုပ်ကိုင်နေသည့် လယ်သမားတစ်ဦး

DW ။ ဒီနှစ်မိုးစပါးစိုက်ဖို့ အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ မကိုက်ဘူးပေါ့နော်။ မကိုက်ဘူးဆိုတော့ နားဖို့အခြေအနေ ရှိနေတဲ့ တောင်သူတွေလည်း ရှိနေတယ်ပေါ့။ ကိုယ်ကိုယ်တိုင်လည်း စားဖို့သောက်ဖို့လောက်ပဲ လုပ်မယ်၊ မကိုက်ရင်လည်း နားမယ်။

DW ။ အခုက မိုးလည်းကျတော့မှာဆိုတော့ လက်ရှိရော ဘာတွေပြင်ဆင်နေတာရှိလဲ။

ဖြေ ။ မိုးကျတော့မယ်ဆိုတော့ ကျွန်တော်တို့ ပြင်ဆင်စရာတွေက အများကြီးပေါ့နော်။ ဆည်တွေဘာတွေ ပြင်ရမှာနဲ့ တစ်နွေလုံးပဲ ပြင်နေတာပဲ။ အခုက ထယ်လှန်ထားတယ်၊ တစ်နွေလုံး စက်နှစ်လုံးနဲ့ နေ့တိုင်းလုပ်နေတယ်။

DW ။ ဟုတ်၊ အခုလာမယ့် မိုးရာသီအတွက် စက်သုံးဆီကရော ရပြီလား၊ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ စက်သုံးဆီကတော့ မရသေးဘူး။ ဒါပေမဲ့ အစိုးရကတော့ အခုတောင်သူတွေအတွက်ကို ချပေးမယ်ဆိုပြီးတော့ ပြောတော့ပြောနေတာပဲ။

DW ။ အဲဒါကရော ဘယ်လိုကြားလဲ၊ ပုံစံ ၇ ရှိတဲ့သူတွေကို ထုတ်ပေးမှာမျိုးလား၊ ဘယ်လိုမျိုး ကြားသိထားလဲ။

ဖြေ ။ ဟုတ်တယ်၊ ပုံစံ ၇ နဲ့ အားလုံးတင်ရမယ်။ အခု ၁၀ ဧကရှိတယ်ဆိုရင် တစ်ဧကမှာ ၃ ဂါလံလား ပေးတယ်၊ သူတို့ သတ်မှတ်ပေးဖို့ ပြောနေတယ်။ ၃ ဂါလံလား ၄ ဂါလံလား မသိဘူး ပြောနေတယ်။

DW ။ အဲဒါကရော ဘယ်တော့လောက် ထုတ်ပေးမယ်ပြောလဲ။ အဲဒီအတွက် သူတို့ကို အစည်းအဝေးခေါ်တာမျိုး၊ လယ်သမားတွေကို အသိပေးတာမျိုး ရှိပြီလား။

ဖြေ ။ လယ်လုပ်ချိန် အခုမိုးဦးကျဆို ထုတ်ပေးမှာပေါ့။ အဲလိုတွေတော့ အကြောင်းမကြားသေးဘူး ကျွန်တော်တို့ကို။

DW ။ အဲဒါဆို ဘယ်လိုလုပ်သိလဲ၊ ဘယ်ကနေ သိတာလဲ။

ဖြေ ။ သူတို့ဌာနဆိုင်ရာ အုပ်ကြီးတွေတော့ ပြောနေတယ်၊ သူတို့ စဉ်းစားပေးမယ်ဆိုပြီး ပြောနေတယ်။

DW ။ အခု လယ်သမားအများစုက စက်သုံးဆီဈေးကြီးတာ၊ မကိုက်တာနဲ့ ရှာဝယ်လို့ အဆင်မပြေတာတွေကြောင့် အကျပ်ရိုက်နေကြတယ်ပေါ့နော်။ ဒီလိုမျိုး စက်သုံးဆီထုတ်ပေးမယ်ဆိုတဲ့ ကိစ္စကိုရော လယ်သမားအများစု သိပြီးပြီလား။

ဖြေ ။ လယ်သမားအများစုတော့ မသိသေးဘူးဗျ။ မသိသေးဘူးဆိုတာက မိုးတွင်းကျရင် အဲလိုပဲ တစ်ယောက်နဲ့ တစ်ယောက် ပြောကြတယ်ပေါ့နော်၊ ဒီလိုမျိုး ဒီလိုမျိုး လုပ်ရတယ်ဆိုပြီး။

DW ။ အကယ်၍ တစ်ဧကကို ၃ ဂါလံ၊ ၄ ဂါလံ ထုတ်ပေးမယ်ဆိုရင် အစ်ကိုတို့ လယ်တစ်ဧကမှာ ပုံမှန်ဆိုရင် ဘယ်လောက်ကုန်တာရှိလဲ။ အခုထုတ်ပေးမယ်ဆိုတဲ့ ပမာဏက လုံလောက်မှုရှိမလား။

ဖြေ ။ ဟုတ်၊ ၄ ဂါလံဆိုရင်တော့ လုံလောက်မှုရှိတယ်ခင်ဗျ။ ၄ ဂါလံဆို အခုကျွန်တော်တို့ လယ်နှစ်ထပ် ဒလိမ့်တုံး တစ်ထပ်ဆိုတော့ အဲဒါက ၃ ဂါလံလောက် ကုန်တာကိုး။ နွေမှာ ထယ်ရေးလှန်ထားမယ်ဆိုရင် ၄ ဂါလံ၊ ၅ ဂါလံလောက် ကုန်တယ်ဗျ။ ဟုတ်၊ အဲလိုမျိုး ထုတ်ပေးမယ်ဆိုရင် လုံလောက်မှုရှိပါတယ်။

DW ။ အဲဒါဆို အခုဆီထုတ်ပေးမယ့် အစီအစဉ်က မဖြစ်လာဘူးဆိုရင် လယ်သမားတွေ စပါးစိုက်နိုင်မယ့် အခြေအနေ သိပ်မရှိဘူးပေါ့နော်။

ဖြေ ။ မရှိဘူး၊ အကုန်လုံးနား။

DW ။ အခုလက်ရှိမှာရော လယ်သမားတွေက ဘာတွေပြောနေတာရှိလဲ၊ အစ်ကိုတို့ရော ဘာတွေကြုံနေရတာရှိလဲ။

ဖြေ ။ ကျွန်တော်တို့မှာက ဆီဈေးကြီးတာနဲ့ စပါးဈေးမရှိတာနဲ့ စပါးဈေးက လိုက်မမီဘူးပေါ့နော်။ အဲဒီဆီဈေးကို လယ်သမားအားလုံးကတော့ အခက်တွေ့နေတာပေါ့။

DW ။ အခုဆီဈေးကလည်း တက်လာတာဆိုတော့ လာမယ့်နှစ်အတွက် မိုးစပါးထွက်ရှိမှုနဲ့ ဒီစက်သုံးဆီဈေး၊ စပါးထွက်နှုန်းတွေအပေါ် မျှော်လင့်ချက်က ဘယ်လိုရှိလဲ။

ဖြေ ။ စပါးဈေးကတော့ မျှော်လင့်ချက်သိပ်ရှိလာမှာ မဟုတ်ဘူး။ ဒီဘက်ခြမ်းက ကုန်ဈေးနှုန်းတက်တာနဲ့ ကျွန်တော်တို့ စပါးဈေးသည် သိပ်ပြီးတော့ အပေါ်ရောက်မှာ မဟုတ်ဘူး။ ရှုံးတော့ ရှုံးမှာပဲ။

DW ။ အခုတလော လိုင်းပေါ်မှာလည်း ဗီဒီယိုဖိုင်တွေ တက်လာတာတွေ့တယ်ပေါ့နော်။ စပါးဈေးမရှိ၊ စက်သုံးဆီဈေးကြီးလို့ လယ်သမားတွေ အရှုံးပေါ်ပြီး စပါးတွေမရိတ်တော့တာမျိုး၊ သီးနှံတောင်သူတွေလည်း အရှုံးပေါ်လို့ မစိုက်တော့ဘူးလို့ ပြောနေကြတယ်ပေါ့။ ဒီဘက်က လယ်သမားတွေရော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ဒီဘက်က လယ်သမားတွေက ရိုးရာအလုပ်မျိုး ဖြစ်နေတယ်။ ပစ်လွှတ်ထားလို့လည်း မရဘူး ဖြစ်နေတယ်။ ပစ်လွှတ်ထားရင် မြက်တွေအထူကြီးတက်ပြီး ပိုပြီးတော့ လုပ်ရခက်တယ်ပေါ့နော်၊ လယ်ပျက်ဖြစ်သွားတယ်ပေါ့။ အဲတော့ ကျွန်တော်တို့ တောင်သူတွေက မလုပ်ဘဲနေရင်လည်း ပိုပြီး(လယ်)ပျက်စီးမယ်၊ လုပ်ရင်လည်း ရှုံးမယ်။ ရှုံးရှုံးခက်ခက် ကျွန်တော်တို့ တောင်သူတွေက လုပ်နေရတဲ့ အနေအထားမျိုး ဖြစ်နေတယ်။ အဲဒီကြားမှာ စပါးထွက်နှုန်းကောင်းအောင်လည်း ဘယ်လိုမှ လုပ်မနိုင်ဘူး။ အခုဆို မြေဆီ(ဓာတ်မြေသြဇာ)ဈေးကလည်း တစ်အိတ်ကို တစ်သိန်းခွဲ၊ မနှစ်က တစ်သိန်းတစ်သောင်း၊ တစ်သိန်းနှစ်သောင်းပဲ ရှိတာ။ မြေဆီဈေးတွေရော အားလုံးတက်တယ်၊ ကျွန်တော်တို့ စပါးဈေးကတော့ ငြိမ်နေတဲ့ သဘောမျှပဲ ရှိတယ်ပေါ့နော်။

DW ။ မနှစ်တုန်းကရော စပါးထွက်နှုန်း ဘယ်လိုရှိလဲ။

ဖြေ ။ မနှစ်တုန်းက စပါးထွက်နှုန်းက အရင် ၇၀ ထွက်နေတဲ့သူသည် ၄၀ ပဲ ထွက်မယ်၊ ထွက်နှုန်းလျော့တာပေါ့နော်။

DW ။ ဒါဆို အခုစက်သုံးဆီကို ထုတ်ပေးမယ်ဆိုရင် လယ်သမားတွေက လုပ်ကြမယ်ပေါ့၊ မထုတ်ပေးဘူးဆိုရင်ရော အခြေအနေက ဘယ်လိုဖြစ်လာနိုင်မလဲ။

ဖြေ ။ မထုတ်ပေးဘူးဆိုရင် ရသလောက်ပဲ ဆီရှာကြည့်မှာပေါ့နော်၊ ရသလောက်ပဲ စိုက်မှာပေါ့။ အဲလိုပုံစံမျိုး ဖြစ်သွားမှာပေါ့။ အကုန်လုံး အပြည့်တော့ မရနိုင်ဘူးလေ၊ လယ်ဧက ၂၀ ရှိတဲ့နေရာမှာ ရသလောက်ပဲစိုက်မယ်၊ ကျန်တဲ့ဟာ အလွတ်ထားမယ်ပေါ့နော်။

“စပါးကြမ်းဆိုရင် ဆယ်တင်းလောက်ရောင်းမှ ဓာတ်မြေဩဇာတစ်အိတ်ပဲ ရနေတာကိုး”

လောင်းလုံးမြို့နယ်မှ လယ်သမားတစ်ဦး

DW ။ မိုးကျရင် လယ်ယာထွန်းယက်တာတွေ လုပ်ရမှာဆိုတော့ အခုကတည်းက ကြိုတင်ပြင်ဆင်တာတွေ လုပ်နေပြီလား။

ဖြေ ။ အခုလောလောဆယ်တော့ ဘာမှမလုပ်ရသေးဘူး။ မိုးကျဖို့ကလည်း တစ်လလောက် လိုသေးတာဆိုတော့ မိုးကျခါနီးမှပဲ ထလုပ်တာများတယ်။ ကိုယ့်စက်နဲ့ကိုယ် လယ်ထွန်မယ့်သူတွေကတော့ စက်သုံးဆီ ကြိုဝယ်တာတို့တော့ လုပ်နေကြတာပေါ့။ ငါတို့ကတော့ သူများထွန်စက်ကို ငှားတဲ့သူတွေဆိုတော့ အဲဒါတွေ ဝယ်စရာမလိုသေးဘူးလေ။

DW ။ ဓာတ်မြေဩဇာတွေရော ကြိုဝယ်တာတို့၊ လယ်ထွန်မယ့်စက်တွေ ကြိုငှားထားတာတို့ အဲလိုမျိုးတွေရော လုပ်ထားပြီးပြီလား။

ဖြေ ။ မနှစ်တုန်းကတော့ အဲဒါတွေက အခုဆို လုပ်နေရပြီပေါ့။ အခုကတော့ ဘာမှမလုပ်ရသေးဘူး။ ဓာတ်မြေဩဇာကလည်း ရှားတော့ ဝယ်ရခက်နေတယ်။ သူများတွေကတော့ တစ်အိတ်ရ တစ်အိတ်ဆိုပြီး ဝယ်နေကြတယ်။ ထွန်စက်လည်း အဲလိုပဲ ကြိုငှားလို့မရဘူး။ စက်သုံးဆီမရတော့ ဘယ်ထွန်စက်မှ အာမမခံနိုင်ဘူး။ ကိုယ့်လယ်ကို အရင်လုပ်ပြီးလို့ ပိုလျှံမှ သူများလယ်တွေဆီ အငှားလိုက်လုပ်မယ့် သဘောရှိတယ်။

DW ။ အခုလက်ရှိ စက်သုံးဆီအခြေအနေနဲ့ ဓာတ်မြေဩဇာတွေရဲ့ ဈေးနှုန်းတွေ ဘယ်လိုဖြစ်နေလဲ။ ဝယ်လို့ရော ရရဲ့လား။

ဖြေ ။ ဝယ်လို့ရလားဆိုတော့ တစ်ဆယ်တန်ကို တစ်ရာပေးရင် အကုန်ဝယ်လို့ရတယ်။ ဥပမာ အခုစက်သုံးဆီ တစ်ပီပါကို တစ်ဆယ့်ငါးသိန်း၊ တစ်ဆယ့်ခြောက်သိန်း ပေါက်နေတာကို ဆယ့်ရှစ်သိန်း၊ ဆယ့်ကိုးသိန်းပေးဝယ်ကြည့်ပါလား။ ဓာတ်မြေဩဇာလည်း သူတို့ခေါ်တဲ့ဈေးနဲ့ဆိုရင် ဝယ်လို့ရတယ်။ လယ်သမားတွေကတော့ အဲဒီလိုမျိုးဈေးတွေနဲ့ ဘယ်မှာဝယ်နိုင်မှာလဲ။ စပါးဈေးကလည်း မရှိဘူးလေ။ စပါးကြမ်းဆိုရင် ဆယ်တင်းလောက်ရောင်းမှ ဓာတ်မြေဩဇာတစ်အိတ်ပဲ ရနေတာကိုး။

DW ။ စက်သုံးဆီနဲ့ ဓာတ်မြေဩဇာတွေ ဝယ်ရခက်နေတော့ ဒီနှစ်လယ် ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ။

ဖြေ ။ လယ်ကတော့ လုပ်ရမှာပဲ။ အခြေအနေအရ (လယ်ဧက) အားလုံးမဟုတ်ရင်တောင်မှ ကိုယ်စားဖို့ဖြစ်ဖြစ် လုပ်မှရမယ်။ ဒီကြားထဲမှာ တစ်ခုခု ထူးခြားသွားမလားဆိုပြီး စောင့်ကြည့်ရဦးမယ်။ ဆီဈေးကလည်း အခုနည်းနည်းပြန်ကျနေပြီဆိုတော့ အဆင်ပြေသွားမယ်လို့တော့ ထင်တယ်။ ဓာတ်မြေဩဇာကတော့ ဝယ်လို့ရရင်တော့ ဝယ်မယ်၊ မရရင်တော့လည်း မရတဲ့အတိုင်းပဲပေါ့။ ဝယ်လို့မရရင် မထည့်တော့ဘူးပေါ့လေ။

DW ။ အခုလိုမျိုး စက်သုံးဆီကရှား၊ ဓာတ်မြေဩဇာက ဝယ်လို့မရ ဖြစ်နေတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ ။ ဒီနှစ်ကတော့ တော်တော့်ကို လယ်သမားတွေအတွက် ဒုက္ခဖြစ်တဲ့နှစ်လို့ ပြောရမယ်။ လယ်လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလိုမျိုးတစ်ခါမှ မကြုံဖူးဘူး။ အခုက တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာတယ်။ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ ဖြစ်နိုင်မယ်ဆိုရင် လယ်မလုပ်စားချင်တော့ဘူး။ စိတ်လည်းပန်း၊ လူလည်းပန်းပဲ။ ပင်ပန်းရကျိုးနပ်လားဆိုတော့လည်း မနပ်ဘူးလေ။

DW ။ ပင်ပန်းရကျိုးမနပ်ဘူးဆိုတာက ဘာကိုပြောတာလဲ။

ဖြေ ။ ကိုယ်လုပ်သလောက် အကျိုးမခံစားရတာကို ပြောတာပေါ့။ တစ်မိုးလုံး၊ တစ်နွေလုံး ကျွဲလို၊ နွားလို နေပူထဲမှာ ရုန်းထားရတာ၊ စပါးထွက်ရင် မျက်နှာအငယ်ခံပြီး လိုက်ရောင်းနေရတယ်လေ။ အဲဒါတောင် ဝယ်တဲ့သူကမရှိ။ စစ်ကြောင်းတွေဘာတွေ၊ တိုက်ပွဲတွေဖြစ်လာရင်လည်း ကိုယ့်လယ်ထဲက စပါးတောင် ကိုယ့်အိမ်မသယ်နိုင်ဘဲ ရတဲ့ဈေးနဲ့ ထိုးရောင်းနေရတာလေ။

DW ။ ဘာများ ဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ အခုလောလောဆယ်ကတော့ စက်သုံးဆီဈေးတွေ ကျစေချင်နေတယ်။ ရောင်းတဲ့သူတွေကလည်း ကိုယ့်အတွက်ပဲကြည့်ပြီး အရမ်းဈေးတင်မရောင်းဖို့ ပြောချင်တယ်။ ဘာလို့လဲဆိုရင် ငါတို့တတွေ လယ်မလုပ်တော့ရင် စားဖို့ဆန်တောင် မရှိဘဲဖြစ်သွားလိမ့်မယ်။ အဲဒါလေးပဲ ပြောချင်တယ်။

“အခုဧပြီလထဲမှာကို ဈေးတွေက အရမ်းကို ထိုးတက်သွားတဲ့ အခြေအနေရှိတယ်”

ထားဝယ်မြို့မှ ဓာတ်မြေဩဇာ ရောင်းဝယ်သူတစ်ဦး

DW ။ ထားဝယ်မှာ ဓာတ်မြေဩဇာ ဈေးနှုန်း ဘယ်လိုရှိလဲ။

ဖြေ ။ ဈေးကတော့ အစားစားပဲဗျ။ သံကွင်းတံဆိပ်ဆိုရင် ၁၈၅,၀၀၀ လောက်အထိ ရှိတယ်။ မြှာကမ္ဘာဆိုရင် ၁၄၀,၀၀၀ ပတ်ဝန်းကျင်လောက်ပေါ့။ ပြည်တွင်းထုတ်တွေထဲကဆိုရင်တော့ ၈၀,၀၀၀ လောက်ကနေ စရှိပါမယ်။

DW ။ ဓာတ်မြေဩဇာတွေ ဝယ်ရခက်တယ်၊ မရှိဘူးဆိုပြီး ပြောနေကြတာရှိတယ်။ အဲဒါကရော ဘယ်လိုအခြေအနေရှိလဲ။

ဖြေ ။ ဓာတ်မြေဩဇာ ဝယ်လို့မရဘူးဆိုတာက အဲလိုမျိုးမဟုတ်ဘူး၊ ဝယ်လို့က ရတယ်။ လမ်းခရီးအခြေအနေကြောင့်ရယ်၊ ပြီးတော့ ဈေးကတအားတက်သွားတဲ့အခါကျတော့ ကျွန်တော်တို့က ဝယ်သိုထားဖို့ မရဲတော့ဘူး။ အခုဧပြီလထဲမှာကို ဈေးတွေက အရမ်းကို ထိုးတက်သွားတဲ့ အခြေအနေရှိတယ်။ ရန်ကုန်ကနေ သယ်ရင်လည်း ကျွန်တော်တို့မှာ အခက်အခဲတွေရှိတယ်။ အခက်အခဲကြားထဲကနေ သယ်မယ်ဆိုပြန်တော့လည်း ခုနကပြောသလိုပဲ ဈေးတွေက မငြိမ်တဲ့အခါကျတော့ အဲလိုတွေ ဖြစ်နေတယ်။

DW ။ ဒါဆိုရင် ထားဝယ်မှာ ဓာတ်မြေဩဇာ လိုသလောက် ဝယ်လို့ရတယ်လို့ ပြောနိုင်မလား။

ဖြေ ။ အဲလိုလည်း တပ်အပ်တော့ မပြောနိုင်ဘူး။ မြှာကမ္ဘာဆိုရင် အခုလောလောဆယ် ကုန်နေတယ်၊ ဝယ်လို့မရဘူး။ လူသုံးများတဲ့ တံဆိပ်တွေက ပစ္စည်းပြတ်မြန်တယ်။ သူက ဈေးကြီးတဲ့အထဲ ပါတယ်လေ။ ကျွန်တော်တို့ဆီမှာတော့ အဲဒါက မရှိဘူး၊ သူများဆီမှာတော့ မသိဘူးပေါ့နော်။

DW ။ ဓာတ်မြေဩဇာဈေးတွေက ဘာလို့ အဲလောက် ဈေးတက်သွားတာလဲ။

ဖြေ ။ အဲဒါကတော့ ကျွန်တော်တို့လည်း တိတိကျကျ ပြောလို့မတတ်ဘူး။ ကျွန်တော်တို့က ရန်ကုန်ကတစ်ဆင့် ယူရောင်းတာဆိုတော့ ပင်ရင်းကဈေးအပေါ် မူတည်ပြီးပဲ လိုက်ရောင်းရတာကိုး။ တစ်ခုရှိတာက ပြည်တွင်းကထုတ်တဲ့ ဓာတ်မြေဩဇာတွေက တစ်သိန်းမပြည့်ဘူး။ ဈေးတော့ တက်သွားတာရှိတာပေါ့နော် (တစ်အိတ်ကို နှစ်သောင်းလောက်)။ ပြည်ပက တင်သွင်းတာတွေကတော့ ဈေးတအားကြီးနေတာ။ ပြည်ပက တင်သွင်းတာတွေက တအားနည်းသွားလို့ ဈေးတက်တာ ဖြစ်နိုင်တယ်။ ပြည်တွင်းကထုတ်တဲ့ဟာကလည်း ကုန်ကြမ်းတွေကို ပြည်ပကပဲ တင်သွင်းရတာဆိုတော့ သူလည်း ဈေးလိုက်တက်သွားတာပေါ့။

DW ။ ဒီလိုဈေးတွေ တက်သွားတော့ ရောင်းဝယ်မှု အခြေအနေ ဘယ်လိုရှိလဲ။

ဖြေ ။ သူ့ဟာနဲ့သူတော့ ပုံမှန်ရောင်းနေရပါတယ်။ စပါးအချိန်ဆိုရင် စပါးထည့်တာ ရောင်းရတယ်၊ ရော်ဘာအချိန်ဆို ရော်ဘာထည့်တာ ရောင်းရတယ်။ တချို့ကျတော့လည်း ဈေးကြီးတဲ့အခါကျတော့ လျှော့ဝယ်တာမျိုးတွေ ရှိတာပေါ့နော်။ ဥပမာ သုံးလေးအိတ် ဝယ်နေရာကနေ တစ်အိတ်နှစ်အိတ်ပဲ ဝယ်တော့တာမျိုးပေါ့။

“ဒီဆီဈေးနဲ့ အလုပ်လုပ်မယ်ဆို အကျိုးအမြတ် နည်းနိုင်တယ်”

တနင်္သာရီမြို့နယ်၊ သာရဘွင်ရွာမှ နွေစပါးစိုက်ပျိုးသူ အမျိုးသားတစ်ဦး

DW ။ ဆီဈေးတက်လာတော့ စပါးစိုက်သမားတွေ ဘယ်လိုဖြစ်ကုန်လဲ။

ဖြေ ။ ဆီဈေးကလည်း တက်လာ၊ နေကလည်းပြင်းတော့ လယ်က ရေသွင်းလို့ ရေမခံဘူး။

DW ။ နွေစပါး စိုက်သမားမရှိဘူးလား။

ဖြေ ။ အခုက နွေစပါးစိုက်သမား မရှိတော့ဘူး။

DW ။ စပါးစိုက်သူက အရင်နှစ်ကတည်းက မရှိတာလား၊ အခုနှစ်မှ မရှိတာလား။

ဖြေ ။ အရင်က ရှိတယ်။ အရင်နှစ်က တို့တောင် လုပ်သေးတယ်။ ဒီနှစ်ကျရင် ရေသွင်းမနိုင်ဘူး။ နောက်ပိုင်း ရေစက်လည်း ခုတ်မရဘူး။ စက်ခုတ်ပြီး အလုပ်လုပ်မယ်ဆို လုပ်မနိုင်ဘူး။

DW ။ အခုဆီဈေးနဲ့ အလုပ်လုပ်မယ်ဆို ဘာတွေဖြစ်နိုင်လဲ။

ဖြေ ။ ဒီဆီဈေးနဲ့ အလုပ်လုပ်မယ်ဆို အကျိုးအမြတ် နည်းနိုင်တယ်။

DW ။ နွေစပါးလုပ်တဲ့သူ ဘယ်လောက်ရှိနိုင်လဲ။

ဖြေ ။ ၁၀ ယောက်လောက်ပဲ ရှိတယ်။ မလုပ်ကြတော့ဘူး။

DW ။ နွေစပါးလုပ်တဲ့သူ မရှိတော့ ဒေသအတွင်း ဘာတွေဖြစ်လာနိုင်လဲ။

ဖြေ ။ စားဝတ်နေရေး ကျပ်တည်းလာနိုင်တယ်။ ဆန်ဈေးက တနင်္သာရီကနေ တင်မရဘူးဆိုရင် တစ်ဆ(ထပ်)တက်လာနိုင်တယ်။

DW ။ တကယ်လို့ နွေလယ်ကို မိုးရာသီစပါး ပြောင်းစိုက်ရင်ရော ရလား။

ဖြေ ။ အခုဒီဘက်မှာဆို နွေလယ်ကို မိုးရာသီစပါး ပြောင်းစိုက်လို့ မရနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြေနိမ့်ပိုင်းဖြစ်နေတဲ့အတွက် ရေမြုပ်နိုင်တယ်။

DW ။ နွေရာသီစပါးက အများအားဖြင့် မြေနိမ့်ပိုင်းမှာ စိုက်တာလား။

ဖြေ ။ ဟုတ်တယ်။ အလယ်ရိုးတို့ဘာတို့ဆို နွေရာသီစပါးပဲ စိုက်တာများတယ်။ ဓာတ်ဆီဈေး ပြန်ကျသွားရင်တောင် အခုအချိန်မှာတော့ စိုက်မယ့်အခြေအနေ မရှိတော့ဘူး။ မိုးရာသီကျတော့မှာဆိုတော့ မြေနိမ့်ပိုင်းက ရေမြုပ်မယ်လေ။