ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုရှားကုမ္ပဏီနှင့် လောင်းလုံးစီးပွားဖွံ့ဖြိုးရေးကုမ္ပဏီတို့ ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံအတွက် MOU ရေးထိုး

June 8, 2026

ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းအတွက် ဓာတ်အားပေးစက်ရုံဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို ရုရှားနိုင်ငံတွင် ရေးထိုးခဲ့ကြကြောင်း စစ်အုပ်စုက ဇွန်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်အစိုးရ ဒုတိယသမ္မတ ဦးညိုစောနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၅ ရက်က ရုရှားနိုင်ငံတွင် ကျင်းပသည့် ၂၉ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးကို တက်ရောက်ရင်း ယင်းသို့လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ရုရှားနိုင်ငံ Inter RAO ကုမ္ပဏီနှင့် မြန်မာနိုင်ငံ လောင်းလုံးစီးပွားဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူတို့သည် စစ်အစိုးရ ဒုတိယသမ္မတနှင့် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးတို့ရှေ့တွင် MoU ရေးထိုးခဲ့ကြသည်။

လောင်းလုံးစီးပွား ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်မှာ ၂၀၂၅ ခုနှစ်မေလတွင် မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်းသာ ရှာဖွေတွေ့ရှိရပြီး ကျန်အချက်အလက်များကိုမူ မတွေ့ရှိရပေ။

စစ်အုပ်စုဘက်က သတင်းထုတ်ပြန်သည့် ဓာတ်ပုံများတွင် ဦးအောင်အောင်ဇော်နှင့် ဦးကျော်လင်း ဆိုသူတို့က MoU လက်မှတ်ရေးထိုးသည့် နေရာများတွင် ထိုင်နေသည်ကိုတွေ့ရသည်။

ဦးအောင်အောင်ဇော်သည် အဲကမ္ဘောဇ (Air KBZ) နှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) တို့ကို ပိုင်ဆိုင်သော 24 Hour ကုမ္ပဏီအုပ်စု၏ ဥက္ကဋ္ဌဖြစ်ပြီး အာဏာသိမ်းပြီးနောက် မြန်မာစစ်ခေါင်းဆောင်များ၏ ရုရှားခရီးစဉ်များတွင် လိုက်ပါလေ့ရှိသော ခရိုနီတစ်ဦးဖြစ်သည်။

24 Hour ကုမ္ပဏီများအုပ်စုသည် မြိတ်ခရိုင်တွင် ဘိလပ်မြေစက်ရုံတစ်ရုံ၊ တနင်္သာရီတိုင်း၊ ပြည်ထောင်စုလမ်းမကြီး လမ်းဘေးဝဲယာရှိ ဧကသောင်းချီရှိသော ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများအပြင် လျှပ်စစ်မဂ္ဂါဝပ် ၆၆၀ ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းတစ်ခုကိုလည်း တနင်္သာရီတိုင်းတွင် ပြုလုပ်လျက်ရှိကြောင်း ယင်းကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ရုရှားနှင့် မြန်မာ နှစ်နိုင်ငံကြား စွမ်းအင်ကဏ္ဍအပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစာချုပ်ကိုလည်း ၂၀၂၅ ခုနှစ် ဇွန်လ ၂၀ ရက်တွင် ရုရှားစီးပွားရေးဝန်ကြီးနှင့် စစ်အုပ်စု၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်တို့ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ဂ်မြို့တွင် လက်မှတ်ရေးထိုးကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အဆိုပါစာချုပ်ပါ သဘောတူညီချက်အရ မဂ္ဂါဝပ် ၆၆၀ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် ထားဝယ်အထူးစီးပွားရေးဇုန်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လည်း ပါဝင်သည်ဟု ရုရှားစီးပွားရေးဝန်ကြီးက ပြောဆိုကြောင်း ရုရှားသတင်းအေဂျင်စီ Interfax က ရေးသားထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်မည့် ရေဖြူမြို့နယ်၊ နဘုလယ်ဒေသသည် အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တပ်၏ စစ်ကြောင်းထိုးခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းကို မကြာခဏကြုံရသည့်အပြင် တော်လှန်ရေးတပ်များနှင့်လည်း မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ကာ စစ်ရေးပြင်းထန်သော ဒေသတစ်ခုဖြစ်သည်။

ထားဝယ်စီးပွားရေးဇုန်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရန် စစ်ကောင်စီနှင့် ရုရှားတို့သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မတ်လတွင် သဘောတူထားခဲ့ကြသည်။

ယင်းနောက် စစ်ကောင်စီဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်ပြီး အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကျင်းပကာ ထားဝယ်အထူးစီးပွားရေးဇုန်အတွက် မြန်မာ-ထိုင်း-ဂျပန် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ထားသည့် SPV /Special Purpose Vehicle ကို ဖျက်သိမ်းရေးကိစ္စအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် ကြိုတင်ပြင်ဆင်ထားရေးတို့ကို ညွှန်ကြားခဲ့သည်။