ထားဝယ်မြို့၏ အရှေ့ဘက်ဆီသို့ မျှော်ကြည့်လိုက်လျှင် သဘာဝအတိုင်း ထည်ဝါမတ်စောက်စွာ တည်ရှိနေသော တနင်္သာရီတောင်တန်းကြီးများကို မြင်တွေ့ရမည်ဖြစ်သည်။ ထူထပ်လှသော မိုးသစ်တောကြီးများက ကတ္တီပါစောင်စိမ်းကြီးတစ်ထည်ကဲ့သို့ တောင်တန်းကြီးများပေါ်တွင် လွှမ်းခြုံထားသည်။
ဤတောင်တန်းကြီးများဆီမှ အစပြုစီးဆင်းလာသော ကြည်လင်သည့် ရေသည် တောတောင်များကို ကွေ့ဝိုက်ဖြတ်သန်းရင်း မြစ်တစ်ခုအဖြစ်အစပျိုးမည့် ချောင်းငယ်တစ်ချောင်းဖြစ်သည်။
အဆိုပါချောင်းနှင့် အခြားချောင်းငယ်တစ်ခု (ဘန်းချောင်းနှင့် ခမောင်းသွယ်ချောင်း)တို့ မေတ္တာမြို့အနီး ပေါင်းဆုံပြီး နောက်ဆုံးတွင် မိုင်ထောင်ချီရှည်သည့် တနင်္သာရီမြစ်မကြီးအဖြစ် စီးဆင်းသွားသည်။
ချောင်းဘေးတစ်ဖက်တစ်ချက်ရှိ တောင်ကုန်းများပေါ်တွင်မူ သစ်၊ ဝါးတို့ဖြင့် ဆောက်လုပ်ထားသော ခြေတံရှည်အိမ်လေးများ၏ ပိုင်ရှင် ဌာနေကရင်တိုင်းရင်းသားများ အခြေချနေထိုင်ကြသည်။
၎င်းတို့၏ နေ့စဉ်လူမှုဘဝသည် သဘာဝတရားကြီးနှင့် ခွဲခြား၍မရပေ။ တောင်စောင်းများတွင် ကွမ်းသီး၊ ရော်ဘာ၊ ဖာလာနှင့် သီဟိုဠ် စသည့် ဥယျာဉ်ခြံများကို လုပ်ကိုင်ကြသလို၊ နေ့စဉ်သောက်သုံးရေမှစ၍ မြို့ပေါ်သို့ ထွက်ကုန်များတင်ပို့ရာ လမ်းပန်းဆက်သွယ်ရေးအထိ ဤချောင်းကိုပင် အဓိကအားထားကြရသည်။
အပျိုစင်သဘာဝတရားများဖြင့် ကိန်းအောင်းနေသည့် ဤနေရာလေးကို ကရင်ဘာသာစကားဖြင့် “ပေါခလိုး” ဟု ခေါ်ဆိုကြပြီး ဗမာလို “ဘန်းချောင်းဒေသ” ဖြစ်သည်။
ပေါခလိုးသည် ဂေဟစနစ်အတွက် အလွန်အရေးပါသော ဒေသတစ်ခုဖြစ်သည်။ မပျက်စီးသေးသော မိုးသစ်တောကြီးများနှင့်အတူ ဇီဝမျိုးစုံမျိုးကွဲများ စုံလင်စွာတည်ရှိပြီး ပျောက်ကွယ်လုနီးပါး တောရိုင်းတိရိစ္ဆာန်များ ကျက်စားရာ ဒေသလည်းဖြစ်သည်။
ထို့အပြင် တနင်္သာရီတိုင်း၏ အသက်သွေးကြောဖြစ်သော တနင်္သာရီမြစ်ကြီးအတွက် အဓိကရေဝေရေလဲဒေသလည်း ဖြစ်သဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရှုထောင့်မှ ကြည့်လျှင် အစားထိုးမရနိုင်သည့် ဒေသကြီးဖြစ်သည်။
သို့သော် ပေါခလိုးတွင် ဒဏ်ရာဒဏ်ချက်များ မကင်း၊ မြန်မာနိုင်ငံ အစိုးရအဆက်ဆက်က ပေးခဲ့သည့် ဒဏ်ရာများက အကင်းမသေသေးဟုဆိုရမည်။
ပေါခလိုးကို ငွေတွင်းကြီးဟုသာ မြင်သည့် မြန်မာအစိုးရနှင့် ဘိုးဘွားပိုင်မြေအဖြစ် ထိန်းသိမ်းလိုသော ဌာနေတိုင်းရင်းသားများအကြား တင်းမာမှုများ နှစ်ရှည်လများ ရှိခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင်မူ ပေါခလိုးဒေသ၌ ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့သည်။ အဓိကအချက်မှာ မြန်မာအစိုးရ၏ အာဏာစက် ယုတ်လျော့သွားပြီး KNU တပ်မဟာ (၄) က နယ်မြေကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ယခု ၂၀၂၆ ခုနှစ်တွင် KNU တပ်မဟာ (၄) က ပေါခလိုးဒေသကို ဌာနေလူမျိုးစုတို့ ထိန်းသိမ်းနယ်မြေ အဖြစ် တရားဝင် ကြေညာပေးခဲ့သည်။ အပြင်ပန်းကြည့်လျှင် ဒေသခံများနှင့် သဟဇာတဖြစ်မည့် သဘာဝထိန်းသိမ်းရေး ဧရိယာတစ်ခု ဖြစ်လာပြီဟု ထင်မှတ်ရသော်လည်း လက်တွေ့မြေပြင်တွင်မူ စိန်ခေါ်မှုများ၊ အတားအဆီးများနှင့် အကန့်အသတ်များက ရှိနေဆဲပင်ဖြစ်သည်။
ပေါခလိုး ထိန်းသိမ်းနယ်မြေ အစ
၂၀၂၆ ခုနှစ် ဧပြီလ ၂၇ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က ကရင်၊ မြန်မာ၊ အင်္ဂလိပ် ဘာသာစကားသုံးမျိုးဖြင့် ကမ္ဘာသို့ အသိပေးသည့် ထူးခြားသော ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။
ယင်းမှာ ကော်သူးလေနယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်၊ ပေါခလိုးမြစ်ဝှမ်းဒေသကို ဌာနေလူမျိုးစုတို့ ထိန်းသိမ်းနယ်မြေအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။ ဧပြီလ ၂၂ ရက်မှ ၂၄ ရက်အထိ ပြုလုပ်ခဲ့သည့် သမိုင်းဝင်အခမ်းအနားတွင် ယင်းကဲ့သို့ ကြေညာလိုက်ခြင်းဟုဆိုသည်။
အဆိုပါ ထိန်းသိမ်းနယ်မြေသည် ဧကပေါင်း ၃၅၈,၄၉၃ (၁,၄၅၁ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး ထိုဧရိယာထဲတွင် ကျေးရွာပေါင်း ၂၄ ရွာရှိကာ လူဦးရေ ၁၁,၅၀၀ ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုထိန်းသိမ်းရေးဧရိယာသည် ထားဝယ်မြို့နယ်တစ်ခုလုံး၏ ငါးပုံတစ်ပုံစာနှင့် ညီမျှသည်။
၂၀၁၅ ခုနှစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နောက်ပိုင်း ပေါခလိုးဒေသတွင် မြေယာသိမ်းပိုက်မှုများ၊ ဒေသခံများ၏ သဘောထားမပါသော လမ်းဖောက်လုပ်ခြင်း၊ သတ္တုတူးဖော်ခြင်းနှင့် ရေကာတာစီမံကိန်းများ ဝင်ရောက်လာခဲ့သည်။ ယင်းလုပ်ရပ်များကို တုံ့ပြန်ခုခံဆန့်ကျင်သည့်အနေဖြင့် ယခုကဲ့သို့ ထိန်းသိမ်းနယ်မြေအဖြစ် ကြေညာရခြင်းဖြစ်ကြောင်း KNU က ဆိုသည်။
KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ယခုလို ရှင်းပြသည်။
“(ခေတ်အဆက်ဆက် မြန်မာနိုင်ငံ) အစိုးရက ဒီရေ၊ မြေ၊ တောတောင်တွေ၊ သယံဇာတတွေက ပိုင်ရှင်ရှိပြီးသား၊ ဌာနေတိုင်းရင်းသားတွေက နေထိုင်နေပြီးသား။ ဒါကို သူတို့က အသိအမှတ်ပြုရမှာ။ ကျွန်တော်တို့ KNU ကတော့ ကရင်ဌာနေတိုင်းရင်းသားတွေကို အသိအမှတ်ပြုတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့နေတဲ့အတွက်ကြောင့် ဒီတောရိုင်းတိရိစ္ဆာန်တွေ၊ သဘာဝပတ်ဝန်းကျင်တွေ၊ သယံဇာတတွေက ရှိသေးတယ်။ သူတို့ (ဌာနေတိုင်းရင်းသားတွေ) မရှိရင် ဒါတွေ (ထိန်းသိမ်းဧရိယာ) မရှိတော့ဘူး။ ဒါကြောင့် ဓလေ့ထုံးတမ်းအရ ထိန်းသိမ်းရေးကို ကျွန်တော်တို့ အသိအမှတ်ပြုတယ်။ ဒါကြောင့် ဘန်းချောင်း (ပေါခလိုး) ဌာနေတိုင်းရင်းသားရဲ့ ထိန်းသိမ်းနယ်မြေလို့ ကျွန်တော်တို့က အသိအမှတ်ပြုတာပေါ့နော်”
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း ခဲသတ္တုတူးဖော်မှုနှင့် သယံဇာတထုတ်ယူသုံးစွဲမှုများ အလွန်အကျွံ ဖြစ်ပွားနေချိန်တွင် ဤကြေညာချက် ထွက်ပေါ်လာခြင်းမှာ ထူးခြားသည်ဟုဆိုရမည်ဖြစ်သည်။
ပေါခလိုး၏ အတိတ်ဒဏ်ရာနှင့် ဂေဟစနစ်
ထားဝယ်မြို့၏ အရှေ့ဘက် မိုင် ၃၀ ခန့်အကွာ မေတ္တာမြို့မှတစ်ဆင့် ပေါခလိုးချောင်းအတိုင်း တောင်ဘက်သို့ ဆန်တက်သွားပါက ချောင်းတစ်ဖက်တစ်ချက်တွင် ကျောက်ထု၊ ကျောက်တွင်း၊ ဖောင်းတော၊ ဟင်းကပိ၊ သဗြုချောင်း၊ ကွမ်းချောင်းကြီး၊ ကထောင်းနီ၊ ဆင်စွယ်ချောင်း၊ မောင်မထူး စသည့် ကျေးရွာများပါဝင်သော ပေါခလိုး (ဘန်းချောင်း) ဒေသသို့ ရောက်ရှိမည်ဖြစ်သည်။
ထိုဒေသသည် လမ်းပန်းဆက်သွယ်ရေးနှင့် တယ်လီဖုန်းလိုင်းများ ခက်ခဲသောကြောင့် လူသူအရောက်အပေါက် နည်းပါးသည်။ အလင်းရောင်အတွက် ရေနံဆီ၊ ဖယောင်းတိုင်နှင့် ဆိုလာကိုသာ အားထားရပြီး အဓိက လမ်းပန်းဆက်သွယ်ရေးမှာ အန္တရာယ်များသည့် ပေါခလိုးချောင်းသာ ဖြစ်သည်။ ဖုန်းလိုင်းမိရန်အတွက်မူ တိုင်အမြင့်ကြီးများထောင်ရသည့် ကြိုးဖုန်းများသာ တစ်အိမ်စ နှစ်အိမ်စတွင် တွေ့ရလေ့ရှိသည်။
ဒေသခံများသည် ကွမ်းသီး၊ ဖာလာ၊ သီဟိုဠ် စသည့် ဥယျာဉ်ခြံများ စိုက်ပျိုးခြင်းဖြင့် သဘာဝတောတောင်ကို တိုက်ရိုက်မှီခိုပြီး ရိုးရာအတိုင်း အသက်မွေးကြသည်။ ပေါခလိုးချောင်း (ဘန်းချောင်း) သည် တနင်္သာရီမြစ်မကြီး၏ အထက်ပိုင်းတွင်ရှိပြီး အဓိက ရေဝေရေလဲဒေသ ဖြစ်သည်။
ထိုဒေသရှိ မုတ်သုန်သစ်တောများ ပြုန်းတီးသွားပါက တနင်္သာရီမြစ်အတွင်းသို့ စီးဝင်မည့် ရေပမာဏ လျော့နည်းသွားနိုင်ပြီး ကမ်းပြိုခြင်း၊ ရေကြီးခြင်းနှင့် ရေအရည်အသွေး ညစ်ညမ်းခြင်းတို့ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် မြစ်အောက်ပိုင်းဒေသများ ရေရှည်တည်တံ့ရန် ထိုဒေသရှိ သစ်တောများကို မဖြစ်မနေ ထိန်းသိမ်းရန် လိုအပ်ကြောင်း ပညာရှင်များက အစဉ်တစိုက် ထောက်ပြလျက်ရှိသည်။
“ဒီဘန်းချောင်း (ပေါခလိုးချောင်း) က မြင့်မိုရ်လက်ခတ်မှာ ချောင်းဖျားခံပြီးတော့ တနင်္သာရီမြစ်ထဲ စီးတဲ့ ချောင်းအကြီးကြီး တစ်ခုဖြစ်နေတယ်ပေါ့နော်။ တနင်္သာရီမြစ်ကြီး ရေရှည်တည်တံ့ဖို့ရာအတွက်ကျတော့ ဘန်းချောင်း (ပေါခလိုးချောင်း) ရဲ့ ရေဝေ၊ ရေလဲကို ထိန်းသိမ်းဖို့လိုအပ်တယ်။ ဘန်းချောင်း ရေဝေ၊ ရေလဲ ပျက်စီးသွားမယ်ဆိုရင် ရေတွေဟာဆိုရင် တနင်္သာရီမြစ်ထဲဝင်ဖို့က နည်းသွားနိုင်တယ်ပေါ့နော်။ အဲဒါကြောင့် အဓိကအရေးကြီးတာက တနင်္သာရီမြစ်မကြီးထဲ ဝင်နေတဲ့ ဘန်းချောင်းရဲ့ ရေဝေ၊ ရေလဲသစ်တောကို ထိန်းသိမ်းဖို့ အဓိကလိုအပ်တယ်ပေါ့လေ” ဟု WWF-Myanmar ၏ အကြီးတန်းအရာရှိတစ်ဦးက ၂၀၂၀ ခုနှစ် Dawei Watch နှင့် အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။
ထို့အပြင် WCS အဖွဲ့၏ မှတ်တမ်းများအရ ကမ္ဘာ့ရှားပါးမျိုးစိတ်များဖြစ်သော ကြံ့သူတော်၊ တောခွေး၊ အာရှဆင်၊ မျောက်လွှဲကျော်လက်ဖြူနှင့် သင်းခွေချပ်တို့ ထိုဒေသတွင် ကျက်စားနေထိုင်ဆဲ ဖြစ်သည်။ ထိုင်းနိုင်ငံရှိ Western Forest Complex နှင့် Kaeng Krachan အမျိုးသားဥယျာဉ်တို့ကို မြန်မာဘက်ရှိ မြင့်မိုရ်လက်ခတ်တောင်တန်းနှင့် ဆက်စပ်ပေးထားသည့် တစ်ခုတည်းသော သဘာဝစင်္ကြံလည်း ဖြစ်သည်။
“ဘန်းချောင်း (ပေါခလိုးဒေသ) က ဘာနဲ့သွားပြီး ဆက်နေလဲဆိုတော့ ထိုင်းနိုင်ငံရဲ့ အနောက်ဘက်ခြမ်းမှာ ထိုင်းအစိုးရဘက်ကနေပြီးတော့ တည်ထောင်ထားတဲ့ Western Forest Complex ပေါ့၊ အဲဒါနဲ့ ကန်ကရာချန် အမျိုးသားဥယျာဉ်ရှိတယ်။ အဲဒီနှစ်ခုကို ဆက်စပ်ပေးနေတာက မြင့်မိုရ်လက်ခတ်ပေါ့နော်။ တိရိစ္ဆာန်တွေ အဓိက ကူးလူးသွားလာနေတာက အဲဒီနေရာလေးမှာပဲ သွားကြတယ်” ဟု WCS အဖွဲ့ ထားဝယ်ရုံးခွဲ တာဝန်ခံတစ်ဦးက ၂၀၂၀ Dawei Watch အင်တာဗျူးတွင် ဖြေဆိုထားသည်။
ယင်းအပြင် ပေါခလိုးဒေသခံများသည် ၎င်းတို့ဒေသတွင် ငါးမဖမ်းရနေရာများ (ငါးထိန်းသိမ်းရေး ရေအိုင်)၊ သစ်မခုတ်ရ၊ တောရိုင်းတိရိစ္ဆာန်များကို အမဲလိုက်ခြင်းမပြုရဆိုပြီး သဘာဝအတိုင်း ထိန်းသိမ်းထားသည့် နေရာများနှင့် ရှာဖွေလုပ်ကိုင်စားသောက်ခွင့်ပြုပေးထားသည့် နေရာဟူ၍ နှစ်မျိုးရှိသည်ဟု ဖောင်းတောကျေးရွာအုပ်စုက အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
ယင်းနယ်မြေတွင် ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြသည့် အထွတ်အမြတ်ထားရာ သစ်တောများ၊ သစ်ပင်ကြီးများနှင့် ကျေးရွာပိုင် ဘုံသစ်တော ၁၁ ခု၊ ငါးထိန်းသိမ်းရေးဒေသ ၁၅ ခုရှိသည်ဟု ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။
သို့သော် ခေတ်အဆက်ဆက် အစိုးရများသည် ပေါခလိုးကို စီးပွားရေးအမြင်ဖြင့်သာ ချဉ်းကပ်ခဲ့ကြသည်။ ၂၀၁၁ ခုနှစ်နှောင်းပိုင်း (သို့မဟုတ်) ၂၀၁၂ ခုနှစ် အစောပိုင်းတွင် ပေါခလိုးဒေသ ကွမ်းချောင်းကြီးကျေးရွာရှိ မြေဧက ၆၀ တွင် East Star Mining ကုမ္ပဏီက ကျောက်မီးသွေးမိုင်း တူးဖော်ခြင်းကို ထိုစဉ်က ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် စတင်လုပ်ကိုင်ခဲ့သည်။
ပတ်ဝန်းကျင်ထိခိုက်မှုများ၊ ကျန်းမာရေးထိခိုက်မှုများ ရှိလာသဖြင့် ဒေသခံများ ကန့်ကွက်မှုကြောင့် ၂၀၁၇ မတ်လတွင် တနင်္သာရီတိုင်းအစိုးရက ကျောက်မီးသွေးထုတ်လုပ်မှုကို ယာယီရပ်နားထားရန် ညွှန်ကြားခဲ့သည်။ ယင်းအချိန်မှ ယနေ့အချိန်အထိ ကျောက်မီးသွေးထုတ်လုပ်ခြင်း မရှိတော့ပေ။
၂၀၂၀ ခုနှစ်တွင်လည်း ပေါခလိုးဒေသတွင် နှစ်ရှည်ရော်ဘာစိုက်ပျိုးရန်အတွက်ဟုဆိုကာ မြေဧက ၃၀၀ ကျော်ကို လုပ်ကိုင်ခွင့်ပြုရန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လျှောက်ထားလာသည်ကို တနင်္သာရီတိုင်းအစိုးရမှ ခွင့်မပြုရန် ကန့်ကွက်နေသည့်ကြားမှပင် ပြည်ထောင်စုအစိုးရက လုပ်ကိုင်ခွင့်ပြုခဲ့သည်။
ထိုစီမံကိန်းမှာလည်း အာဏာသိမ်းမှုကြောင့် အကောင်အထည်မဖော်ဖြစ်ခဲ့ပေ။ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်တွင်လည်း ဖောင်းတောကျေးရွာရှိ ၇.၅ မဂ္ဂဝပ်ရှိ ရေအားလျှပ်စစ်ကို ၂၀ မဂ္ဂဝပ် ထွက်ရှိသည်အထိ အဆင့်မြှင့်တင်မည့် ရေကာတာစီမံကိန်းကို ရုတ်တရက် အကောင်အထည်ဖော်ရန် ကြိုးစားခဲ့သေးသော်လည်း တိုက်ပွဲများဖြစ်ပွားနေသဖြင့် အကောင်အထည် မဖော်နိုင်ခဲ့ပေ။
“တို့နေရာမှာက ကျောက်မီးသွေးစီမံကိန်းလာလုပ်ခဲ့တာရှိတယ်၊ ဟိုးအရင်တုန်းက ပေါခလိုးမှာ တစ်ခါလုပ်ဖူးတယ် ရွာတွေက တိုက်ဖျက်ကြတယ်။ အဲဒီတုန်းက ရွာတွေက သစ်တောလုပ်တာနဲ့ သစ်ခုတ်တာနဲ့ ဆီအုန်းစိုက်လား ရော်ဘာစိုက်လား လာလုပ်ဖူးတယ်၊ ဒေသခံတွေခွင့်ပြုချက် မရဘူးဆိုတော့ သူတို့လည်း လုပ်လို့မရဘူး” ဟု ဖောင်းတောဒေသခံတစ်ဦးက ဆိုသည်။
သို့သော် ပေါခလိုးဒေသ၏ သစ်တောပြုန်းတီးမှုကို ဂြိုဟ်တုမြေပုံများဖြင့် လေ့လာကြည့်ရာတွင် ၂၀၁၁ ခုနှစ်မှစတင်ကာ သစ်တောပြုန်းတီးမှု အချို့ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၆ မှ ၂၀၂၄ ခုနှစ်အထိ ကာလများတွင် ပိုမိုဆိုးရွားလာသည်ကို တွေ့မြင်ရသည်။

အိပ်မက်နှင့် လက်တွေ့မြေပြင်က စိန်ခေါ်မှုများ
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာချိန်ခွင်လျှာ ပြောင်းလဲသွားခဲ့သည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ပေါခလိုးဒေသ ကျောက်ထုရွာရှိ တပ်စခန်းကို KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။
ဒေသတွင်း KNU အုပ်ချုပ်ရေးယန္တရားများ လည်ပတ်လာချိန်တွင် ဒေသခံများ နှစ်ရှည်လများ မက်ခဲ့ရသည့် မိမိတို့သယံဇာတ မိမိတို့ဖာသာ စီမံခန့်ခွဲထိန်းသိမ်းရေး အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။
KNU ၏ ပေါခလိုးထိန်းသိမ်းရေးဧရိယာ ထုတ်ပြန်ချက်တွင် ဤထိန်းသိမ်းနယ်မြေသည် စာရွက်ပေါ်က ကြေညာချက်တစ်ခုသက်သက် မဟုတ်ဘဲ၊ ကျေးရွာ ၂၄ ရွာမှ မဲပေးပိုင်ခွင့်ရှိသူ ၄,၆၂၂ ဦးက ထောက်ခံအတည်ပြုထားသော အသက်ရှိနယ်မြေတစ်ခုဖြစ်ကြောင်း ဆိုထားသည်။ သို့သော် လက်တွေ့မြေပြင်တွင်မူ အခက်အခဲများစွာ ရှိနေဆဲဖြစ်သည်။
ထိုဒေသတွင် စစ်အာဏာရှင်တပ်များ မရှိတော့သော်လည်း၊ ကရင်လက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် KNU တပ်မဟာ (၄) နှင့် KTLA (ကော်သူးလေတပ်) တို့အကြား တင်းမာမှုနှင့် အပြန်အလှန် ပစ်ခတ်မှုများကြောင့် ဌာနေတိုင်းရင်းသားများ ကျီးလန့်စာစား ဖြစ်နေကြရသည်။ ဒေသခံများမှာ ပဋိပက္ခကာလအတွင်း အသက်ရှင်သန်ရေးကို အဓိကထားနေကြရပြီး ထိန်းသိမ်းရေးဧရိယာများကို လှည့်မကြည့်နိုင်ကြပေ။
တောတောင်နှင့် ဥယျာဉ်ခြံများတွင် မြေမြှုပ်မိုင်းအန္တရာယ် ကြုံတွေ့နေရပြီး ပဋိပက္ခများကြောင့် အချို့ကျေးရွာများ ပြောင်းရွှေ့ရမည့် အခြေအနေသို့ပင် ရောက်ရှိနေသည်။
ဌာနေတိုင်းရင်းသားများက အထွတ်အမြတ်ထားရာ တောတောင်များတွင် သစ်မခုတ်ရ၊ အမဲမလိုက်ရဆိုသည့် နတ်စင်သစ်တောများ သတ်မှတ်ချက်ဖြင့် သဘာဝကို ကာကွယ်ကြသလို မြစ်ချောင်းများတွင် ငါးသားပေါက်ချိန်နှင့် ငါးမဖမ်းရဇုန်များ သတ်မှတ်၍ ငါးထိန်းဧရိယာများလည်း သတ်မှတ်ထားကြသည်။
သို့သော် ငါးထိန်းသိမ်းရေအိုင်များ အပါအဝင် ဒေသခံများ စည်းကမ်းသတ်မှတ်ထားသည့် သစ်တောများတွင်ပင် စည်းကမ်းမဲ့ ထုတ်ယူသုံးစွဲမှုများ တောက်လျှောက်ဖြစ်ပွားနေကြောင်း ဒေသခံများက ရင်ဖွင့်ကြသည်။
လက်ရှိအချိန်အထိ တစ်ပိုင်တစ်နိုင် ရွှေတူးဖော်မှု၊ သစ်ထုတ်မှု၊ ခဲတူးဖော်မှုနှင့် တောရိုင်းတိရိစ္ဆာန်များကို တရားမဝင် ပစ်ခတ်ဖမ်းဆီးမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသေးသည်ဟု ၎င်းတို့ကဆိုသည်။
ပေါခလိုး ဌာနေလူမျိုးစု ထိန်းသိမ်းနယ်မြေ ကြေညာချက်သည် အပြင်ပန်းအားဖြင့် ကြည့်လျှင် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံများအတွက် အောင်ပွဲတစ်ခုဟု ဆိုနိုင်သော်လည်း၊ လက်တွေ့မြေပြင်တွင်မူ ဥပဒေမဲ့ လုပ်ရပ်များနှင့် လက်နက်ကိုင်ပဋိပက္ခများကြား ပေါခလိုးအိပ်မက်မှာ ပီပီပြင်ပြင် မရှိလှဟုဆိုကြသည်။
“အခုချိန်မှာ တာဝန်ယူမှု တာဝန်ခံမှု ဘယ်သူရှိလဲ တစ်ယောက်မှမရှိဘူး၊ ထိန်းသိမ်းထားတယ်ဆိုပြောတာ၊ အခုချိန်မှာ ဒေသခံတွေက ဘာမှပြောပိုင်ခွင့်မရှိဘူး။ လက်နက်ကိုင်တဲ့လူ အားလုံးက ထိန်းထားတယ်။ ပြည်သူလူထုပြောမယ်ဆိုရင် သူတို့ကလက်နက်နဲ့ အနိုင်ကျင့်မယ် အဲလောက်ပဲရှိတယ်” ဟု ဖောင်းတောဒေသခံတစ်ဦးက ဆိုသည်။
KNU ၏ ပေါခလိုးမြစ်ဝှမ်းဒေသကို ဌာနေလူမျိုးစုတို့ ထိန်းသိမ်းနယ်မြေအဖြစ် ကြေညာခဲ့ခြင်းမှာ အပေါင်းလက္ခဏာဆောင်သည့် တိုးတက်မှုဖြစ်သော်လည်း ဌာနေလူမျိုးစုတွင် လုပ်ပိုင်ခွင့်အာဏာ အမှန်တကယ်ရှိမရှိကိုမူ ပြောရန်စောနေသေးသည်ဟု ဆိုလိုရင်းလည်းဖြစ်သည်။







