ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တနင်္သာရီမြစ်တွင် လှေတစ်စီးတိမ်းမှောက်ပြီး တူဝရီးနှစ်ဦး ရေနစ်သေဆုံး

August 8, 2026

ပုံစာ - ရေနစ်သူတို့၏ ရုပ်အလောင်းများပြန်သယ်လာစဥ် ။ ဓာတ်ပုံ - လူငယ်။

ထားဝယ်ခရိုင်မှ မြိတ်ခရိုင်သို့ ဖြတ်သန်းစီးဆင်းနေသည့် တနင်္သာရီမြစ်တွင် လှေတစ်စီးတိမ်းမှောက်ပြီး အမျိုးသားတစ်ဦးနှင့် ၎င်း၏ တူမတို့ ရေနစ်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ရေနစ်သေဆုံးသူများသည် တကူကျေးရွာက အသက် ၄၂ အရွယ် ဦးအောင်ဆန်းချစ်နှင့် အသက် လေးနှစ်အရွယ် ၎င်း၏ တူမတို့ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သြဂုတ်လ ၅ ရက်က တနင်္သာရီမြို့နယ်၊ အောင်သာဝရကျေးရွာအနီးတွင် ရေဝဲအတွင်း မတော်တဆ လှေတိမ်းမှောက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါလှေသည် တနင်္သာရီမြစ်ဖျားပိုင်းရှိ သတ္တုလုပ်ကွက်များ၌ ငရုတ်သီး၊ ကြက်သွန် စသည့် ကုန်ခြောက်ပစ္စည်းများ သွားရောင်းသည့် လှေဖြစ်ပြီး လှေပေါ်တွင် လူငါးဦး လိုက်ပါခဲ့ကြောင်း တကူရွာသားတစ်ဦးက ဆိုသည်။

“လှေမြုပ်ပြီး‌တော့ အလောင်းက သုံးရက်ကြာမှ ပြန်တွေ့တယ်။ မနေ့ကမှ ရွာပြန်သယ်လာတယ်” ဟု ၎င်းက ပြောသည်။ ဆိုသည်။

ရုပ်အလောင်းများကို လှေမှောက်သည့်နေရာဝန်းကျင်တွင်ပင် ပြန်ရှာတွေ့ခဲ့ပြီး ဇာတိရပ်ရွာသို့ ပြန်သယ်လာကာ ယနေ့ သြဂုတ်လ ၈ ရက်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သေဆုံးသူများနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းသို့ မုတ်သုန်လေ စတင်ဝင်ရောက်ခဲ့သည့် မေလလယ်မှစ၍ ယခုသြဂုတ်လဆန်းအထိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင်တို့တွင် ရေနစ်သေဆုံးသူ ၁၂ဦး အထိရှိခဲ့ကြောင်း Dawei Watch က စုစည်းထားသည့် သတင်းအချက်အလက် များအရ သိရသည်။