ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ယူကရိန်း-ရုရှား စစ်ပွဲကြောင့် လမ်းကြောင်းပြောင်းသွားတဲ့ အရှေ့တောင်အာရှ လက်နက်ကုန်သွယ်ရေး

July 15, 2026

ပြီးခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်အတွင်း အရှေ့တောင်အာရှ အစိုးရတွေဟာ သူတို့ရဲ့ လက်နက်ဝယ်ယူမှု စာရင်းကို ပုံစံစုံအောင် အထူးဂရုစိုက်ခဲ့ကြပါတယ်။ ရုရှား ရေငုပ်သင်္ဘောတွေနဲ့ အချိုးညီအောင် အမေရိကန် တိုက်လေယာဉ်တွေနဲ့ ဖြည့်တယ်။ ပြင်သစ်စစ်သင်္ဘောတွေနဲ့ တောင်ကိုရီးယား လေ့ကျင့်ရေးလေယာဉ်တွေ မျှအောင်ဝယ်တယ်။ တရုတ် ကင်းလှည့်ရေယာဉ်တွေကို မျှခြေညှိဖို့ အစ္စရေးရေဒါတွေနဲ့ အားဖြည့်တယ်။ ကာကွယ်ရေးပစ္စည်းတွေကို အင်အားကြီးနိုင်ငံတွေဆီကနေ အချိုးညီညီ ဝယ်ယူခြင်းဖြင့် အာဆီယံနိုင်ငံတွေဟာ ဘယ်သူ့ကိုမှ သစ္စာခံစရာမလိုဘဲ စစ်တပ်ကို ခေတ်မီအောင် လုပ်နိုင်ခဲ့ကြပါတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုအလယ်မှာ အာဆီယံဟာ ဗျူဟာမြောက် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်စွမ်းကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

ဒီလို ထိန်းညှိမှုမှာ မရှိမဖြစ် အရေးပါခဲ့တဲ့ နိုင်ငံကတော့ ရုရှားပါ။ မော်စကိုဟာ စွမ်းရည်မြင့် လေယာဉ်တွေ၊ ရေငုပ်သင်္ဘောတွေကို အနောက်နိုင်ငံတွေ မလိုက်နိုင်တဲ့ ဈေးနှုန်းတွေနဲ့ ပံ့ပိုးပေးခဲ့သလို လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကိုလည်း ရောင်းပေးခဲ့ပါတယ်။ ငွေပေးချေမှုမှာလည်း စားအုန်းဆီနဲ့ ကော်ဖီတို့လို ကုန်ပစ္စည်းချင်း လဲလှယ်တာမျိုး အပါအဝင် ပုံမှန်မဟုတ်တဲ့ ပေးချေမှုပုံစံတွေကို လက်ခံခဲ့ပြီး နိုင်ငံရေးအရ မေးခွန်းထုတ်တာမျိုးလည်း အနည်းအကျဉ်းပဲ ရှိခဲ့တာပါ။

အခုတော့ ဒီလို လုပ်ငန်းလည်ပတ်မှုဟာ ပြိုလဲနေပါပြီ။ အကျိုးဆက်တွေဟာလည်း ကာကွယ်ရေးဝန်ကြီးဌာနတွေရဲ့ စာရင်းဇယားတွေမှာတင် ရပ်မနေဘဲ လက်တံပိုကျယ်လာပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲဟာ အနောက်နိုင်ငံတွေရဲ့ နှစ်ရှည်လများ ဖိအားပေးမှုတွေ မစွမ်းနိုင်ခဲ့တာကို လုပ်သွားပါတယ်။ ရုရှားကို အရှေ့တောင်အာရှ အတွက် လက်နက်ထောက်ပံ့ပေးနိုင်တဲ့ နိုင်ငံ နေရာကနေ ထိထိရောက်ရောက် ဖယ်ရှားလိုက်တာပါ။ ဒေသတွင်းက စစ်တပ်တွေကိုလည်း နေတိုးစံနှုန်းတွေနဲ့ တည်ဆောက်ထားတဲ့ ကာကွယ်ရေး ဂေဟစနစ်ပုံစံ ဘက်ကို တွန်းပို့ပေးနေပါတယ်။

ဒီအပြောင်းအလဲဟာ ကြိုတင်စီစဉ်ထားတာ မဟုတ်သလို ပူးပေါင်းဆောင်ရွက်မှုလည်း မဟုတ်ပါဘူး။ အရှေ့တောင်အာရှ နိုင်ငံတွေဟာ ပိတ်ဆို့အရေးယူမှု အန္တရာယ်၊ ထောက်ပံ့ရေး မရေရာမှု၊ တခြားမိတ်ဖက်တွေ ပေးထားတဲ့ စနစ်တွေနဲ့ ချိတ်ဆက်လို့မရတဲ့ ပစ္စည်းတွေကို အသုံးပြုရတဲ့ ကုန်ကျစရိတ် မြင့်တက်လာမှုတွေ ကြားထဲမှာ ကာကွယ်ရေးပစ္စည်းတွေကို လက်တွေ့ကျကျ ဆုံးဖြတ်ပြီး ဝယ်ယူခဲ့ကြရတာပါ။ ဒီလိုဝယ်ယူမှုတွေ ပေါင်းဆုံလာချိန်မှာတော့ သက်ရောက်မှုဟာ ဒီဒေသရဲ့ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကို ပုံစံအသစ် ပြန်ပေါ်လာစေပါတယ်။

အာဆီယံရဲ့ ကာကွယ်ရေး စာချုပ်အသစ်တွေမှာ ရုရှားရဲ့ ပါဝင်မှုနှုန်းဟာ ၂၀၁၇ နဲ့ ၂၀၂၁ ခုနှစ်ကြားထဲမှာ ၂၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၂-၂၀၂၄ အတွင်းမှာတော့ ၃ ရာခိုင်နှုန်းအောက်အထိ ကျဆင်းသွားပါတယ်။ ဆက်ရောက်နေသေးတဲ့ ပစ္စည်းတွေ (အထူးသဖြင့် မြန်မာနိုင်ငံရဲ့ Su-30SME တိုက်လေယာဉ်တွေ) ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေရဲ့ လက်ကျန်တွေကို အကောင်အထည်ဖော်နေခြင်းသာ ဖြစ်ပါတယ်။ ရုရှားလက်နက်တွေအတွက် အော်ဒါအသစ်တွေကတော့ လုံးလုံးနီးပါး ပျောက်သွားခဲ့ပါပြီ။

တရုတ်ဟာ သူ့ရဲ့ စီးပွားရေးဩဇာကို ချဲ့ထွင်နေပြီး ဒေသတွင်း စစ်တပ်တွေကို တက်တက်ကြွကြွ စည်းရုံးနေတာ မှန်ပါရဲ့။ အရှေ့တောင်အာရှမှာ ရုရှား ချန်ထားခဲ့တဲ့ ကွက်လပ်ကို ဝင်ဖြည့်တာတော့ မရှိပါဘူး။ အနောက်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်လည်း အလားတူကာလအတွင်း ဝယ်ယူမှုတွေမှာ တရုတ်ရဲ့ ပါဝင်မှုက ပြောပလောက်အောင် မရှိပါဘူး။ တကယ်တမ်း အရှေ့တောင်အာရှရဲ့ လက်နက်ဝယ်ယူမှုမှာ ၈၅ ရာခိုင်နှုန်းလောက်အထိ နေရာရထားတာက အစဉ်အလာ လက်နက်ရောင်းတဲ့ အင်အားကြီး တရုတ်၊ ရုရှားနဲ့ အမေရိကန်တို့ မဟုတ်ဘဲ ပြင်သစ်၊ တောင်ကိုရီးယား၊ တူရကီနဲ့ အိန္ဒိယလို နိုင်ငံတွေ ဖြစ်နေပါတယ်။

ထင်သာမြင်သာ ဥပမာကတော့ ဖိလစ်ပိုင်ပါ။ သမ္မတ ရိုဒရီဂို ဒူတာတေး လက်ထက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ ဖိလစ်ပိုင်ဟာ ရုရှားဆီက Mi-17 ရဟတ်ယာဉ် ၁၆ စင်းဝယ်ဖို့ စာချုပ်ချုပ်ခဲ့ပါတယ်။ ဝါရှင်တန်နဲ့ ဝေးရာမှာနေပြီး ချိန်ခွင်လျှာပြန်ညှိချင်လို့ ဝယ်တာလို့ ဒူတာတေးကိုယ်တိုင်က ထုတ်ပြောခဲ့တာပါ။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပထမဆုံး စရန်ငွေ ပေးချေပြီး သီတင်းပတ် အနည်းငယ်အတွင်းမှာပဲ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့အတွက် ဖိလစ်ပိုင်ရဲ့ စာချုပ်ဟာ ဈေးသက်သာတဲ့ အခွင့်အရေးကနေ ဒဏ်ခတ်ပိတ်ဆို့မှု ထောင်ချောက် ဖြစ်သွားခဲ့ပါတယ်။ ပိတ်ဆို့အရေးယူခံရတဲ့ ရုရှားနဲ့ ဆက်နွယ်နေတဲ့ ဖိလစ်ပိုင်ဘဏ်တွေရဲ့ တိုင်းပြည်ပြင်ပက ငွေတွေပါ အသိမ်းခံရတော့မလား ဆိုတဲ့အထိ စိုးရိမ်ခဲ့ရပါတယ်။

၂၀၂၂ ခုနှစ် အလယ်ပိုင်းမှာ တက်လာတဲ့ ဖာဒီနန်မားကို့စ် ဂျူနီယာ အစိုးရဟာ ရုရှားနဲ့ ချုပ်ထားတဲ့ စာချုပ်ကို ဖျက်သိမ်းပြီး အမေရိကန်ကုမ္ပဏီ လော့ဟစ်မာတင်ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုက ပိုလန်မှာ ထုတ်လုပ်တဲ့ S-70i Black Hawk ရဟတ်ယာဉ်ကို ပြောင်းလဲဝယ်ယူခဲ့ပါတယ်။ စာချုပ်ဖျက်သိမ်းမှုကို ကာမိစေဖို့အတွက် ဝါရှင်တန်ဟာ ဖိလစ်ပိုင်ကို နိုင်ငံခြားစစ်ရေး ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကမ်းလှမ်းခဲ့ပါတယ်။ ဒါနဲ့ပဲ ဖိလစ်ပိုင်လေတပ်ဟာလည်း စစ်ပစ္စည်းဝယ်ယူမှု ချိန်ခွင်လျှာညှိတဲ့အစား အမေရိကန်ရဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်ထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ရောက်သွားပါတယ်။

ဖိလစ်ပိုင်ဟာ အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အားလျော်စွာ အမေရိကန်လက်နက်တွေကိုပဲ တောက်လျှောက် မှီခိုလာခဲ့တာပါ။ ဗီယက်နမ်စစ်တပ်ကျတော့ Su-30 တိုက်လေယာဉ်တွေကနေ Kilo အဆင့် ရေငုပ်သင်္ဘောတွေ၊ S-300 လေကြောင်းရန်ကာကွယ်ရေး စနစ်တွေအထိ ရုရှားရဲ့ ပလက်ဖောင်းတွေကို အခြေခံပြီး တည်ဆောက်ထားတာပါ။

ဟနွိုင်းဟာလည်း တကယ်တော့ ၂၀၂၂ ခုနှစ် မတိုင်ခင်ကတည်းက ရုရှားဆီက ဝယ်ယူမှုတွေကို လျှော့ချနေခဲ့ပါပြီ။ အကြောင်းရင်း တစ်ခုက အမေရိကန်ရဲ့ ၂၀၁၇ ခုနှစ် ကာကွယ်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှု အက်ဥပဒေ (CAATSA) အရ ပိတ်ဆို့ခံရမယ့် အန္တရာယ်ကြောင့်ပါ။ နောက်တစ်ခုကတော့ ပြည်တွင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအရ ကြီးမားတဲ့ ကာကွယ်ရေးစာချုပ်တွေကို စိစစ်နေလို့ ဖြစ်ပါတယ်။

ဒီလိုမျိုး ဖြည်းဖြည်းချင်း ခွာပြဲလာတဲ့ ဖြစ်စဉ်ဟာ ရုရှား-ယူကရိန်း စစ်ပွဲပေါ်လာချိန်မှာ မြန်မြန်ဆန်ဆန်ပဲ အရှိန်ရလာပါတယ်။ ရုရှားထုတ် အပိုပစ္စည်းတွေ၊ ဆော့ဖ်ဝဲ အဆင့်မြှင့်မှုတွေနဲ့ အဆင့်မြင့် ပြုပြင်ထိန်းသိမ်းမှုတွေ ရရှိဖို့ မရေရာဖြစ်လာတာက ဗီယက်နမ် စစ်လက်နက်တွေရဲ့ အသင့်ဖြစ်မှုကို ခြိမ်းခြောက်လာခဲ့ပါတယ်။ ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဟနွိုင်းဟာ ပြည်တွင်း ပြုပြင်ထိန်းသိမ်းမှု စွမ်းရည်တွေ တိုးတက်အောင် လုပ်တယ်။ ရေငုပ်သင်္ဘော ထိန်းသိမ်းရေးကို အိန္ဒိယနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်တယ်။ ဒါ့အပြင် ဝယ်လက်အပြောင်းအလဲ အဖြစ် တောင်ကိုရီးယားဆီကနေ ဒေါ်လာ ၂၄၅ သန်းဖိုး K9 အမြောက်တွေ ဝယ်ယူ စီစဉ်နိုင်ခဲ့သလို တူရကီနဲ့လည်း အဆင့်မြင့် ကာကွယ်ရေးစက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်တွေ တိုးမြှင့်လုပ်ဆောင်ဖို့ သဘောတူညီချက် အသစ်တွေ ရခဲ့ပါတယ်။ အမေရိကန်ဆီကတောင် C-130 သယ်ယူပို့ဆောင်ရေး လေယာဉ်အဟောင်းတွေ ဒေါ်လာ သန်း ၁၀၀ ဖိုး ဝယ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ယူဆရပါတယ်။ ဗီယက်နမ်ဟာ သူ့ရဲ့ ကာကွယ်ရေး လိုအပ်ချက်တွေအတွက် ရုရှားကို ဆက်ပြီး အားကိုးလို့ မရတော့ဘူးဆိုတာ သဘောပေါက်သွားပါပြီ။

မလေးရှားကတော့ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်ကြား တစ်နေရာမှာ ရှိပါတယ်။ ကွာလာလမ်ပူဟာ သူ့ရဲ့ လက်နက်တွေကို မိတ်ဖက်အမျိုးမျိုးဆီက ရယူထားတာပါ။ မလေးရှား တော်ဝင်လေတပ်ကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီလေတပ်ဟာ အမေရိကန်ထုတ် F-18 ခုနစ်စင်း၊ ဗြိတိန်ထုတ် BAE Hawk 200 တစ်ဆယ့်နှစ်စင်းနဲ့ ရုရှားထုတ် Su-30MKM တိုက်လေယာဉ် တစ်ဆယ့်ရှစ်စင်း အသုံးပြုနေပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် နောက်ပိုင်း ပိတ်ဆို့အရေးယူမှုတွေကြောင့် ရုရှားတိုက်လေယာဉ်တွေကို စွမ်းရည်အပြည့်နဲ့ ပျံသန်းဖို့ အကန့်အသတ်တွေ ရှိလာပါတယ်။ ဒီလိုဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်ပဲ မလေးရှားအစိုးရဟာ တိုက်လေယာဉ်ဝယ်ဖို့ တခြားနေရာသစ်တွေ ရှာလာရတာလို့ မလေးလေယာဉ်မှူးတစ်ဦးက ၂၀၂၄ စင်ကာပူ လေကြောင်းပြပွဲမှာ ဝန်ခံခဲ့ပါတယ်။

မလေးရှားဟာ သူ့ရဲ့ ရုရှားဂျက်လေယာဉ်တွေကို အသုံးပြုမှု မရပ်ပါဘူး။ ဒါပေမဲ့ အသစ်ဝယ်တာကိုတော့ တခြားသူတွေဆီ ခြေဦးလှည့်သွားပါတယ်။ ၂၀၂၃ ခုနှစ်မှာ တောင်ကိုရီးယားဆီက FA-50 တိုက်လေယာဉ် ၁၈ စင်းနဲ့ တူရကီဆီက ANKA ဒရုန်း သုံးစင်း ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဒါက ထောက်ပံ့ရေးကွင်းဆက် ပြဿနာတွေကို ရှောင်နိုင်ရုံတင်မကဘဲ မလေးရှား တပ်ဖွဲ့တွေဟာလည်း အမေရိကန် စံနှုန်းမီ စစ်ဘက်နည်းပညာတွေနဲ့ ထိတွေ့အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Five Power Defense Arrangements လို့ ခေါ်ကြတဲ့ ပါဝါငါးခု ကာကွယ်ရေး အစီအစဉ် အရ အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ လုပ်ဆောင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ Link-16 ဒေတာလင့်ခ်တွေ၊ နေတိုးစံနှုန်းမီ လျှို့ဝှက်ကုဒ်စနစ်တွေနဲ့ မိတ်ဆွေ သို့မဟုတ် ရန်သူ ခွဲခြားသတ်မှတ်တဲ့ စနစ်တွေပေါ်မှာ လည်ပတ်တာ ဖြစ်ပါတယ်။ ရုရှားလေယာဉ်တွေဟာ ဒီစနစ်ထဲကို ချိတ်ဆက်လို့ မရပါဘူး။ တစ်ဘက်မှာတော့ ကိုရီးယား FA-50 တိုက်လေယာဉ်တွေမှာ Link-16 စွမ်းရည်ရှိပြီး တူရကီ ANKA ဒရုန်းတွေမှာလည်း နေတိုးနဲ့ ကိုက်ညီတဲ့ ထိန်းချုပ်ရေးစနစ်တွေ အသင့်ပါပြီးသား ဖြစ်ပါတယ်။

ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မလေးရှားတို့ဟာ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ကိုက်ညီမယ့် အခြေအနေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်နေကြတာပါ။ ဒါပေမဲ့ ရလဒ်ကတော့ အရှေ့တောင်အာရှဟာ အနောက်နိုင်ငံတွေရဲ့ နည်းပညာစံနှုန်းတွေဆီကို အလိုအလျောက် တဖြည်းဖြည်း ချဉ်းကပ်သွားနေတာပဲ ဖြစ်ပါတယ်။ ဒီသဘောတူညီချက်တွေက ရေတိုလိုအပ်ချက်ကြောင့် ဖြစ်ပေါ်လာတာဆိုရင်တောင် သက်ရောက်မှုကိုတော့ နောင်လာမယ့်နှစ်တွေအထိ ခံစားရမှာ ဖြစ်ပါတယ်။

စာချုပ်တွေရဲ့ ရေရှည်အစီအမံတွေဟာ လက်ခံနိုင်ငံတွေကို ပံ့ပိုးပေးတဲ့နိုင်ငံရဲ့ ထောက်ပံ့ပို့ဆောင်ရေး ကွန်ရက်တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ချည်နှောင်ထားမှာ ဖြစ်ပါတယ်။ လေ့ကျင့်ရေးလမ်းကြောင်းတွေ ဟာလည်း ပြည်ပမူဝါဒတွေအတိုင်း ရုပ်လုံးပေါ်လာနိုင်သလို ဆော့ဖ်ဝဲစနစ်တွေဟာလည်း မူလပစ္စည်း ထုတ်လုပ်သူတွေရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုဟာ ဒီဂေဟစနစ်ထဲကို တစ်ခါ ရောက်သွားပြီဆိုရင် ဒီအထဲက ပြန်ထွက်ဖို့ ဆိုတာ နှစ်တွေကြာလာလေလေ ကုန်ကျစရိတ် ပိုပြီး မြင့်မားလာလေလေ ဖြစ်ပါတယ်။

အာဆီယံအတွက် ပထဝီနိုင်ငံရေး နောက်ဆက်တွဲ သက်ရောက်မှုတွေကတော့ စိတ်မအေးစရာ ဖြစ်လာနိုင်ပါတယ်။ ဒီအဖွဲ့ရဲ့ သံတမန်ရေးရာ ဝိသေသဟာ ဘယ်အင်အားကြီးနိုင်ငံနဲ့မှ အပြည့်အဝ မပူးပေါင်းဘဲ အားလုံးနဲ့ ဆက်ဆံနိုင်စွမ်းအပေါ်မှာ အခြေခံထားတာဖြစ်ပါတယ်။ ပင်လယ်ရေကြောင်း တင်းမာမှုတွေနဲ့ အတူ တရုတ်ရဲ့ စစ်လက်နက်ပစ္စည်းတွေက အာဆီယံအဖွဲ့ဝင် အများအပြားအတွက် နိုင်ငံရေးအရ ကုန်ကျစရိတ် ကြီးမားလာချိန်မှာ ရုရှားနိုင်ငံရဲ့ အခန်းကဏ္ဍ ပြိုလဲသွားတာဟာ ရွေးစရာနယ်ပယ် တော်တော်ကျဉ်းသွားစေပါတယ်။ အမေရိကန်ရဲ့ ကိုယ်ပိုင် လက်နက်ကမ်းလှမ်းမှုတွေအပြင် တခြားသော ပြင်သစ်၊ ဂျာမနီ၊ တောင်ကိုရီးယား၊ တူရကီတို့လို လက်နက်ရောင်းပေးသူ အများစုဟာလည်း အမေရိကန်ရဲ့ မဟာမိတ်တွေ ဖြစ်နေတာပါ။

အခု အခြေအနေအရ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနဲ့ စင်ကာပူ အပါအဝင် အရှေ့တောင်အာရှရဲ့ ပင်လယ်ရေကြောင်းနိုင်ငံတွေဟာ အနောက်နိုင်ငံတွေရဲ့ စစ်ရေးဖွဲ့စည်းပုံတွေနဲ့ ပိုပြီး နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းလာနေပါတယ်။ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာတို့လို ကုန်းတွင်းပိုင်းနိုင်ငံတွေကျတော့ ယူကရိန်းပဋိပက္ခ မတိုင်ခင်တည်းက ရှိခဲ့တဲ့ အကြောင်းရင်းတွေကြောင့် တရုတ်ဘက်ကို ပိုယိမ်းနေကြသလို ယူကရိန်း-ရုရှား စစ်ပွဲကလည်း ဒီတိမ်းညွတ်မှုကို ပိုအလေးသာသွားစေပါတယ်။

အာဆီယံနိုင်ငံတွေဟာ တောင်တရုတ်ပင်လယ် အရေးနဲ့ ပတ်သက်လာတိုင်း သဘောထားချင်း မတိုက်ဆိုင်လို့ ဘုံသဘောတူညီချက် မရကြသလို AUKUS မဟာမိတ်အဖွဲ့အပေါ်မှာလည်း တုံ့ပြန်ပုံတွေ အမျိုးမျိုး ကွဲပြားပါတယ်။ ဒါဟာ ဒီနိုင်ငံတွေအကြားမှာ ရှိနေတဲ့ နည်းပညာဆိုင်ရာ မတူကွဲပြားမှုတွေနဲ့ ဆက်စပ်ပြီး နိုင်ငံရေးရှုထောင့်တွေပါ ခြားနားလာခြင်းကို ထင်ဟပ်နေတာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေ အနေနဲ့ ရုရှားကို တတိယလူအဖြစ် သုံးပြီး အမေရိကန်နဲ့ တရုတ်ကို ပြန်ထိန်းညှိကစားနိုင်ခဲ့တဲ့ ခေတ်ကတော့ ကုန်သွားပါပြီ။ ဘာဆက်ဖြစ်လာမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ဒါပေမဲ့ ဒီနိုင်ငံတွေထဲမှာ အကွဲအပြဲတွေ ပိုမိုပေါ်လွင်လာတာ၊ ဘက်မလိုက်ဘဲ မျှခြေတစ်ခုနဲ့ ရပ်တည်ခွင့် ကျဉ်းမြောင်းလာတာ၊ လက်ရှိ ဖြစ်ပျက်နေတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုဒဏ်ကို ခံနိုင်ရည်ရှိမယ့် ကြားခံနယ်မြေတွေ ပိုနည်းလာတာတွေ ဖြစ်လာနိုင်ခြေကို တွက်ဆထားရမယ် ထင်ပါတယ်။

ရည်ညွှန်း – How the Russia-Ukraine War Rewired Southeast Asia’s Arms Trade By Yuhang Ding and Sailin Li, THE DIPLOMAT

ရာဗီချန်ဒရာကူးမား