ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တာလီဘန်တို့ ပညာရေးအပေါ် စစ်ဆင်ခြင်း

July 30, 2026

မနက်တိုင်း ကဘူးလ်တက္ကသိုလ်ကို မသွားခင် ဟာရှ်မက်ဟာ မဖြစ်မနေထားရမယ်လို့ အမိန့်ပေးခံထားရတဲ့ သူ့မုတ်ဆိတ်မွေးကို မှန်ထဲ ကြည့်ရပါတယ်။ ကျောင်းသားတွေအနေနဲ့ မုတ်ဆိတ်မွေး ထားဖို့ လိုအပ်သလို အာဖဂန်ရိုးရာဝတ်စုံလည်း ဝတ်ရပါတယ်။ ဒီစည်းကမ်းချက်ကို မလိုက်နာတဲ့သူဆိုရင် အပြစ်ပေးခံရပါတယ်။

မကြာသေးကတင်ပဲ ဘောင်းဘီရှည်ဝတ်လာလို့ဆိုပြီး သူ့အတန်းဖော်တစ်ယောက် အရိုက်ခံရတာကို မြင်လိုက်ရသေးတယ်လို့ ဟာရှ်မက်က ပြောပါတယ်။

“သူတို့က ခင်ဗျား ပြောတာကို မနားထောင်သေးခင် ခင်ဗျားရဲ့ ပုံစံကို အရင်ကြည့်တာ။ ခင်ဗျားရဲ့ ပုံပန်းအသွင်အပြင် တစ်ခုခု လွဲနေလို့ကတော့ အတန်းမစခင်ကတည်းက ခင်ဗျား ဒုက္ခရောက်ပြီပဲ” လို့ သူက ဆိုပါတယ်။

အစွန်းရောက်ရှေးရိုးစွဲအစ္စလာမ္မစ်ဝါဒီ တာလီဘန်တွေ အာဖဂန်နစ္စတန်နိုင်ငံကို ပြန်သိမ်းပိုက်နိုင်ခဲ့ပြီး ငါးနှစ်အကြာမှာ နိုင်ငံရဲ့ ပညာရေးစနစ်ကြီးတစ်ခုလုံး ပြိုလဲနေပြီလို့ အာဖဂန်ကျောင်းသားတွေက The Guardian သတင်းစာကို ပြောပါတယ်။

အမျိုးသမီးတွေကို ပညာသင်ကြားခွင့် ပိတ်ပင်ထားပြီး ကထိကတွေလည်း အလုပ်ထွက်ကုန်ကြသလို သင်ကြားရေးအပိုင်းမှာလည်း ဘာသာရေးနဲ့ စပ်ဆိုင်တဲ့ ဘာသာရပ်တွေနဲ့ ကျင့်ဝတ်စည်းကမ်းပိုင်းကိုပဲ ပိုအာရုံစိုက်သင်ကြားလာပါတယ်။

ကျောင်းသားတွေခမျာ နေ့တိုင်း ဘာသာရေးတရားပွဲတွေ တက်ရပြီး လူအများရှေ့မှာ ဝတ်ပြုဆုတောင်းကြရပါတယ်။ အဲဒီလို လုပ်ရတာမျိုးက တခါတလေဆိုရင် တစ်ကြိမ်ကို နှစ်နာရီလောက်အထိ ကြာလေ့ရှိတယ်လို့ ဟာရှ်မက်က ပြောပါတယ်။

အဲဒီတရားပွဲတွေက အစ္စလာမ်ဘာသာ၊ ကျင့်ဝတ်နဲ့ နာခံမှုအကြောင်းတွေ ဖြစ်တတ်ပါတယ်။ အဲတရားပွဲတွေကို မတက်ဘဲ နေလို့ မရပါဘူး။ ပုံမှန်ဘာသာရပ်တွေ သင်ရမယ့်အချိန်တွေမှာ ဒီလို တရားပွဲတွေကို လုပ်တာမျိုး ရှိတယ်လို့ သူက ပြောပါတယ်။

“နာခံတတ်အောင် သင်ပေးတဲ့ တရားပွဲမှာ ထိုင်နေရလို့ တကယ့်အတန်းတွေကို ကျွန်တော် လွတ်နေတယ်။ ဒါဟာ သူတို့ (တာလီဘန်)တွေ ယူဆထားတဲ့ ပညာရေးရဲ့ ရည်ရွယ်ချက်ပဲ”

မိန်းကလေးတွေ ပညာသင်ခွင့် ပိတ်ပင်ခံထားရတာကို လူတိုင်းက ပြောနေကြပေမယ့် ကျောင်းတက်ခွင့်ရနေတဲ့ ယောကျာ်းလေးတွေမှာ ဘာတွေ ဖြစ်နေသလဲဆိုတာကိုတော့ ဘယ်သူမှ စကားထဲ ထည့်မပြောကြဘူးလို့ ဟာရှ်မက်က ဆိုပါတယ်။

ပြဿနာက စာသင်တာ ညံ့ဖျင်းတာတင် မကဘဲ အတန်းထဲမှာ ဆွေးနွေးငြင်းခုံတာနဲ့ မေးခွန်းထုတ်တာတွေပါ ပျောက်ကွယ်သွားတယ်လို့ အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်းမှာ ကျောင်းတက်နေတဲ့ အခြားကျောင်းသားတစ်ယောက်ကလည်း ပြောပါတယ်။

“ကျွန်တော်တို့က နားပဲထောင်ရမယ်၊ မေးခွန်းထုတ်လို့မရဘူး” လို့ ကာဒါ(အမည်လွှဲ)က ပြောပါတယ်။

“ကဘူးလ်မြို့ ကျဆုံးသွားပြီးကတည်းက တက္ကသိုလ်ဟာ သူ့ရဲ့ ရည်ရွယ်ချက် ပျောက်ဆုံးသွားခဲ့ပြီ။ အခုဆို တက္ကသိုလ်က ဘာသာရေးစာသင်ကျောင်းနဲ့ ပိုတူနေတယ်၊ စူးစမ်းလိုစိတ်ကို ပိတ်ပင်ပြီး ငြိမ်ငြိမ်နေဖို့ပဲ အမိန့်ပေးခံရတဲ့ နေရာမျိုးပေါ့”

ဟာရှ်မက်ဟာ ဒစ်ဂျစ်တယ်ကိရိယာတွေ၊ အွန်လိုင်းပလက်ဖောင်းတွေ၊ အချက်အလက်စစ်ဆေးတာတွေ၊ ကျင့်ဝတ်နဲ့ နည်းပညာတွေအပေါ် အခြေခံထားတဲ့ သတင်းစာပညာရပ်ကို သင်ယူနေပါတယ်။ ဒါပေမဲ့ သူဟာ အတန်းထဲမှာ စာသင်တာကို နားထောင်နေရင်းနဲ့ သူ့ကို သင်ပေးနေတဲ့သူဟာ ဒီဘာသာရပ်ကို စာပြန်သင်ပေးနိုင်လောက်တဲ့အထိ ကောင်းကောင်းနားလည်ရဲ့လားဆိုပြီး တွေးမိတယ်လို့ ဆိုပါတယ်။

“သူက အတန်းထဲမှာ PowerPoint တောင် မနိုင့်တနိုင် သုံးနေရပြီး ကျွန်တော်တို့ကို ခေတ်သစ်ကမ္ဘာအကြောင်း သင်ပေးနေတာ။ နည်းပညာဆိုတာ ဘာလဲဆိုတာကို ကိုယ်တိုင်မသိဘဲနဲ့ သတင်းစာပညာနည်းပညာအကြောင်း ဘယ်လိုလုပ် သင်ပေးနိုင်မှာလဲ”

ဟာရှ်မက် ပြောပြတဲ့ အချက်တွေဟာ ကဘူးလ်၊ ကန်ဒါဟာ၊ ဟဲလ်မန်း၊ နန်ဂါဟာ၊ ဘာမီယန်၊ ဘာ့ခ် နဲ့ ဝါဒတ်ခ်ဆိုတဲ့ အာဖဂန်နစ္စတန်တစ်နိုင်ငံလုံးက ပြည်နယ်ခုနစ်ခုမှာရှိတဲ့ ဖုန်းနဲ့ အင်တာဗျူးမေးခံရတဲ့ ကျောင်းသား ၂၀ ကျော်ရဲ့ ပြောပြချက်တွေနဲ့ ထပ်တူကျနေပါတယ်။

ယူနက်စကိုရဲ့ အဆိုအရ ၂၀၁၉ နဲ့ ၂၀၂၄ ခုနှစ်ကြားမှာ အာဖဂန်နစ္စတန်ရဲ့ အဆင့်မြင့်ပညာရေးကဏ္ဍဟာ သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အရောက်မှာ ကျောင်းသူဦးရေဟာ သုညအထိ ဖြစ်သွားပါတယ်။ ကျောင်းသားဦးရေကလည်း ၂၀၁၉ ခုနှစ်က ၃၁၀,၃၆၉ ဦး ရှိခဲ့ရာကနေ ၂၀၂၄ ခုနှစ်မှာ ၁၈၈,၉၅၇ ဦးအထိ ကျဆင်းသွားခဲ့ပါတယ်။

ကဘူးလ်တက္ကသိုလ်ဟာ အပြင်ပန်းကနေကြည့်ရင်တော့ တက္ကသိုလ်တစ်ခုနဲ့ တူနေတုန်းပါပဲ။ အဆောက်အအုံတွေ ဖွင့်ထားတယ်။ ကျောင်းသားတွေ ကျောင်းတက်နေတယ်။ စာမေးပွဲတွေ စစ်နေပြီး ဘွဲ့တွေလည်း ပေးနေတုန်းပါပဲ။ ဒါပေမဲ့ တက္ကသိုလ်တစ်ခုအဖြစ် ဖြစ်တည်စေတဲ့ အနှစ်သာရ အတော်များများကတော့ အခွံပဲ ကျန်တော့တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

ဝါရင့်ပါမောက္ခတွေ တိုင်းပြည်ကနေ ထွက်သွားကြတယ်။ စာသင်တာ ရပ်လိုက်သူတွေ ရှိသလို ချောင်ထိုးခံလိုက်ရသူတွေလည်း ရှိတယ်။ အဲဒီပါမောက္ခတွေနေရာမှာ တာလီဘန်တွေရဲ့ အိုင်ဒီယိုလော်ဂျီနဲ့ ပလဲနံပသင့်တဲ့ ကထိကတွေကို အစားထိုး ခန့်အပ်ထားတယ်။ အချို့ဌာနတွေမှာဆိုရင် ဘွဲ့ရခါစလူငယ်တွေ ၊ ဘွဲ့ကြိုတက်နေဆဲ ကျောင်းသားတွေကတောင် စာပြန်သင်ပေးနေကြတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်ကမှ ဘွဲ့ရထားတဲ့ ကထိကတစ်ယောက်ကို ဟာမက်ရှ်က ထောက်ပြပါတယ်။

“အခု သူက ကျွန်တော်တို့ ရှေ့မှာ စာသင်နေပြီ။ သူက ကျွန်တော်တို့ထက် ပိုမသိဘူးဆိုတာကတော့ ရှင်းနေတာပဲ”လို့ ဟာမက်ရှ်က ပြောပါတယ်။

ဟဲလ်မန်းပြည်နယ်က ကျောင်းသားတစ်ယောက်ဖြစ်တဲ့ ဇာလ်မေး (အမည်လွှဲ)ကလည်း သင်ကြားရေးအရည်အသွေးပိုင်းမှာလည်း အလားတူ ကျဆင်းလာပုံကို ပြောပြပါတယ်။

“အချို့ဆရာတွေက အတန်းထဲလာပြီး မှတ်စုအဟောင်းတွေကိုပဲ ဖတ်ပြသွားကြတာ” လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့ မေးခွန်းမေးလိုက်ရင် သူတို့ရှေ့မှာ ရေးထားတာကိုကျော်ပြီး သူတို့ ဘာမှ မရှင်းပြတတ်ဘူး။ ကျွန်တော်တို့က တက္ကသိုလ်ကျောင်းသားတွေပါ။ ဒါပေမဲ့ တစ်ခါတလေကျရင် အထက်တန်းကျောင်း ပြန်ရောက်နေသလိုပဲ ခံစားရတယ်” လို့ သူက ဆိုပါတယ်။

ပြဿနာအရှာခံရမှာစိုးလို့ အမည်မဖော်လိုတဲ့ ကဘူးလ်တက္ကသိုလ်ပါမောက္ခဟောင်းတစ်ယောက်ကလည်း ကျောင်းသားတွေဘက်က ပြောတာ မှန်တယ်ဆိုတဲ့အကြောင်း အတည်ပြုပေးပါတယ်။

ဘွဲ့ရပညာတတ်တွေ မွေးထုတ်ပေးဖို့ မျှော်လင့်ခံထားရတဲ့ တက္ကသိုလ်တွေဟာ အရည်အချင်းပြည့်မီတဲ့ ကထိကတွေ ဆုံးရှုံးလိုက်ရတာကြောင့် တက္ကသိုလ်အရည်အသွေး ကျဆင်းသွားတယ်လို့ အဲဒီပါမောက္ခဟောင်းက ပြောပါတယ်။

The Guardian သတင်းစာက မေးမြန်းတာကို ဖြေဆိုခဲ့ကြတဲ့သူ အားလုံးနီးပါးက ဒီပညာရေးအကျပ်အတည်းရဲ့ ဗားရှင်းအချို့ကို ဖော်ပြပြောဆိုခဲ့ကြပါတယ်။

အဲဒါတွေကတော့ သင်ကြားမှုညံ့ဖျင်းတာ ၊ ကထိကတွေ အရည်အချင်းမပြည့်မီတာ ၊ ဘာသာရေးတရားပွဲတွေ မဖြစ်မနေ တက်ခိုင်းတာ ၊ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်အပေါ် ဖိအားပေးတာနဲ့ ပညာရေးမှာ အလုပ်အကိုင်အာမခံချက်မရှိတော့ဘူးဆိုတဲ့ ယုံကြည်ချက်တွေ ကြီးထွားလာနေတာတွေပဲ ဖြစ်ပါတယ်။

တချိန်တုန်းက ကဘူးလ်တက္ကသိုလ်ဟာ အခုနဲ့ လုံးဝ မတူပါဘူး။ မျိုးဆက်ပေါင်းများစွာတိုင်အောင် အာဖဂန်နစ္စတန်နိုင်ငံရဲ့ ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေ ၊ ဂျာနယ်လစ်တွေ ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို လေ့ကျင့်သင်ကြားပေးခဲ့တဲ့နေရာဟာ ကဘူးလ်တက္ကသိုလ်ပါ။

ကဘူးလ်တက္ကသိုလ်ကို ဝင်ခွင့်ရတာကိုက မိသားစုတစ်စုအတွက် ဂုဏ်ယူစရာတစ်ပါး ဖြစ်ခဲ့တာပါ။ ကဘူးလ်တက္ကသိုလ်ကို ဝင်ခွင့်ရတာဟာ ပိုတောက်ပတဲ့ အနာဂတ်တစ်ခု ဖြစ်ဖို့ အလားအလာရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ရှိခဲ့ဖူးပါတယ်။

ကဘူးလ်မြို့ ကျဆုံးသွားပြီးနောက်ပိုင်းမှာ သူ့ရဲ့ ညီနှစ်ယောက် ကျောင်းထွက်လိုက်ရတယ်လို့ ဟာရှ်မက်က ပြောပါတယ်။

ပညာသင်တာဟာ အလုပ်ရှာဖို့ ဒါမှမဟုတ် အနာဂတ် တည်ဆောက်ဖို့အတွက် အထောက်အကူ ဖြစ်လိမ့်မယ်လို့ သူတို့ မယုံကြည်ကြတော့ပါဘူး။

နှစ်ပေါင်းများစွာတုန်းကတော့ ကျောင်းတက်တာဟာ အနာဂတ်အတွက် အစိတ်ချရဆုံး လမ်းကြောင်းတစ်ခုလို့ သတ်မှတ်ခဲ့ကြတာပါ။ စာသင်မယ်၊ ဘွဲ့ရမယ်၊ အလုပ်လုပ်မယ်၊ မိသားစုကို ထောက်ပံ့မယ် ဆိုတာမျိုးပေါ့။ ဒါပေမဲ့ တာလီဘန်တွေ အာဏာသိမ်းပြီးကတည်းက အဲဒီအနာဂတ်အလားအလာဟာ လက်တွေ့မကျတော့ပါဘူး။

“ပညာရေးက သူတို့အတွက် ဘာမှ အထောက်အကူမပြုတော့ဘူးလို့ ထင်နေကြပြီ။ ကျွန်တော် ကိုယ်တိုင်လည်း ဒီအတိုင်းပဲ ကောက်ချက်ချမိနေပြီး အတန်းတက်ဖို့တောင် ခက်ခဲလာတယ်”လို့ ပြောပါတယ်။

သတင်းစာပညာကျောင်းသားတွေဟာ ကျောင်းဝန်းထဲမှာတောင်မှ ရန်လိုခံနေရတယ်လို့ ဟာရှ်မက်က ဆိုပါတယ်။

ဟာရှ်မက်တို့လို ကျောင်းသားတွေဟာ ကန့်သတ်ခံထားရတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကို လေ့လာနေကြတာ ဖြစ်ပါတယ်။ သူတို့ သင်ယူလေ့လာနေတာဟာ ပညာရှင်တွေ ဆုံးရှုံးခဲ့ရပြီး သံသယနဲ့ စောင့်ကြည့်ဆက်ဆံခံနေရတဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။

လွတ်လပ်တဲ့ သတင်းဌာနတော်တော်များများလည်း ပိတ်သိမ်းသွားခဲ့ပါပြီ။ သူနဲ့ သူ့အတန်းဖော်တွေကို စေတန်တွေလို့ ဆရာတွေက ခေါ်တာကိုလည်း ဟာရှ်မက်တို့ ခံခဲ့ရဖူးပြီးပါပြီ။

“သတင်းစာပညာဆိုတာ လုံးဝ မရှိတော့သလောက် ဖြစ်နေတဲ့ နိုင်ငံမှာ ကျွန်တော်တို့က ဒီပညာရပ်ကို သင်နေကြတာပါ။ ကျွန်တော်တို့ကို ဘာအတွက် လေ့ကျင့်ပေးနေတာလဲခင်ဗျာ” လို့ သူက မေးခွန်းထုတ်ပါတယ်။

ဒီမေးခွန်းက ဟာရှ်မက်ရဲ့ အတန်းဖော် တော်တော်များများကိုလည်း စိတ်ဓာတ်ကျဆင်းစေပါတယ်။

အချို့တွေ ကျောင်းဆက်တက်နေတာဟာ သူတို့မိသားစုက ဖြစ်စေချင်လို့ တက်နေကြတာပါ။ အချို့ကျတော့လည်း အဆင့်နိမ့်ဘွဲ့တစ်ခု ရရင်တောင်မှ လူ့ပတ်ဝန်းကျင်မှာ အဆင့်အတန်းတစ်ခုတော့ ရှိနေသေးလို့ဆိုပြီး ကျောင်းတက်နေကြတာပါ။

ဒါပေမဲ့ ကျောင်းသားအများစုဟာ သူတို့ လုပ်နေတဲ့ အလုပ်အပေါ် ယုံကြည်မှုမရှိတော့ဘူးလို့ ဟာရှ်မက်က ဆိုပါတယ်။

“သူတို့ ကျောင်းကို လာကြတာက မိသားစုက သူတို့ကို ကျောင်းတက်ခိုင်းလို့ပဲ။ ဒါပေမဲ့ သူတို့ စိတ်ထဲမှာတော့ လက်လျှော့ထားပြီးသား ဖြစ်နေပါပြီ”

“အခြားဘာဆက်လုပ်ရမယ်မှန်း မသိလို့သာ ကျွန်တော်တို့ ကျောင်းဆက်တက်နေကြတာ။ ဒါပေမဲ့လည်း ဒီလို လုပ်နေတာ တစ်ခုခု အဓိပ္ပါယ်ရှိလိမ့်မယ်လို့ ယုံကြည်ဖို့ ဆိုတာ တစ်နေ့ထက်တစ်နေ့ ပိုပိုခက်လာတယ်” လို့ သူက ဆိုပါတယ်။

“တာလီဘန်တွေရဲ့ စစ်မြေပြင်က စစ်ပွဲက ရပ်သွားခဲ့ပါပြီ။ ဒါပေမဲ့ ပညာရေးအပေါ် သူတို့ ဆင်နွှဲနေတဲ့ စစ်ပွဲကတော့ အသံတိတ်တိတ်နဲ့ ဆက်ဖြစ်နေတုန်းပဲ” လို့ ဟာရှ်မက်က ဆိုပါတယ်။

လုချိုင်း

(The Guardian သတင်းစာက ဇူလိုင် ၁၃ ရက်နေ့တွင် ဖော်ပြထားသည့် The Taliban’s war on education: ‘Nobody talks about what is happening to the boys’ ဆောင်းပါးကို ဘာသာပြန်သည်)