ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ချင်းမိုင်တွင် ပျောက်သွားသော မြန်မာကလေးငယ်ကို ကီလိုမီတာ ၆၀၀ ခန့် ဝေးသောမြို့တွင်ပြန်တွေ့

July 30, 2026

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် အသက် ၁၅ နှစ်အရွယ် မြန်မာကလေးငယ်တစ်ဦး တစ်ရက်ကျော်ကြာ ပျောက်ဆုံးသွားခဲ့ပြီးနောက် မိသားစုဝင်များနှင့် ပြန်လည်ဆုံတွေ့ရပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၉ ရက်နေ့၌ ထိုင်းနိုင်ငံအလယ်ပိုင်း လွတ်ဘူရီမြို့တွင် ပြန်လည်တွေ့ရှိခဲ့ပြီးနောက် မိဘများက ပြန်လည်ခေါ်ယူ စောင့်ရှောက်ထားပြီဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

အသက် ၁၅ နှစ်အရွယ် မောင်စွမ်းပြည့်ပိုင်စိုးအမည်ရှိ မြန်မာကလေးငယ်သည် ဇူလိုင်လ ၂၈ ရက်နေ့က ချင်းမိုင်မြို့ နေအိမ်မှ ထွက်သွားပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ကလေးသည် ချင်းမိုင်အဝေးပြေးကားကွင်းမှတစ်ဆင့် အခြားမြို့တစ်မြို့သို့ ထွက်သွားခဲ့ကြောင်း ခြေရာခံနိုင်ခဲ့သဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေခဲ့ခြင်းဖြစ်သည်။

မိသားစုဝင်များက ထိုင်းရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ကလေး၏ တည်နေရာကို ခြေရာခံရာမှ ထိုင်းနိုင်ငံအလယ်ပိုင်း လွတ်ဘူရီမြို့ရှိ ဟိုတယ်တစ်ခုတွင် ရှိနေသည်ကို ခြေရာခံနိုင်ခဲ့ကြောင်း မိသားစုဝင်များက လူမှုကွန်ရက်တွင် ရေသားချက်အရသိရသည်။

ယင်းဟိုတယ်ကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာမှ မောင်စွမ်းပြည့်ပိုင်စိုးကို ပြန်လည်တွေ့ရှိခဲ့ပြီး လက်ရှိတွင် မိသားစုဝင်များလက်ဝယ် စောင့်ရှောက်ထားပြီဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောသည်။

“ကလေးကတော့ ကျွန်မတို့ လက်ထဲ ရောက်ပါပြီပေါ့နော်။ လက်ရှိအထိတော့ ကလေးကို ဘာမှ မမေးသေးပါဘူး။ စိတ်ချမ်းသာအောင် ထားထားပါတယ်” ဟု မိခင်ဖြစ်သူက ဆိုသည်။

ကလေးငယ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်း ဆောင်ရွက်နေပြီး ဖြစ်စဉ်များကို ထုတ်ဖော်ပြောဆို၍ မရသေးကြောင်း ၎င်းက ပြောသည်။

ကလေးကို ပြန်တွေ့သော လွတ်ဘူရီမြို့သည် ချင်းမိုင်မြို့နှင့် ကီလိုမီတာ ၆၀၀ ခန့် ကွာဝေးပြီး ကားဖြင့် ၈ နာရီကြာ မောင်းနှင်ရမည်ဖြစ်သည်။