ဗိုလ်ချုပ်မှူးကြီးဘဝဖြင့် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းယူခဲ့သူ ဦးမင်းအောင်လှိုင်ကား အကွက်ရွှေ့လာချေပြီ။ ပြီးခဲ့သော ဒီဇင်ဘာနှင့် ဇန်နဝါရီလအတွင်း ဖြစ်ကတတ်ဆန်း ရွေးကောက်ပွဲများကို ဟိုတစ်ကွက် သည်တစ်ကွက် အတင်းအဓမ္မ ကျင်းပသည်။
ထို့နောက် ရွေးကောက်ပွဲအလွန် သမ္မတအဖြစ် အရပ်ဝတ်ဖြင့် အိန္ဒိယသို့ တရားဝင် အလည်အပတ်ခရီး သွားပြီး ဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် တွေ့သည်။ တရုတ်ပြည်သို့ သွားပြီး သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့သည်။ ဇူလိုင်လအစောပိုင်းတွင် အလားတူ နိုင်ငံတော်ခရီးစဉ်ဖြင့် လာအိုသို့ သွားသည်။ ထိုင်းနိုင်ငံသို့လည်း သြဂုတ်လတွင် သွားဖို့ ရှိသည်။
ဦးမင်းအောင်လှိုင်သည် သူ့ကို ခေါင်းဆောင်များ၏ အစည်းအဝေးများတွင် ပြန်လည်လက်ခံစေရန်၊ မြန်မာကို အချိန်မဆိုင်းဘဲ ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံစေရန်အတွက် အာဆီယံကို ဖိအားပေးသည့် သံတမန်လှိုင်းပေါ်၌ ရောက်နေပြီဖြစ်သည်။
သို့ရာတွင် သူ့ကို အဆောတလျင် လွန်လွန်ကျူးကျူး လိုက်လျောပေးလိုက်ခြင်းသည် အာဆီယံ၏ ယုံကြည်စိတ်ချရမှု ဂုဏ်သိက္ခာကို အရဲစွန့်ရာ ရောက်စေသလို ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မြှင့်တင်ရာတွင် ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်ထားသည့် ဗဟိုချက်မ အခန်းကဏ္ဍကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာစေသည်။ သတိပြုရမည်မှာ မင်းအောင်လှိုင်သည် ယခင်ကလည်း အာဆီယံကို တစ်ပတ်ရိုက်ခဲ့ဖူးသည် ဟူသောအချက် ဖြစ်သည်။
လွန်ခဲ့သော ငါးနှစ်ကျော်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် အဆိုပါဗိုလ်ချုပ်သည် ၂၀၂၁ ခုနှစ် ဧပြီလ ဘရူနိုင်းနိုင်ငံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ်အတွင်း အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ဟု ဆိုသောအရာကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။
ထို ဘုံသဘောတူညီချက် ၅ ချက်တွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ အားလုံးအကျုံးဝင်သော ဆွေးနွေးပွဲဖြစ်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန်နှင့် ပဋိပက္ခဖြစ်ပွားနေသည့် အဖွဲ့အစည်းများကြား စေ့စပ်ညှိနှိုင်းပေးရေးအတွက် မြန်မာပြည်သို့ သွားမည့် အာဆီယံ အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရန် တောင်းဆိုထားခြင်း ဖြစ်သည်။
စစ်အာဏာရှင် မင်းအောင်လှိုင်သည် ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာခြင်းမရှိခဲ့ပေ။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပေါ်ပေါက်လာသော တော်လှန်ရေးလှုပ်ရှားမှုအပေါ် ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းမှုကိုသာ လုပ်ဆောင်ခဲ့သည်။
ငြိမ်းချမ်းစွာ စတင်ခဲ့သည့် အာဏာဖီဆန်သော လှုပ်ရှားမှုသည်လည်း မျက်နှာစာပေါင်းစုံ ပါဝင်သည့် လက်နက်ကိုင်လှုပ်ရှားမှု အဖြစ် အသွင်ပြောင်းသွားခဲ့သည်။ ရေရှည်တည်ရှိနေခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်တွင် အသစ်ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များနှင့်အတူ ပူးပေါင်းပါဝင်လာသည်။
၁၀၂၇ စစ်ဆင်ရေးနှင့် နောက်ဆက်တွဲထိုးစစ်များ ဖြစ်ပွားပြီးနောက် ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် မြန်မာစစ်တပ်သည် စစ်မျက်နှာအများအပြား၌ နယ်မြေများ ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်တွင် စစ်တပ်သည် အားနည်းနေပြီး တော်လှန်ရေးအင်အားစုများ၏ ဖြုတ်ချခြင်းကို ခံရတော့မည့်ပုံစံ ဖြစ်နေခဲ့သည်။ သို့သော်လည်း တော်လှန်ရေးအင်အားစုများသည် ထိုအခွင့်အရေးကို မဖမ်းဆုပ်နိုင်ခဲ့ကြပေ။
စစ်ရေးအရှိန်အဟုန်ကောင်းနေပြီး စာရိတ္တပိုင်းဆိုင်ရာ တရားဝင်မှု ရှိနေသော်လည်း တော်လှန်ရေး အင်အားစုများသည် စစ်မြေပြင်အသာစီးရမှုများကို အုပ်ချုပ်ရေးအာဏာအဖြစ် ပြောင်းလဲရန် လိုအပ်သော စည်းလုံးညီညွတ်မှုနှင့် ရဲဝံ့ပြတ်သားမှုတို့ မရှိခဲ့ပေ။ အာဏာမသိမ်းမီ ပြုပြင်ပြောင်းလဲရေး ဆယ်စုနှစ်အတွင်း ကြီးပြင်းလာခဲ့သည့် လူငယ်များ ပါဝင်သော PDF တပ်ဖွဲ့များနှင့် EAO များသည် အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်နေချိန်တွင် နိုင်ငံရေးဆိုင်ရာ ထိုးစစ်နှင့် ပြတ်သားသော ဦးဆောင်မှုတစ်ရပ် လိုအပ်နေခဲ့သည်။ ထိုလိုအပ်ချက်ကို NUG ကလည်း မစွမ်းဆောင်နိုင်ခဲ့ပေ။
NUG သည် အုပ်စုကွဲနေပြီး ပြည်တွင်း၌သာမက ပြည်ပတွင်ပါ စည်းလုံးညီညွတ်သော ဦးဆောင်မှု ပြသနိုင်ရန် ရုန်းကန်နေရသည်။ အသက်စွန့် တိုက်ပွဲဝင်နေကြသည့် လူငယ်အရေအတွက် ထောင်ပေါင်းများစွာ ရှိနေသော်လည်း ၎င်းတို့၏ စစ်ရေးတိုးတက်မှုများသည် နိုင်ငံရေးစုစည်းမှုထက် ခြေလှမ်း ပိုကျော်နေခဲ့သည်။ တော်လှန်ရေးအင်အားစုများ၏ အရှုံးသည် သတ္တိမရှိ၍ မဟုတ်၊ ပြည်သူ့ထောက်ခံမှု ကင်းမဲ့၍ မဟုတ်ပေ။ စစ်ရေးအောင်မြင်မှုအား မင်းအောင်လှိုင်၏ စစ်ကောင်စီကို အစားထိုးနိုင်မည့် နိုင်ငံရေးအာဏာအဖြစ် မပြောင်းလဲနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။
NUG က ချီတုံချတုံဖြစ်နေပြီး EAO များနှင့် PDF များကလည်း အလဲမထိုးနိုင် ဖြစ်နေစဉ်၌ တရုတ် ဝင်လာသည်။ ဘေကျင်းသည် ပဋိပက္ခကာလ တလျှောက်တွင် များသောအားဖြင့် ဟန်ချက်ညီအောင် ထိန်းညှိသည့် မဟာဗျူဟာကို ဂရုတစိုက် ကျင့်သုံးခဲ့သည်။ စစ်အုပ်စုနှင့် အလုပ်သဘော ဆက်ဆံရေးကို ထိန်းသိမ်းထားသလို NUG ကိုလည်း လျစ်လျူမရှုခဲ့ပေ။
မြန်မာနိုင်ငံမြောက်ပိုင်း နယ်စပ်တစ်လျှောက် လှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အတော်များများနှင့်လည်း ဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့သည်။ ဤသို့သော လက်တွေ့ကျမှုသည် မြန်မာနိုင်ငံအတွင်းရှိ ပိုက်လိုင်းများ၊ ဆိပ်ကမ်းများ၊ သတ္တုတွင်း စီမံကိန်းများနှင့် နယ်စပ်တည်ငြိမ်ရေးတို့တွင် ရှိနေသည့် တရုတ်နိုင်ငံ၏ ကျယ်ပြန့်သော အကျိုးစီးပွားများကို ထင်ဟပ်နေသည်။ မည်သည့်ဘက်က အနိုင်ရသွားသည်ဖြစ်စေ ဘေကျင်းသည် တစ်ဖွဲ့နှင့်မျှ ဆက်ဆံရေး အပျက်မခံလိုခဲ့ပေ။
သို့သော်လည်း စစ်တပ်ကို ဖြုတ်ချရန် တော်လှန်ရေးအင်အားစုများတွင် အရည်အချင်း လုံလုံလောက်လောက် မရှိဟု တရုတ်ခေါင်းဆောင်များ ကောက်ချက်ချလိုက်ပြီးနောက်တွင်မူ တွက်ချက်မှုလည်း ပြောင်းလဲသွားခဲ့သည်။
မတည်ငြိမ်မှုများ ပိုမိုများပြားလာပြီး မြန်မာပြည် တကွဲတပြားဖြစ်ကာ အုပ်ချုပ်ရခက်ခဲသွားမည်ကို စိုးရိမ်လာသော ဘေကျင်းသည် ရှမ်းပြည်နယ်ရှိ လားရှိုးအပါအဝင် သော့ချက်နယ်မြေများကို စစ်ကောင်စီ ပြန်လည်သိမ်းယူနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့ဘက်အား နောက်ဆုတ်အောင် ဖိအားပေးခဲ့သည်။
ထိုကဲ့သို့သော အသက်ရှူပေါက် ရသွားသည့် အခြေအနေကြောင့် စစ်ကောင်စီသည် ပြန်လည်စုစည်းပြီး စစ်မြေပြင်တွင် ပြန်လည်ဦးမော့ရန် အခွင့်အရေး ရသွားခဲ့သည်။ ရုရှား၏ စစ်ရေးအကူအညီ၊ နိုင်ငံသားများ မဖြစ်မနေ စစ်မှုထမ်းရမည့် ဥပဒေ၊ နိုင်ငံ၏ အရင်းအမြစ်များကို ဆက်လက်သုံးစွဲခွင့် ရနေခြင်း၊ တရုတ်၏ ဝင်ရောက်စွက်ဖက်မှု စသည်တို့ကြောင့်ပင် မဟာဗျူဟာမြောက် အလှည့်အပြောင်းတစ်ရပ် ပြတ်ပြတ်သားသား ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ဘေကျင်း၏ အရွေ့သာ မရှိခဲ့လျှင် စစ်ကောင်စီသည် ဆက်လက်ရှင်သန်သော်လည်း အနိုင်ရလိမ့်မည် မဟုတ်ပေ။ တရုတ်၏ ပံ့ပိုးကူညီမှုကြောင့်သာ မင်းအောင်လှိုင်သည် နိုင်ငံရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီလအတွင်းက စိတ်တိုင်းကျ ကုလားဖန်ထိုး ကျင်းပခဲ့သော ရွေးကောက်ပွဲများသည် အဆိုပါမဟာဗျူဟာ၏ နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်သည်။ လွတ်လပ်မှုမရှိ၊ တရားမျှတမှုလည်း မရှိဟု အကြီးအကျယ် ဝေဖန်ခံခဲ့ရသော အဆိုပါရွေးကောက်ပွဲများတွင် အရေးပါသော အတိုက်အခံများကို ချန်လှပ်ထားခဲ့သလို ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းများလည်း တစ်ခုမျှ မပြည့်မီခဲ့ပေ။ သို့သော်လည်း ဤရွေးကောက်ပွဲများသည် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန် မဟုတ်ဘဲ နိုင်ငံရေးအရ အာဏာတည်မြဲရန် အတွက်သာ ဖြစ်သည်။
ဂရုတစိုက် စီမံထားသော အရပ်သားမျက်နှာဖုံး နောက်ကွယ်တွင် စစ်ဝတ်စုံကို သမ္မတရာထူးနှင့် လဲလှယ်ခြင်းဖြင့် မင်းအောင်လှိုင်သည် မိမိကိုယ်မိမိ အာဏာသိမ်းခေါင်းဆောင်အဖြစ်မှ နိုင်ငံတော်အကြီးအကဲအဖြစ် ပြောင်းလဲရန် ကြိုးပမ်းလျက်ရှိသည်။
ဤရွေးကောက်ပွဲများသည် တရားဝင်မှု ပေးစွမ်းနိုင်သည်တော့ မဟုတ်ပေ။ သို့သော်လည်း မင်းအောင်လှိုင်အတွက် လိုအပ်နေသည့် ကွက်လပ်တစ်ခုကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ တစ်ကျော့ပြန် ဆက်ဆံရေး ပြန်စလိုသည့် အစိုးရများသည် ဤရွေးကောက်ပွဲမှနေ၍ အထိုက်အလျောက် အကာအကွယ်ယူစရာ ဆင်ခြေတစ်ခု ရရှိသွားပြီ ဖြစ်လေသည်။
ယခုအခါ မင်းအောင်လှိုင်သည် ပြည်တွင်း၌ မိမိ၏ ရာထူးနေရာကို အခိုင်အမာ ရယူပြီးနောက် အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့ဘက်သို့ ဦးလှည့်လာပြီ ဖြစ်သည်။ သူ၏ ခြေလှမ်းများသည် မြန်မာနိုင်ငံ၏ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ရာထူးကို ပြန်လည်တောင်းဆိုရန်နှင့် NLD အစိုးရလက်ထက် သံအမတ်က ယခုအထိ ရယူထားဆဲဖြစ်သော ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် နေရာကို ပြန်လည်တောင်းဆိုရန်အထိ ကျယ်ပြန့်လာနိုင်ဖွယ် ရှိသည်။ ခပ်တိုတိုပြောရလျှင် မင်းအောင်လှိုင်သည် စစ်ရေးအရ ရှင်သန်ကျန်ရစ်သည့် အခြေအနေကို ဒေသတွင်း လက်ခံမှု၊ နိုင်ငံရေးအရ အသိအမှတ်ပြုမှုနှင့် နိုင်ငံတကာ တရားဝင်မှုအထိ အသွင်ပြောင်းရန် ကြိုးစားနေခြင်း ဖြစ်သည်။
ပြောင်းလဲလာသော ဤသံတမန်ရေးရာ အခင်းအကျင်းသည် အာဆီယံအား အကြီးအကျယ် ဒွိဟပွားစေသည်။ ပြီးခဲ့သော ငါးနှစ်ကျော်အတွင်း ဤအဖွဲ့သည် မြန်မာ့ပဋိပက္ခကို ဖြေရှင်းရန်အတွက် ဘုံသဘောတူညီချက် ၅ ချက်ကို အဓိက မူဘောင်အဖြစ် အားကိုးခဲ့သည်။ သို့သော်လည်း မင်းအောင်လှိုင်က သူကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သည့် ထိုမူဘောင်များကို လျစ်လျူရှုနေချိန်တွင်မူ အာဆီယံသည် မည်သို့တုံ့ပြန်ရမည် ဆိုသည့်အပေါ် သဘောထားအမျိုးမျိုး ကွဲပြားလျက်ရှိသည်။
ယခုအခါ လာအို၊ ထိုင်းနှင့် အခြားအဖွဲ့ဝင်နိုင်ငံများကလည်း ရွေးကောက်ပွဲအလွန် မင်းအောင်လှိုင် ဦးဆောင်သော အစိုးရနှင့် ထိတွေ့ဆက်ဆံမည့်သဘော ရှိနေသည်ဖြစ်ရာ အာဆီယံအနေဖြင့် တစ်စုံတစ်ရာ အာမခံချက်မရဘဲ ဆောလျင်စွာ ထိတွေ့ဆက်ဆံမှု မပြုမိအောင် သတိထားရတော့မည် ဖြစ်သည်။
ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် သက်ရှိထင်ရှား ကျန်းကျန်းမာမာ မရှိတော့ကြောင်း နောက်ပိုင်းတွင် သိလိုက်ရခြင်းမျိုး ဆိုလျှင် အာဆီယံသည် တရုတ်နှင့် ရုရှားမှလွဲ၍ အခြား အရေးပါသော ပြင်ပမိတ်ဖက်နိုင်ငံများကြားတွင် ယုံကြည်စိတ်ချရမှုနှင့် ဗဟိုချက်မ အခန်းကဏ္ဍကို ဆုံးရှုံးသွားနိုင်သည်။
ဦးမင်းအောင်လှိုင် လက်ထက်တွင်သာ ဒေါ်အောင်ဆန်းစုကြည် တစ်ခုခု ဖြစ်သွားခဲ့မည် ဆိုပါက နောက်ပိုင်း ကျင်းပမည့် အာဆီယံဗဟိုပြု ထိပ်သီးအစည်းအဝေးများကို ကမ္ဘာ့အထင်ကရ ခေါင်းဆောင်များက သပိတ်မှောက်ခြင်းမျိုး ဖြစ်လာနိုင်သည်။
အလားတူပင် ပြည်တွင်းစစ်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးဒဏ်ရာရခဲ့ကြသူ မြန်မာပြည်သူ အရေအတွက်လည်း သောင်းနှင့်ချီ ရှိသည်ဖြစ်ရာ အာဆီယံတွင် ဦးမင်းအောင်လှိုင် ပြန်လည်ပါဝင်လာခြင်းသည် အဖွဲ့ဝင်မဟုတ်သည့် ဆွေးနွေးဖက် နိုင်ငံအများအပြား အစည်းအဝေး တက်ရောက်ခြင်းကို ဟန့်တားစေမည့် အကြောင်းရင်းလည်း ဖြစ်သွားနိုင်သည်။
တစ်ဖက်တွင်လည်း တော်လှန်ရေးအင်အားစုများ အနေဖြင့် စစ်တပ်ကျောထောက်နောက်ခံ ပြုထားသည့် အစိုးရ၏ အရှိန်အဟုန်ကို တားဆီးရန် ရည်ရွယ်ထားသည်ဆိုပါက ၎င်းတို့၏ စစ်မြေပြင် ဦးတည်ချက်များကို ပြောင်းလဲပစ်ရမည်ဖြစ်သည်။ ပြည်တွင်းစစ်ဒီရေ ကိုယ့်ဘက်သို့ ပါလာအောင် မြန်မြန်ဆန်ဆန် လုပ်ဆောင်ရမည် ဖြစ်သည်။ ထိုအထဲတွင် NUG ဦးဆောင်မှုကို အစအဆုံး ပြုပြင်ပြောင်းလဲရန်နှင့် ပြည်တွင်း၌ အမှန်တကယ် တိုက်ပွဲဝင်နေသော လူငယ်မျက်နှာသစ်များနှင့် အစားထိုးရန် ကိစ္စရပ်များလည်း ပါဝင်သည်။
အာဆီယံအတွက်မူ ပြန်လည်ထိတွေ့ဆက်ဆံရေး ဆိုသည်မှာ ရှောင်လွှဲ၍ မရနိုင်သောအရာ ဖြစ်နိုင်သည်။ သို့သော်လည်း အချိန်မတိုင်မီ စောစီးစွာ လုပ်ဆောင်လိုက်ခြင်းသည် ဖီဆန်မှုကို ဆုချသလို ဖြစ်သွားစေနိုင်သည်။ အာဆီယံ၏ ယုံကြည်စိတ်ချရမှုကို ကျဆင်းစေကာ အဖွဲ့၏ အရေးပါမှုနှင့် ထိရောက်မှုတို့ အဓိကမှီခိုနေရသည့် ဗဟိုချက်မ အခန်းကဏ္ဍကိုလည်း အားနည်းသွားစေမည် ဖြစ်သည်။
ရာဗီချန်ဒရာကူးမား
ရည်ညွှန်း – Asean’s risks by re-engaging Myanmar by Thitinan Pongsudhirak, BANGKOK POST







