ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အီရန်စစ်ပွဲ ဘာဆက်ဖြစ်မလဲ

July 10, 2026

အီရန်နဲ့ အပစ်အခတ်ရပ်စဲရေး ပြီးဆုံးပျက်ပြယ်သွားပြီလို့ သူ ယူဆတယ်ဆိုတာ သမ္မတဒေါ်နယ်ထရမ့်က ပြောလိုက်ပါပြီ။ အီရန်နဲ့ သဘောတူညီချက်တစ်ခု ရဖို့ သူ့အနေနဲ့ လိုချင်သေးလားဆိုတာ မသေချာဘူးလို့ ထရမ့်က ပြောပါတယ်။ နောက်ပြီး အမေရိကန်အနေနဲ့ ‘ဒီကိစ္စကို အပြတ်ရှင်းသင့်ပြီ’လို့လည်း ပြောပါတယ်။

ဒါပေမဲ့ ရှေ့လျှောက်တိုက်ခိုက်မှုတွေဟာ စစ်ပွဲ ပြန်ဆင်နွှဲမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်သလို ၊ ကာလရှည်စစ်ဆင်ရေးလုပ်မယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလို့လည်း ထရမ့်က အခိုင်အမာ ပြောပါတယ်။

ထရမ့်ရဲ့ ရှေ့နောက်မညီတဲ့ သတင်းစကားတွေ ၊ စစ်ရေးအရ ဆက်တိုက်တိုက်ခိုက်မှုတွေ လုပ်ဖို့ ထရမ့်ရဲ့ ခွင့်ပြုမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးမှုနဲ့ မရေရာမသေချာမှုတွေဟာ အီရန်ပဋိပက္ခမှာ နောက်ထပ် ဘာဆက်ဖြစ်မလဲဆိုတာနဲ့ ပတ်သက်လို့ အဓိကမေးခွန်းတွေ ထွက်ပေါ်လာစေပါတယ်။

သမနိရှည် ရန်သူတော်နှစ်ပါးအကြားမှာ ပဏာမသဘောတူညီချက်ကလေးတစ်ခု ရဖို့တောင် သံတမန်ရေးအရ ခက်ခက်ခဲခဲ ဆောင်ရွက်ခဲ့ရပြီးနောက် ရက်သတ္တပတ်ပိုင်းလောက် အကြာမှာ အဲဒီလို အဓိကမေးခွန်းတွေ ထွက်ပေါ်လာစေတာပါ။

ဒီလိုမျိုး ရှေတစ်မျိုး နောက်တစ်မျိုး အာဝဇ္ဇန်းဟာ တီဟီရန်အပေါ်မှာ ဖိအားတိုးပေးဖို့ မဟာဗျူဟာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

ဟော်မုဇ်ရေလက်ကြားထဲမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ သယ်ဆောင်နေတဲ့ သင်္ဘောတွေကို တိုက်ခိုက်တာ ရပ်ဖို့ ၊ အီရန်အဏုမြူစီမံကိန်းနဲ့ ပတ်သက်လို့ အမေရိကန်ဘက်က တောင်းဆိုတာတွေကို အီရန်ဘက်က လိုက်လျောတိမ်းညွတ်လာဖို့ တီဟီရန်အပေါ်မှာ ဖိအားတိုးပေးဖို့ မဟာဗျူဟာတစ်ခု ဖြစ်နိုင်ပါတယ်။

ဒါကို အရင်ကလည်း ထရမ့် ကြိုးစားခဲ့ဖူးပါတယ်။

ဒါဟာ ဆွေးနွေးညှိနှိုင်းရေး ဗျူဟာတစ်ခု ဖြစ်သည်ဖြစ်စေ ၊ တိုက်ခိုက်မှုတွေ အရှိန်မြင့်တက်လာမယ့် လက္ခဏာတစ်ခု ဖြစ်သည်ဖြစ်စေ ၊ ကြားဝင်စေ့စပ်ညှိနှိုင်းပေးသူတွေကတော့ ကနဦးကြားကာလ သဘောတူညီချက်ကို အဖတ်ဆယ်နိုင်အောင် အသည်းအသန် ကြိုးစားနေပါတယ်။

စစ်ရေးအရ အရေးယူဆောင်ရွက်မှုတွေဟာ နောက်ထပ် ရန်မီးပွား တင်းမာမှုတွေ ဖြစ်စေမယ့် အန္တရာယ်ရှိပါတယ်။

တကယ်လို့ ဂတ်စ်ဈေးနှုန်းတွေ ဆက်မြင့်နေမယ်ဆိုရင် ဒါဟာ နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလင်ကန်တွေအဖို့ ဒုက္ခရောက်မယ့် ကိန်းပဲ။

တင်းပြည့်ကျပ်ပြည့် စစ်ပွဲဆီ ပြန်ဖြစ်တော့မလားဆိုတဲ့ ထင်ကြေးပေးမှုတွေကို ထရမ့်က မမှုပေမယ့်လည်း အမေရိကန်ရဲ့ တိုက်ခိုက်မှုလှိုင်းသစ်တစ်ခု ထပ်လာနေပြီလို့ ဗုဒ္ဓဟူးနေ့မှာ သတိပေးခဲ့ပါတယ်။

နာရီပိုင်းအကြာမှာတော့ အီရန်အပေါ် တိုက်ခိုက်မှုအသစ်တွေ လုပ်ဆောင်နေပြီလို့ အမေရိကန်စစ်တပ်က အသိပေးထုတ်ပြန်လိုက်ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာ “ဟော်မုဇ်ရေလက်ကြားထဲ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်အပေါ် အီရန်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို နောက်ထပ်လျှော့ချပစ်ဖို့” ရည်ရွယ်တယ်လို့ အမေရိကန်စစ်တပ်က ဆိုတယ်။

အစောပိုင်းမှာ ထရမ့်က “ဖြစ်စရာရှိတာဟာ မြန်မြန် ဖြစ်ကို ဖြစ်တော့မှာပဲ” လို့ ပြောခဲ့တယ်။

“အကြာကြီး ဖြစ်သွားဖို့တော့ ကျွန်တော်တို့ မလိုချင်ပါဘူး”လို့လည်း ပြောခဲ့ပါသေးတယ်။

အပြန်အလှန် မယုံကြည်မှု ကြီးထွားလာတာကြောင့် ဒီပဋိပက္ခဟာ အရေးကြီးတဲ့ အဆင့်တစ်ခုကို ရောက်နေပြီလို့ အမေရိကန်နဲ့ အီရန်အကြား ကြားဝင်စေ့စပ်ညှိနှိုင်းပေးတဲ့ လုပ်ငန်းတွေမှာ ပါဝင်တဲ့ အရှေ့အလယ်ပိုင်းဒေသတွင်း ထောက်လှမ်းရေးအရာရှိတစ်ယောက်က ပြောပါတယ်။ ဒါပေမဲ့ အပစ်ရပ်သဘောတူညီချက်ကို အဖတ်ဆယ်ဖို့အတွက် အဆင့်မြင့်အရာရှိပိုင်း ဆက်ဆံရေးလမ်းကြောင်းတွေကနေ စက္ကန့်မလပ် ဆက်လုပ်နေတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။ ကန့်လန့်ကာနောက်ကွယ်က ဆွေးနွေးညှိနှိုင်းမှုတွေအကြောင်း အဲဒီအရာရှိက အမည်မဖော်ဘဲ ပြောပြခဲ့ပါတယ်။

ပါကစ္စတန် ၊ ကာတာနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အီဂျစ်ထောက်လှမ်းရေးအကြီးအကဲတို့က အမေရိကန်နဲ့ အီရန်အကြား ကြားဝင်စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းတွေကို ဦးဆောင်နေပါတယ်။ တစ်ဖက်မှာလည်း တူရကီသမ္မတအာဒိုဂန်နဲ့ ဆော်ဒီအာရေဗျခေါင်းဆောင်တွေလည်း ကြားဝင်စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းတွေမှာ ပါဝင်နေတယ်လို့ အဲဒီအရာရှိက ပြောပါတယ်။ တူရကီဟာ ဗုဒ္ဓဟူးနေ့မှာ ပြီးဆုံးခဲ့တဲ့ နေတိုးထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။

ဟော်မုဇ်ရေလက်ကြားထဲမှာ တိုက်ခိုက်ခံခဲ့ရတဲ့ သင်္ဘောတွေနဲ့ ပတ်သက်လို့ အမေရိကန်က မကျေမနပ် ဖြစ်နေပါတယ်။

အီရန်ရဲ့ အဏုမြူစီမံကိန်းကို ကန့်သတ်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေကို အီရန်ဘက်က အချိန်ဆွဲနေတယ်လို့ အမေရိကန်က စွပ်စွဲပါတယ်။ ပြီးခဲ့တဲ့ လမှာ ကြေညာခဲ့တဲ့ ကြားကာလ အပစ်ရပ်သဘောတူညီချက်ကို စစ်ပွဲရေရှည်အဆုံးသတ်နိုင်ရေးဆီ ပြောင်းလဲဖို့ ကြိုးစားရာမှာ အီရန်အဏုမြူကိစ္စ ဆွေးနွေးမှုတွေဟာ အဓိကကျတဲ့ နောက်တစ်ဆင့် ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ တီဟီရန်ကလည်း ဝါရှင်တန်ဟာ ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကို ချိုးဖောက်နေသူ ဖြစ်တယ်လို့ စွပ်စွဲနေတယ်လို့ ခုနက အရာရှိက ပြောပါတယ်။ အစ္စရေး ဆုတ်ခွာပေးရေးအပါအဝင် လက်ဘနွန်က အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ဖို့ကို အမေရိကန်က ပျက်ကွက်ခဲ့တယ်လို့ တီဟီရန်က စွပ်စွဲတယ်ဆိုတဲ့အကြောင်းလည်း အဲဒီအရာရှိက ပြောပါတယ်။

အမေရိကန်စစ်ရေးအကဲခတ်ဟောင်းတစ်ယောက်ဖြစ်သလို လက်ရှိမှာ Washington Institute for Near East Policy ရဲ့ စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာလေ့လာမှုပရိုဂရမ်ကို ညွှန်ကြားနေသူ မိုက်ကယ်အိုင်ဆန်စတန့်ဒ် ပြောတာကတော့ “ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးအဆင့်ထဲမှာ ရှိနေတုန်းပါပဲ။ သမ္မတက ဘာပဲ ပြောနေပါစေပေါ့” ဆိုတာပါပဲ။

“ဒါဟာ ဆွေးနွေးညှိနှိုင်းမှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ နားလည်မှုစာချွန်လွှာ (MOU) ပြီးဆုံးပျက်ပြယ်သွားပြီလို့ ကြေညာတာကလည်း ဆွေးနွေးညှိနှိုင်းမှုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ” လို့ အိုက်ဆန်စတန့်ဒ်က ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေး တည်ဆောက်ရာမှာ အခြေခံထားတဲ့ နားလည်မှုစာချွန်လွှာကို ရည်ညွှန်းလို့ သူက အဲလို ပြောပါတယ်။

ထရမ့်ဟာ လူသိရှင်ကြား တစ်တစ်ခွခွ မှတ်ချက်ပေးပြောဆိုလေ့ရှိပါတယ်။ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းဖို့ စိတ်မဝင်စားတော့ဘူးလို့ ထရမ့်က ပြောပါတယ်။

“အဲဒါ ပြီးဆုံးသွားပြီလို့ ကျွန်တော် ထင်တယ်”

“ကျွန်တော်တို့ ကစားကွက်တွေ ကစားလို့ ရတယ်။ ဒါပေမဲ့ သဘောတူညီချက်တစ်ခု ရအောင် ကျွန်တော် လုပ်ချင်သေးလားလို့ ကျွန်တော် မသေချာတော့ဘူး” လို့ ထရမ့်က တူရကီနိုင်ငံ ၊ အန်ကာရာမြို့က နေတိုးထိပ်သီးအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အမေရိကန်စစ်တပ်က “ဒီကိစ္စကို အပြတ်” ရှင်းကောင်း ရှင်းနိုင်တယ်လို့လည်း ထရမ့်က ဖြည့်စွက်ပြောခဲ့ပါတယ်။

အီရန်ဘက်က အဓိကဆွေးနွေးညှိနှိုင်းရေးမှူးဖြစ်သူ အီရန်လွှတ်တော်ဥက္ကဌမိုဟာမက်ဘာဂါကာလီဘတ်ကတော့ ထရမ့်အစိုးရဟာ ကနဦးသဘောတူစာချုပ်ပါ ပြဌာန်းချက်တွေကို ထပ်ခါထပ်ခါ ချိုးဖောက်ခဲ့တယ်လို့ ပြောပါတယ်။

ဒါကပဲ အီရန်ဘက်က အလားတူ ပြန်တုံ့ပြန်အောင် တွန်းအားပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

“အနိုင်ကျင့်လို့ ရတဲ့ ခေတ် ၊ အကျပ်ကိုင်လို့ ရတဲ့ ခေတ်က ကုန်သွားပြီ။ အဲလို လုပ်လို့ ဘာမှ အကျိုးမရှိဘူး။ ကျွန်တော်တို့ အလျှော့မပေးဘူး” လို့ ကာလီဘတ်က X လူမှုကွန်ရက်စာမျက်နှာပေါ် ရေးခဲ့ပါတယ်။

ထပ်ဆော်မယ်လို့ ပြောတဲ့ ထရမ့်

မီးပြန်တောက်လာတဲ့ ဒီပဋိပက္ခဟာ ဘယ်သူ့အတွက်မှလည်း အကျိုးမရှိဘူးလို့ အပစ်အခတ်ရပ်စဲရေးရအောင် ကြားဝင်ကူညီစေ့စပ်ပေးခဲ့တဲ့ ပါကစ္စတန်က ဆိုပါတယ်။ အမေရိကန်နဲ့ အီရန်နှစ်ဘက်စလုံးအနေနဲ့ မိမိတို့ရဲ့ ကတိကဝတ်တွေကို လိုက်နာထိန်းသိမ်းကြဖို့ ပါကစ္စတန်က တိုက်တွန်းပါတယ်။

“ဒေသတွင်းမှာ ငြိမ်းချမ်းရေးရဖို့ဆိုတဲ့ တူညီတဲ့ ပန်းတိုင်ကို ရောက်ဖို့အတွက် ရှေ့ဆက်ထိတွေ့ညှိနှိုင်းသွားတာ ၊ ဒိုင်ယာလော့နဲ့ သံတမန်ရေးကလွဲလို့ အခြားနည်းလမ်း မရှိပါဘူး”လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ကြေညာချက်တစ်ခုမှာ ပြောပါတယ်။

ဒါပေမဲ့လည်း ထရမ့်ကတော့ တီဟီရန်ရဲ့ ခေါင်းဆောင်တွေကို အလေးမထားလောက်စရာဆိုတာမျိုး လုပ်ခဲ့ပါတယ်။

တီဟီရန်ရဲ့ ခေါင်းဆောင်တွေကို ‘အောက်တန်းစားတွေ’ ၊ ‘စိတ်မမှန်တဲ့ လူတွေ’ လို့ ထရမ့်က ခေါ်ဝေါ်ခဲ့ပါတယ်။

အီရန်ရဲ့ ခေါင်းဆောင်မှုဟာ ‘အင်မတန် ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း ရှိ’ပြီး ‘ထိတွေ့ဆက်ဆံလို့ ကောင်းတယ်’ လို့ ပြီးခဲ့တဲ့လကတင်ပဲ ထရမ့်က ပြောခဲ့ပါတယ်။ အီရန်ရဲ့ ခေါင်းဆောင်တွေဟာ ‘ထက်မြက်တဲ့ လူတွေပဲ”လို့လည်း ထရမ့်က ပြောခဲ့ပါသေးတယ်။

တီဟီရန်နဲ့ ကနဦးသဘောတူညီချက်တစ်ခုရဖို့ အမေရိကန်ဘက်က အားထုတ်ကြိုးပမ်းမှုတွေကို ဦးဆောင်ခဲ့သူ အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန်းစ်က ဗုဒ္ဓဟူးနေ့က မစ်ဝေါကီက ပွဲတစ်ပွဲမှာ ပြောသွားခဲ့တာက အီရန်ဟာ ရက်သတ္တပတ် တစ်ပတ်လောက်အထိ ကောင်းကောင်းမွန်မွန် ပြုမူပြောဆိုခဲ့တယ်’ ဆိုတာပါပဲ။

နောက်ပိုင်းမှာတော့ အီရန်ဟာ ဟော်မုဇ်ရေလက်ကြားကို တိုက်ခိုက်မှုတွေ စတင်ခဲ့တယ်လို့ ဂျေဒီဗန်းစ်က ဖြည့်စွက်ပြောပါတယ်။

“သူတို့ (အီရန်)ဘက်က သင်္ဘောတွေကို ပစ်လာရင် ကျွန်တော်တို့ကလည်း သူတို့ကို အပြတ်ဆော်သွားမယ်”လို့ သူ ပြောခဲ့ပါတယ်။

ဒါက နောက်ထပ်ဆွေးနွေးညှိနှိုင်းရေး ဗျူဟာတစ်ခုလား

ဧပြီလမှာ ရရှိခဲ့တဲ့ အမေရိကန်နဲ့ အီရန်ရဲ့ ပထမဆုံး နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး မတိုင်ခင်တုန်းက ထရမ့်ဟာ ခြိမ်းခြောက်ပြောဆိုတာတွေကို အရှိန်မြင့်လုပ်ဆောင်နေခဲ့ပါတယ်။ အီရန်တံတားတွေ ၊ လမ်းတွေနဲ့ ဓာတ်အားစက်ရုံတွေကို အမေရိကန်တပ်ဖွဲ့တွေက ဗုံးကြဲမယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။

“လူ့အဖွဲ့အစည်းတစ်ခုလုံး ဒီည သေရမယ်။ ဘယ်တော့မှ အသက်ပြန်ရှင်မလာနိုင်အောင် သေရမယ်” လို့တောင် ထရမ့်က အွန်လိုင်းပေါ် တင်လိုက်ပါသေးတယ်။

ပြီးခဲ့တဲ့လမှာ စစ်ပွဲအဆုံးသတ်ဖို့ ရက် ၆၀ ယာယီသဘောတူညီချက် မရခင်တုန်းကလည်း ထရမ့်က ဆိုးဆိုးရွားရွား ခြိမ်းခြောက်မှုတွေကို ထပ်ခါတလဲလဲ လုပ်နေခဲ့ပါသေးတယ်။

အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးညှိနှိုင်းဖို့အတွက် နည်းလမ်းတွေ ရှာရတာကို ထရမ့်က သဘောကျပါတယ်။ ထရမ့်ဟာ တိုက်ခိုက်မှုအသစ်တွေ လုပ်ပြီး အသာစီးနေရာရဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေး ပြီးဆုံးသွားပြီဆိုတာကို ပြတ်ပြတ်သားသား ပြောလိုက်တာက အီရန်ကို စစ်ရေးအရ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးလိုက်သလို ဖြစ်သွားနိုင်ပါတယ်။ ဒါက ရေနံစျေးနှုန်းတွေနဲ့ ဘဏ္ဍာရေးစျေးကွက်တွေကို ထပ်ပြီး ကမောက်ကမ ဖြစ်သွားစေနိုင်တယ်။

International Crisis Group ရဲ့ အီရန်နိုင်ငံဆိုင်ရာ ဒါရိုက်တာအလီဗာ့ဇ်ကတော့ အခုအချိန်မှာ အမေရိကန်အတွက် ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုတွေ ရိုက်ခတ်မှုတွေ ရှိနေတာကြောင့် ထရမ့်က အီရန်အပေါ် ခြိမ်းခြောက်မှုတွေကို ပိုပြီး အရှိန်မြှင့်လာတာဟာ ဒီတစ်ခေါက်မှာတော့ ပိုပြီး စိုးရိမ်စရာကောင်းတဲ့ ၊ ပိုပြီး အန္တရာယ်များတဲ့ မဟာဗျူဟာ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

“အဲဒါက သံတမန်ရေးတံခါးကို မပိတ်သေးဘဲနဲ့ စစ်ရေးအပူကို အရှိန်မြှင့်တင်ဖို့ ကြိုးပမ်းမှုတစ်ခုနဲ့ သေချာပေါက်တူပါတယ်။ ဒါပေမဲ့ နိုင်ထက်စီးနင်း အလျှော့အတင်းလုပ်တာဟာ အန္တရာယ်များတဲ့ ကစားပွဲတစ်ခုပါ။ တချိန်ချိန်မှာတော့ ဖိအားပေးတဲ့ စစ်ဆင်ရေးတစ်ခုဟာ သူ့ကိုယ်ပိုင် အရှိန်ရလာနိုင်ပါတယ်။ ပြီးတော့ စစ်ပွဲကြီးအထိပါ ဖြစ်သွားနိုင်ပါတယ်” ဟု ဗာ့ဇ်က ဆိုပါတယ်။

အီရန်အနေနဲ့ စားပွဲဝိုင်းဆီ ပြန်သွားဖို့ အကြောင်းပြချက်တွေ ရှိနေတုန်းပဲလို့ သူက ထပ်ဖြည့်ပြောပါတယ်။ အကြောင်းက အီရန်ဟာ ကြားကာလ သဘောတူညီချက်အရ အမေရိကန်က ကတိပေးထားတဲ့ စီးပွားရေးအထောက်အပံ့ကို အသည်းအသန် လိုအပ်နေလို့ပဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အခုလက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ ထရမ့်ဘက်က အဓိပ္ပါယ်ရောထွေးနေတဲ့ သတင်းစကားတွေ ပေးထားပါတယ်။ “အမေရိကန် ပြည်သူတွေအတွက် စက်သုံးဆီဈေး မြင့်တက်လာတာဟာ အီရန်အရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ တွက်ချက်မှုတွေထဲမှာ ထည့်မစဉ်းစားထားတဲ့ အချက်ဖြစ်တယ်လို့ ထရမ့်က တောက်လျှောက် အခိုင်အမာ ပြောလာခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ထရမ့်က အီရန်နဲ့ ယာယီအပစ်ရပ်သဘောတူညီချက်ကို သူ လက်ခံခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ချက်ဟာ ‘စီးပွားရေး ကပ်ဘေးဆိုးကြီး’ ကနေ ရှောင်လွှဲနိုင်ဖို့အတွက် ဖြစ်တယ်လို့ တခါပြန်ပြောပြန်ပါတယ်။

အီရန်ရဲ့ သဘောတူညီချက် ရပြီးတဲ့နောက်ပိုင်းမှာတော့ ထရမ့်က ရေနံဈေးနှုန်းတွေ ပြန်ကျသွားတာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ထရမ့်ရဲ့ နိုင်ငံရေးတွက်ချက်မှုတွေကို မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲတွေကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေနိုင်ပါတယ်။

ထရမ့်ဟာ အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေနဲ့ ရေချိုချက်စက်ရုံတွေ အပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်မယ့်အပြင်၊ ရေနံထုတ်လုပ်မှုရဲ့ အဓိကဗဟိုချက်ဖြစ်တဲ့ ခါ့ဂ်ကျွန်း ကို သိမ်းပိုက်မယ်ဆိုတဲ့ အရင်ခြိမ်းခြောက်မှုတွေကိုပါ တကျော့ပြန် ထပ်လုပ်လာခဲ့ပါတယ်။

“ကျွန်တော်တို့ ခါ့ဂ်ကျွန်းကို သိမ်းပိုက်ကောင်း သိမ်းပိုက်နိုင်တယ် ၊ သူတို့ဘက်က ဘာမှ ပြန်လုပ်နိုင်မှာ မဟုတ်ဘူး”လို့ ထရမ့်က ပြောခဲ့ပါတယ်။

ဒါပေမဲ့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကို ဆက်ပြီး ထိန်းချုပ်ထားနိုင်ဖို့ ရီပတ်ဘလင်ကန်တွေ မျှော်လင့်ထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့အချိန်ဟာ အခုဆိုရင် လေးလတောင် မပြည့်တော့ပါဘူး။စစ်ပွဲနဲ့ ပတ်သက်လို့ မရေရာမှုတွေ ပိုများလာတဲ့ကြားက ရေနံဈေးတွေ ပြန်တက်လာတာကြောင့် အမေရိကန်ပြည်သူတွေအနေနဲ့ ဆီဆိုင်တွေမှာ ဆီဈေးတွေ ထပ်မြင့်လာတာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

သမ္မတထရမ့်ကတော့ ဒီလို စိုးရိမ်ပူပန်မှုတွေကို လျှော့ချဖို့ ကြိုးစားခဲ့ပါတယ်။

ကျွန်တော်တို့ သူတို့ကို တိုက်ခိုက်လိုက်တိုင်း ဈေးက နည်းနည်းပဲ တက်တာပါ၊ ၂ ဒေါ်လာလောက်ပဲပေါ့” လို့ ထရမ့်က ပြောပါတယ်။

လက်တွေ့မှာတော့ အမေရိကန်ရဲ့ ရေနံကြိုပွိုင့်ဈေးကွက်ဟာ အများကြီး ထိုးတက်သွားခဲ့ပြီး ဆက်ပြီးတော့လည်း တက်နေနိုင်ပါသေးတယ်။ “ရေနံဈေး တက်ရင် ကျန်တဲ့ အရာအားလုံးလည်း ဈေးတက်တာပဲ” လို့ ထရမ့်ကိုယ်တိုင်က ဝန်ခံထားသလိုပါပဲ။

“ကျွန်တော်တို့ အီရန်ကို တိုက်ခိုက်ရင် ရေနံဈေး နည်းနည်း တက်လာလိမ့်မယ်” လို့ ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ အီရန်လက်ထဲမှာ အဏုမြူလက်နက်မပိုင်ဆိုင်သွားအောင် တားဆီးဖို့အတွက်ဆိုရင် ရေနံဈေးတက်တာက တန်တယ်လို့ ထရမ့်က ပြောပါတယ်။

သူ ပြောတာကတော့ “ဘာမှမဖြစ်ပါဘူး” ဆိုတာပါပဲ။

လုချိုင်း

( Associated Press က ဇူလိုင်လ ၉ ရက်နေ့တွင် ဖော်ပြထားသည့် New attacks raise questions about what comes next in the Iran war ဆောင်းပါးကို ဘာသာပြန်သည်)