ရှည်မျောမျော လှေဦးထိပ်တွင်ထိုင်ရင်း ပိုက်ကွန်ထဲမှ လက်တစ်ဆုပ်စာ ငါးသေးငါးနုတ်များကို ဖြုတ်ယူနေသူကား အသက် ၇၅ နှစ်အရွယ် သုကျိုင်ယာနာ။ ရလာသည့်ငါးများကို ရောင်းလို့မှ ရပါ့မလားဆိုပြီးလည်း မကျေမနပ်နှင့် တဖျစ်တောက်တောက် ညည်းလိုက်သေးသည်။
အချို့ရက်များတွင် ယာနာမှာ ဘာမျှမရ။ အထက်ပိုင်းရှိ မြေရှားသတ္တုတွင်းများမှ ထွက်လာသည့် အဆိပ်သင့်စွန့်ပစ်ရေများကြောင့် မဲခေါင်မြစ်နှင့် ၎င်း၏မြစ်လက်တက်များ ညစ်ညမ်းနေမှုအပေါ် စိုးရိမ်လာကြရာ ငါးဝယ်လိုအားမှာလည်း ကျဆင်းကုန်သည်။ ဤအခြေအနေသည် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းအတွက် ထိုရေပြင်ကို အမှီပြုနေရသည့် သန်းနှင့်ချီသော လူဦးရေကို ခြိမ်းခြောက်နေပြီဖြစ်သည်။
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ငါးဖမ်းလုပ်ငန်း အချက်အချာ ချင်းဆန်းဒေသ၌ ယာနာတို့ မိသားစု အခြေချလာသည်မှာ ဆယ်စုနှစ်များစွာ တိုင်ခဲ့ပြီ။
“တခြား ဘယ်ကိုသွားရမှန်းလဲ မသိပါဘူးကွာ” ဟု သူက ဆိုသည်။
ယာနာသည် မိုင်ပေါင်း သုံးထောင်ကျော် ရှည်လျားသော မဲခေါင်မြစ်ကို မှီခိုနေရသည့် အရှေ့တောင်အာရှ ကုန်းတွင်းပိုင်းရှိ လူဦးရေ သန်း ၇၀ ထဲမှ တစ်ဦးဖြစ်သည်။ မြေရှားသတ္တုပစ္စည်းများအပေါ် ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် အနောက်ဘက်ရှိ စစ်ဒဏ်ခံနေရသော မြန်မာနိုင်ငံကို ဗဟိုပြုကာ စည်းကမ်းမဲ့ သတ္တုတူးဖော်မှုများ အားကောင်းနေသည်။ ထိုမှတစ်ဆင့် အရှေ့ဘက်ရှိ လာအိုနိုင်ငံသို့ပါ ကူးစက်ပျံ့နှံနေပြီဖြစ်သည်။
မဲခေါင်မြစ်သည် ပလတ်စတစ်ညစ်ညမ်းမှုမှသည် အထက်ပိုင်းတွင် ပိတ်ဆို့ထားသည့် ရေအားလျှပ်စစ်ဆည်များ၊ မြစ်ကမ်းပါးများကို ဝါးမြိုနေသည့် သဲစုပ်ယူမှုများအထိ ဖိအားမျိုးစုံနှင့် ရင်ဆိုင်နေရသည်မှာ ကြာပြီဖြစ်သည်။ သို့သော် သတ္တုတွင်းများမှ ထွက်လာသည့် အဆိပ်သင့် စွန့်ပစ်ရေများသည်ကား ထိုဖိအားများနှင့်မတူ။ ဤမြစ် ရှင်သန်ရပ်တည်ရေးအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။
အာဆင်းနစ်၊ ပြဒါး၊ ခဲနှင့် ကဒ်မီယမ် ကဲ့သို့သော အပြင်းစား သတ္တုဓာတ်များနှင့် ထိတွေ့မိခြင်းသည် ကင်ဆာရောဂါ အန္တရာယ်၊ ကိုယ်တွင်းအင်္ဂါ ပျက်စီးခြင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ ထိခိုက်မှု အန္တရာယ်များကို မြင့်တက်စေသည်။ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို အထူးဒုက္ခ ဖြစ်စေနိုင်သည်။
တဟုန်ထိုး အားကောင်းလာသည့် ဤသတ္တုတူးဖော်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည်မှာ ထိုင်းနိုင်ငံ ဖြစ်သည်။ အမေရိကန် စူပါမားကတ်များရှိ ဆန်အိတ်များမှသည် ဂျပန်နိုင်ငံရှိ ပဲပုပ်စိမ်း သရေစာများနှင့် မလေးရှား မီးဖိုချောင်များတွင် သုံးသည့် ကြက်သွန်ဖြူများအထိ ကျယ်ပြန့်သည့် ထိုင်းနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ အစားအစာ တင်ပို့မှုများကို အဆိုပါ အဆိပ်အတောက်များက အန္တရာယ်ပြုနေသောကြောင့် ဖြစ်သည်။ လတ်တလော တုံ့ပြန်မှုများမှာ ဒေသတွင်း၌ အကန့်အသတ်ဖြင့်သာ ရှိနေဆဲ ဆိုသော်လည်း မှောင်ခိုကူးမှုများနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်က ဒေသတွင်း ဖြေရှင်းမှုများကို ရှုပ်ထွေးစေပြီး မြစ်အောက်ပိုင်းရှိ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့အတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်စေသည်။
စိုက်ပျိုးရေးသည် အရှေ့တောင်အာရှ စီးပွားရေး၏ ပင်မကျောရိုးဖြစ်ကြောင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ရှိ မယ်ဖလူးဝန်း တက္ကသိုလ် (Mae Fah Luang University) မှ စုစကွန် ကစ်နူကွန်က ဆိုသည်။ မြေရှားသတ္တုတွင်းများသည် “ကမ္ဘာ့မီးဖိုချောင်”ကို ဖျက်ဆီးနေခြင်း ဖြစ်ကြောင်းလည်း သူက သတိပေးသည်။
အဆိပ်သင့်စွန့်ပစ်ရေများ ထိုင်းနိုင်ငံသို့ စီးဝင်ခြင်း
ထိုင်းနိုင်ငံ၏ တောင်ကုန်းထူထပ်သော သာတွန် (Tha Ton) ကျေးရွာရှိ စိုက်ခင်းတစ်ခုတွင် အသက် ၆၃ နှစ်အရွယ် လာဘွန်ရွန်း တစ်ယောက် ငှက်ပျောခိုင်များ ဖြတ်တောက်နေသည်။ တစ်လက်စတည်း သူရိတ်သိမ်းနေသည့် အဆိပ်အတောက် ထိတွေ့ထားသော သီးနှံများဖြစ်သည့် ဆန်၊ ကြက်သွန်ဖြူ၊ ပြောင်းဖူး၊ ကြက်သွန်နီ၊ သရက်သီးနှင့် ငှက်ပျောသီးများကိုပါ လက်ညှိုးညွန်ပြသည်။
သူ၏စိုက်ခင်းများအတွက် ရေကို ကောက်မြစ် (Kok River) မှ သွင်းယူသည်။ ဤမြစ်သည် မြန်မာနိုင်ငံမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ စီးဝင်ပြီး အဆိပ်အတောက်များ ပြည့်နှက်နေသည့် မဲခေါင်မြစ်လက်တက်တစ်ခု ဖြစ်သည်။
“လူတိုင်းက အဆိပ်အတောက်တွေကို ကြောက်ကြတယ်” ဟု သူက ပြောသည်။
“ပြည်ပကို မတင်ပို့နိုင်ရင် ပထမဆုံး သေမှာက လယ်သမားတွေပဲ” ဟု လာဘွန်ရွန်းကဆိုသည်။
ထိုင်းနိုင်ငံသည် အိန္ဒိယ၊ ဗီယက်နမ်တို့နှင့်အတူ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သည့် နိုင်ငံတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ဖိုး ဆန်နှင့် သစ်သီးဝလံများကို တင်ပို့ခဲ့ပြီး အမေရိကန်သည် ထိုင်းဆန်အများဆုံး တင်သွင်းသည့် နိုင်ငံဖြစ်ကြောင်း ကုန်သွယ်မှု ကိန်းဂဏန်းများအရ သိရသည်။
“ကျွန်တော်တို့ စိုးရိမ်တာက ကျွန်တော်တို့ တင်ပို့တဲ့ ဆန်ထဲမှာ အဆိပ်အတောက်တွေ အပြုံလိုက် ပါနေမှာကိုပဲ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုဖြစ်တဲ့ ဆန်စိုက်ပျိုးရေး လုပ်ငန်းတစ်ခုလုံး ပြိုလဲသွားနိုင်တယ်” ဟု ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းခေါင် (Chiang Khong) ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သော မဲခေါင်ကျောင်း (The Mekong School) ကို တည်ထောင်သူ နီဝပ်ရွိုင်ကဲက ပြောသည်။
စိုင်မြစ် (Sai River) နှင့် ရုအက်မြစ် (Ruak River) ကဲ့သို့သော အခြားမဲခေါင်မြစ်လက်တက်များ တွင်လည်း အပြင်းစား သတ္တုညစ်ညမ်းမှု မြင့်မားနေသည်ကို ထိုင်းသိပ္ပံပညာရှင်များ စစ်ဆေးတွေ့ရှိထားသည်။
မဲခေါင်မြစ်သည် တရုတ်နိုင်ငံ၌ မြစ်ဖျားခံပြီး အရှေ့တောင်အာရှ ငါးနိုင်ငံကို ဖြတ်သန်းကာ ပင်လယ်ထဲသို့ စီးဝင်သည်။ မဲခေါင်မြစ်ဝှမ်းမှ ငါးများကို မှီခိုနေရသူ အရေအတွက်မှာ သန်းနှင့်ချီ ရှိသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း တောင်ကုန်းများပေါ်ရှိ တိုင်းရင်းသားလူနည်းစုများအား မြစ်ရေကို မသုံးစွဲရန် သတိပေးချက်များသည် ငါးဖမ်းသမားများအဖြစ် ကျော်ကြားသော လားဟူလူမျိုးများအတွက် နာကျင်စရာဖြစ်ကြောင်း လားဟူ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ စီလာလီပိုက ပြောသည်။
“လားဟူတွေရဲ့ လူနေမှုဘဝက မြစ်နဲ့ အမြဲတမ်း ဒွန်တွဲနေတာလေ။ မြစ်ရေ ညစ်နွမ်းတယ် ဆိုတာ ကျွန်တော်တို့ရဲ့ အသက်သွေးကြော ဖြတ်တောက်ခံရတာပါပဲ” ဟု အသက် ၅၆ နှစ်အရွယ် စီလာလီပိုက ဆိုသည်။
အကန့်အသတ်ရှိသော ဒေသန္တရ ဖြေရှင်းချက်များ
အကျပ်အတည်းကြုံနေသော အိမ်နီးချင်း မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့ရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများကို အရေးယူနိုင်စွမ်း မိမိတို့တွင် အနည်းငယ်သာ ရှိကြောင်း ထိုင်းအစိုးရက ပြောသည်။ ကျွမ်းကျင်မှုလိုအပ်ချက်၊ သတင်းအချက်အလက်နှင့် ရန်ပုံငွေ အကန့်အသတ်တို့ကြောင့်လည်း ထိုင်းနိုင်ငံ၏ တုံ့ပြန်ဆောင်ရွက်မှုများသည် ခရီးမပေါက် ဖြစ်နေရကြောင်း ထိုင်းနိုင်ငံ ပတ်ဝန်းကျင် ညစ်ညမ်းမှု ထိန်းချုပ်ရေးဦးစီးဌာနမှ အဝီရာပတ်ကာမတ်က ပြောကြားသည်။
အစိုးရတက္ကသိုလ်များ၊ ဒေသန္တရအစိုးရများနှင့် မဲခေါင်မြစ်ကော်မရှင် ကဲ့သို့သော ဒေသတွင်း အဖွဲ့အစည်းများသည်လည်း အပြင်းစားသတ္တုဓာတ် ပမာဏကို စောင့်ကြည့်စစ်ဆေးခြင်းနှင့် ၎င်းတို့၏ အန္တရာယ်ကို လူထုအား ပညာပေးခြင်းတို့ကိုသာ အဓိက အာရုံစိုက် လုပ်ဆောင်နေကြသည်။
မဲခေါင်မြစ်လက်တက်များမှ မကြာသေးမီက ကောက်ယူခဲ့သော ရေ၊ ငါးနှင့် အနယ်အနှစ် နမူနာများတွင် မြေရှားသတ္တုတူးဖော်မှုကြောင့် ဖြစ်ပေါ်လာသည့် အာဆင်းနစ်၊ ပြဒါး၊ ခဲနှင့် ကဒ်မီယမ် ကဲ့သို့ အန္တရာယ်ရှိသည့် အပြင်းစားသတ္တုဓာတ်များ မြင့်မားစွာ ပါဝင်နေကြောင်း ထိုင်းနိုင်ငံ နာရေစွမ် တက္ကသိုလ် (Naresuan University) မှ သုတေသီ ဝရာကွန်မနီချူးကတ်က ပြောသည်။
အပြင်းစားသတ္တုဓာတ်များ စုပုံလာခြင်းသည် မသိမသာနှင့် အန္တရာယ်ကြီးသည်။ အာဆင်းနစ်သည် ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေနိုင်သည်။ ပြဒါးသည် အာရုံကြောစနစ်ကို ထိခိုက်စေသည်။ ခဲသည် သိမှုစွမ်းရည်ကို ချို့ယွင်းစေပြီး ကဒ်မီယမ်ဆိုလျှင် ကျောက်ကပ်ကို ထိခိုက်စေသည်။
ကျန်းမာရေးအန္တရာယ်များကို သတိပြုမိစေရန်အတွက် နာရေစွမ်တက္ကသိုလ်မှ တန်နဖွန်ဖန်ရတ်သည် ငါးဘေးကင်းလုံခြုံရေး အက်ပလီကေးရှင်း တစ်ခုကို စီစဉ်ပေးထားသည်။ သံသယဖြစ်ဖွယ် ငါးပုံရိပ်များကို ခွဲခြားသတ်မှတ်ကာ အက်ပ်ပေါ်သို့ တင်နိုင်ရန်လည်း ချင်းဆန်းရှိ ငါးဖမ်းသမားများအား သင်တန်းပေးထားသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းအတွက် ပြည်သူ့သိပ္ပံ အချက်အလက်အခြေခံ ဒေတာဘေ့စ်တစ်ခု တည်ဆောက်ခြင်းက ညစ်ညမ်းမှုအဆင့်ကို စိစစ်ရန်နှင့် ပျံ့နှံ့မှုကို တိုင်းတာရန် ကူညီပေးနိုင်ကြောင်း သူက ပြောသည်။
“နမူနာ တစ်ခုချင်းစီတိုင်းက သိပ်အရေးကြီးပါတယ်” ဟု သူက ဆိုသည်။
မြေရှားသတ္တု ဝယ်လိုအား မြင့်တက်လာခြင်း
မြေရှားသတ္တုဒြပ်စင်များ၏ ဘက်စုံ အသုံးဝင်မှုကြောင့်လည်း ဝယ်လိုအားမှာ တောက်လျှောက် မြင့်တက်လျက်ရှိသည်။
စမတ်ဖုန်းများနှင့် လျှပ်စစ်ကားများမှသည် ဒုံးကျည်များနှင့် ဂျက်လေယာဉ်များအထိ ခေတ်မီနည်းပညာများ အတွက် မြေရှားသတ္တုကို မရှိမဖြစ် လိုအပ်သည်။ မြေရှားသတ္တုဟု ခေါ်ဝေါ်သော်လည်း အလွန်အမင်း ရှားပါးနေခြင်းမျိုးတော့ မဟုတ်ပေ။ ကုန်ကျစရိတ်ကြီးမားသော တူးဖော်မှုနှင့် ရှုပ်ထွေးသော သန့်စင်မှုလုပ်ငန်းစဉ်များ ပါဝင်သည့်အပြင် ၎င်းလုပ်ငန်းစဉ်များကိုလည်း တရုတ်နိုင်ငံတွင်သာ အဓိက လုပ်ကိုင်ကြခြင်း ဖြစ်သည့်အတွက် ရှားပါးပစ္စည်း ဖြစ်နေရခြင်း ဖြစ်သည်။
အမေရိကန်အခြေစိုက် စတင်ဆန် စင်တာသည် လာအို၊ မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ မဲခေါင်မြစ်လက်တက်များတလျှောက် မြေရှားအပါအဝင် အခြားသတ္တုများပါ စည်းကမ်းမဲ့ တူးဖော်နေသည်ဟု ယူဆရသော နေရာပေါင်း ၈၀၀ နီးပါးကို ဂြိုဟ်တုဓာတ်ပုံများကို လေ့လာဆန်းစစ်၍ ရှာဖွေဖော်ထုတ်ထားသည်။
မြန်မာနိုင်ငံ၌ မြေရှားတူးဖော်ရာ နေရာအများစုမှာ တိုက်ပွဲများ ပြင်းထန်နေသည့် ဒေသများတွင် ရှိသည်။ စစ်ပွဲကြောင့် သတ္တုတွင်းများသည် နေရာမျိုးစုံ၌ ပုံစံမျိုးစုံဖြင့် ပေါ်ထွက်လာခဲ့ကြောင်း စတင်ဆန်စင်တာမှ ရေဂင်ကွမ်က ပြောကြားသည်။ ရေဂင်ကွမ်သည် လာအိုနိုင်ငံရှိ မြစ်များတလျှောက်တွင် သတ္တုတူးဖော်မှု ၂၆ နေရာအထိ တိုးချဲ့လာခြင်းကိုလည်း ခြေရာခံ ဖော်ထုတ်ထားသည်။
မြေရှားသတ္တုများကို ကျောက်တုံးများကို တူးဖော်ခြင်း သို့မဟုတ် မြေဆီလွှာကို ဓာတုပစ္စည်းများဖြင့် ဆေးကြောခြင်းဖြင့် တူးဖော်ကြပြီး ဤလုပ်ရပ်က အဆိပ်သင့်စွန့်ပစ်ပစ္စည်းများကို ဖြစ်ပေါ်စေခြင်း ဖြစ်သည်။ ဤလုပ်ငန်းစဉ် ပုံရိပ်များကို ဂြိုဟ်တုအချက်အလက်များတွင် ထင်ရှားစွာ တွေ့မြင်နိုင်သည်ဟု ရေဂင်ကွမ်က ပြောသည်။
မြန်မာသည် တရုတ်သို့ မြေရှားသတ္တု အဓိက တင်ပို့သည့်နိုင်ငံ ဖြစ်သည်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံကျော်ဖိုး တင်ပို့ခဲ့ပြီး ထိုအထဲမှ အများစုမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် တင်ပို့ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သူ့နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သော မြေရှားအပါအဝင် အခြားသတ္တုများ ရရှိရေးကို အဓိက နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်တစ်ခုအဖြစ် သတ်မှတ်ထားသည်။ မြေရှားကို F-35 ကဲ့သို့သော တိုက်လေယာဉ်များ၊ ရေငုပ်သင်္ဘောများ၊ တိုမာဟော့ခ် ဒုံးကျည်များ၊ ရေဒါစနစ်များနှင့် စမတ်ဗုံးများတွင် အသုံးပြုရသည် ဖြစ်ရာ အီရန်နှင့် ယူကရိန်းစစ်ပွဲများကြောင့် လျော့နည်းသွားသည့် စစ်လက်နက် သိုလှောင်မှုများကို ပြန်လည်ဖြည့်တင်းရန်သာမက နောက်ထပ် ထောက်ပံ့မှုများအတွက်ပါ လိုအပ်ချက်မှာ ပိုမိုကြီးထွားလာနေသည်။
ဤသည်က အရှေ့တောင်အာရှ၏ ကုန်းတွင်းပိုင်းကို ထောက်ပံ့ပေးနေသည့် မဲခေါင်မြစ်ကြီးအတွက် သတင်းဆိုးပင် ဖြစ်သည်။
ဗီယက်နမ်စစ်ပွဲနှင့် ခမာနီ လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် ပြီးခဲ့သည့် ရာစုနှစ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် မဲခေါင်ဒေသကို ပျက်စီးဆုံးရှုံးမှု ကြီးမားစေခဲ့သည်။ သို့သော်လည်း ၎င်းတို့နောက်မှ ကပ်လိုက်လာသည်မှာ အဆိပ်သင့်စွန့်ပစ်ရေ စီးဆင်းမှုဖြစ်သည်ဟု စတင်ဆန်စင်တာမှ ဘရိုင်ယန်အိုင်လာက ပြောကြားသည်။ ဤပြဿနာသည် မဲခေါင် မြစ်ဝှမ်းဒေသအတွက် အက်တမ်ဗုံး တစ်လုံးဟု သူက သမုတ်သည်။ စွန့်ပစ်ညစ်ညမ်းရေ အရေးသည် ဧရာမဆည်ကြီးများထက်ပင် ပိုဆိုးပြီး မရပ်မနား တောက်လျှောက် ဒုက္ခသည်ပေးနေခြင်းဟုလည်း သူဆိုသည်။
အမရာ ဘာသာပြန်ဆိုသည်
ရည်ညွှန်း – Rare earth mining is poisoning Mekong River tributaries, threatening ‘the world’s kitchen’, AP






