၁၉၇၆ ခုနှစ်မှာ စတင်တွေ့ရှိပြီးနောက် ဆယ်စုနှစ်များစွာ ကြာတဲ့အထိ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုတွေဟာ အတော်လေး သေးငယ်ပြီး ထိန်းချုပ်လို့ရတဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ အလွန်ဆုံးဖြစ်လှ လူရာဂဏန်းအနည်းငယ်လောက်ပဲ ကူးစက်ခံရတာမျိုးပါ။ အခုတော့ ဒီလို မဟုတ်တော့ပါဘူး။
မကြာသေးခင် နှစ်တွေအတွင်းမှာ အီဘိုလာရောဂါကူးစက်ပျံ့နှံ့မှုဟာ အဆများစွာ ပိုကြီးမားလာခဲ့ပါတယ်။ နိုင်ငံအတော်များများက လူပေါင်းထောင်ချီသောင်းချီကိုပါ ထိခိုက်သက်ရောက် လာစေခဲ့ပါတယ်။ အနောက်အာဖရိကရဲ့ ၂၀၁၄ ခုနှစ် အီဘိုလာရောဂါကူးစက်ပျံ့နှံ့မှုဟာ ကမ္ဘာ့တိုက်ကြီး ၃ တိုက်က နိုင်ငံ ၁၀ နိုင်ငံရဲ့ လူဦးရေ ၂၈,၀၀၀ ကျော်ကို ကူးစက်စေခဲ့ပါတယ်။
လက်ရှိဖြစ်ပွားဆဲ အီဘိုလာရောဂါကူးစက်ပြန့်ပွားမှုဟာ အခုနှစ် မေလအစောပိုင်းမှာ စတင်ခဲ့ပြီး အရှိန်လျော့မယ့် လက္ခဏာမပြသေးပါဘူး။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ရောဂါပိုးတွေ့အတည်ပြုလူနာ ၃၆၃ ယောက်အထိ ရှိခဲ့သလို ယူဂန်ဒါနိုင်ငံထဲကိုပါ ကူးစက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီလို ဖြစ်လာရတာနဲ့ ပတ်သက်လို့ ပုံမှန်အားဖြင့် ရှင်းပြလေ့ရှိကြတာကတော့ ရောဂါပိုးကူးစက်ပျံ့နှံ့နိုင်တဲ့လူဦးရေ ပိုများပြားလာပြီး အဲဒီလူအချင်းချင်းကြား အပြန်အလှန် ဆက်သွယ်မှု ပိုများလာလို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီထက်ပို အခြေခံကျတဲ့ တွန်းအားတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ အီဘိုလာဗိုင်းရပ်စ်ရဲ့ အရင်းခံဂေဟစနစ် ပြန်လည်ဖန်တီးပြုပြင်ခံလာရပြီး အသွင်ပြောင်းလဲလာမှုပါပဲ။ ဒီလို ဖြစ်ရတဲ့ အကြောင်းရင်း တစိတ်တပိုင်းကတော့ နည်းပညာမြင့်စီးပွားရေးလုပ်ငန်းတွေကို မောင်းနှင်ဖို့အတွက် သတ္တုတွင်းထွက်ပစ္စည်းတွေကို တစ်ကမ္ဘာလုံးက ဆာလောင်မှုမြင့်တက်လာတာပဲ ဖြစ်ပါတယ်။
အချိန်အများစုမှာတော့ အီဘိုလာလိုမျိုး ဗိုင်းရပ်စ်တွေဟာ သူတို့မှီခိုရှင်သန်ရာ တိရစ္ဆာန်ခန္ဓာကိုယ်တွေထဲမှာပဲ တိတ်တဆိတ်နေထိုင်လေ့ရှိကြပါတယ်။ လင်းနို့တွေလို့ လူအများ သိရှိနားလည်ထားကြတဲ့ အဲဒီလို တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်ထဲမှာပဲ တိတ်တဆိတ် နေထိုင်ရှင်သန်လေ့ ရှိကြပေမယ့် အဲဒီတိရစ္ဆာန်တွေကို အီဘိုလာလိုမျိုး ဗိုင်းရပ်စ်ပိုးတွေက အန္တရာယ်မပေးသလောက်ပါပဲ။ အန္တရာယ် လုံးဝကို မပေးဘူးလို့လည်း ဆိုနိုင်ပါတယ်။
ကမ္ဘာ့ဒုတိယအကြီးဆုံး မိုးသစ်တောရဲ့ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံလို နေရာမျိုးမှာ နေထိုင်တဲ့ ဗိုင်းရပ်စ်ပိုးသယ်ဆောင်သူ လင်းနို့တွေဟာ များသောအားဖြင့် လူသူဝေးလံတဲ့ ဒေသတွေက လူအနည်းငယ်ဆီပဲ ရောက်လေ့ရှိပါတယ်။
ဒါကြောင့်ပဲ ရောဂါကူးစက်မှု ဖြစ်ရင်တောင် အနည်းအကျဉ်းပဲဖြစ်ပြီး ချက်ချင်းပဲ ပြန်ငြိမ်သက်သွားလေ့ ရှိတယ်။ ဆိုခဲ့ပါ အီဘိုလာဗိုင်းရပ်စ်ပိုးရှိတဲ့ လင်းနို့တွေနဲ့ ခဏခဏ ထိတွေ့ဖန်များလာတဲ့အခါ အဲဒီလင်းနို့တွေရှိရာ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ လူတွေမှာ အီဘိုလာဗိုင်းရပ်စ်ကို ခုခံနိုင်စွမ်း အတိုင်းအတာတစ်ခုအထိ ရှိလာကြပါတယ်။
စစ်တမ်းတစ်ခုအရဆိုရင် ဂါဘွန်နိုင်ငံက သစ်တောထဲမှာ နေထိုင်ကြတဲ့ လူတွေရဲ့ ၂၀ ရာခိုင်နှုန်းနီးပါးမှာ အီဘိုလာဗိုင်းရပ်စ်ကို ခုခံနိုင်တဲ့ ကိုယ်ခံအားစနစ် ရှိနေကြပြီလို့ သိရပါတယ်။
ဒါပေမဲ့ လင်းနို့တွေနေတဲ့ သစ်ပင်တွေကို ခုတ်လှဲပစ်တာဟာ အီဘိုလာပိုး သယ်ဆောင်ထားတဲ့ တိရစ္ဆာန်တွေနဲ့ လူတွေကြားထဲက သိမ်မွေ့နုနယ်လှတဲ့ မျှခြေအခြေအနေကို ပျက်စီးသွားစေပါတယ်။
သစ်ပင်တွေမရှိတော့ရုံနဲ့ လင်းနို့တွေက ဒီအတိုင်း ပျောက်ကွယ်သွားကြတာ မဟုတ်ပါဘူး။ အဲဒီလင်းနို့တွေဟာ ကျန်နေသေးတဲ့ တောအုပ်အစအနလေးတွေထဲ တိုးဝှေ့ဝင်ရောက် နေထိုင်ကြရင်း လူသားတွေနဲ့ ပိုနီးနီးကပ်ကပ် ဖြစ်လာပါတယ်။
ဒါက ဗိုင်းရပ်စ်ပိုးတွေ ပြည့်နှက်နေတဲ့ အဲဒီလင်းနို့တွေရဲ့ သွေး၊ တံတွေး ၊ အညစ်အကြေးတွေနဲ့ လူတွေ ထိတွေ့မိဖို့ ကြုံကြိုက်နိုင်ခြေကို ပိုများလာစေပါတယ်။
ဒါကြောင့်ပဲ အာဖရိကအလယ်ပိုင်းမှာ သစ်တောပြုန်းတီးမှု ၁ ရာခိုင်နှုန်း တိုးလာတိုင်း ငှက်ဖျားနဲ့ အီဘိုလာဖြစ်ပွားနှုန်းက ၂၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ ထိုးတက်သွားတာကို ၂၀၂၅ ခုနှစ် လေ့လာဆန်းစစ်ချက်တစ်ခုက တွေ့ရှိထားတာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် အီဘိုလာ ကပ်ရောဂါ မဖြစ်ပွားခင်တုန်းကလည်း ရောဂါစတင်ကူးစက်ရာ ဂီနီနိုင်ငံ အနောက်တောင်ဘက်စွန်းမှာ သစ်တောဧရိယာ ၈၅ ရာခိုင်နှုန်းအထိ ပြုန်းတီးသွားခဲ့တာမျိုး တင်ကြိုဖြစ်ပွားခဲ့တာကလည်း ဒါကြောင့်ပါပဲ။ လက်ရှိဖြစ်ပွားနေတဲ့ ဘွန်ဒီဘူဂျိုအီဘိုလာ ရောဂါကူးစက်ပြန့်ပွားမှုကလည်း ဒီပုံစံအတိုင်းပါပဲ။
ဒီကူးစက်ပြန့်ပွားမှုမတိုင်ခင်မှာ ကွန်ဂိုမြစ်ဝှမ်းမိုးသစ်တော ဧရိယာ ဧက ၁ သန်းခွဲအထိ စံချိန်တင်ပြုန်းတီးသွားခဲ့တယ်ဆိုတာ Global Forest Watch ကနေ ခွဲခြမ်းစိတ်ဖြာလေ့လာထားတဲ့ ဂြိုဟ်တုအချက်အလက်တွေအရ သိရပါတယ်။
ကမ္ဘာကြီးရဲ့ သစ်တောတွေအပေါ် လူသားတွေရဲ့ ဖိအားက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ် ကျွေးမွေးရှင်သန်နိုင်ဖို့အတွက် စားနပ်ရိက္ခာစိုက်ပျိုးရေးနဲ့ လောင်စာအတွက် သစ်ပင်တွေကို ခုတ်လှဲလာခဲ့ကြတာ နှစ်ပေါင်း ထောင်ချီနေပါပြီ။
ဒါပေမဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ဖြစ်ရပ်မှာတော့ သစ်တောပြုန်းတီးရတဲ့ နောက်ထပ် တွန်းအားသစ်တစ်ခု ရှိနေပြန်ပါတယ်၊ အဲဒါကတော့ လူသားတွေ ရှင်သန်ရပ်တည်ရေးဆိုတာထက် ခေတ်သစ်ကမ္ဘာ့စီးပွားရေးရဲ့ ထူးခြားဆန်းပြားတဲ့ ဝယ်လိုအားတွေနဲ့ ပိုပြီး သက်ဆိုင်နေပါတယ်။
ဒီလိုသစ်တောပြုန်းတီးမှုတွေ ဖြစ်စေတဲ့ လက်သည်တရားခံလှုံ့ဆော်မှုတစ်ခုကတော့ ‘တစ်နိုင်တစ်ပိုင် သတ္တုတူးဖော်ခြင်း’လို့ ခေါ်တဲ့ လုပ်ငန်းတွေရဲ့ ဆွဲဆောင်အား ပိုကြီးလာတာပဲ ဖြစ်တယ်ဆိုတာကို နော်ဝေဇီဝသိပ္ပံတက္ကသိုလ်က ဘောဂဗေဒပညာရှင် မော်လ်တာလဒါဗိုက်ခ်က တွေ့ရှိခဲ့ပါတယ်။
အဲဒါကတော့ ဒေသခံတွေက ရွှေ ၊ ကိုတန်သတ္တု ၊ ကိုဗော့သတ္တုတို့လို တွင်းထွက်သတ္တုတွေကို တူးဖော်ပြီး မှောင်ခိုသမားတွေ ၊ ကြားခံပွဲစားတွေရဲ့ တရားမဝင် ကွန်ရက်တွေကနေတစ်ဆင့် ကမ္ဘာ့ကုန်စည်ထောက်ပံ့ရေး ကွင်းဆက်ထဲကို တင်ပို့ရောင်းချနေကြတာ ဖြစ်ပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ တစ်ပြည်လုံးအတိုင်းအတာနဲ့ဆိုရင် လူဦးရေ ခန့်မှန်းခြေ ၂ သန်းခန့်ဟာ အဲဒီသတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။
နိုင်ငံ့အရှေ့ပိုင်းမှာတင် ဝင်ရောက်လုပ်ကိုင်နေကြတဲ့ လူဦးရေက ၃၈၀,၀၀၀ လောက် ရှိပါတယ်။ အဲဒီမှာ သတ္တုရိုင်းတွေ ပါတဲ့ ကျောက်တုံးတွေ တူးချင်သလောက် တူးလို့ရအောင် အလျှံပယ်ရှိပါတယ်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဟာ ကမ္ဘာကြီးရဲ့ ကိုဗော့သတ္တုအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ အာဖရိကတိုက်ရဲ့ ကြေးနီအများဆုံးထုတ်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ တိုင်းပြည်ရဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခသမိုင်းကြောင်းကြောင့် ဒေါ်လာ ၂၄ ထရီလီယံလောက် တန်ဖိုးရှိတဲ့ နိုင်ငံရဲ့ သတ္တုဓနအများစုဟာ စီးပွားဖြစ်သတ္တုတွင်းလုပ်ငန်းကြီးတွေ မတူးဖော်ရသေးဘဲ ဒီအတိုင်း ကျန်နေပါသေးတယ်။
တစ်ချိန်တည်းမှာပဲ ဆီမီးကွန်ဒတ်တာတွေကနေ စမတ်ဖုန်းတွေအထိ နည်းပညာပစ္စည်းတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ‘3TG’ လို့ ခေါ်တဲ့ တွင်းထွက်သတ္တုတွေ (အဖြိုက်နက် ၊ သံဖြူ ၊ ရွှေ )အတွက် ကမ္ဘာ့ဝယ်လိုအားဟာ မိုးထိမတတ် မြင့်မားလာနေပါတယ်။
အဲဒီဝယ်လိုအားဟာ လာမယ့်နှစ်တွေအတွင်း သုံးဆအထိ မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနယ်ပယ်မှာ တရုတ်ရဲ့ လွှမ်းမိုးထားမှုကို တုံ့ပြန်တဲ့အနေနဲ့ ဒေါ်နယ်ထရမ့်ဟာ ၂၀၁၈ ခုနှစ်မှာ ‘ပဋိပက္ခဒေသသတ္တုတွင်းထွက်ပစ္စည်း’ လို့ ခေါ်တဲ့ အရာတွေကို ဆန့်ကျင်တဲ့ စည်းမျဉ်းတွေကို ဆိုင်းငံ့ရပ်ဆိုင်းလိုက်ပါတယ်။
ကွန်ဂိုရဲ့ လုံခြုံရေးကို ကူညီပေးဖို့အတွက် အပြန်အလှန်အနေနဲ့ ကွန်ဂိုရဲ့ သတ္တုကြွယ်ဝမှုကို ရယူအသုံးချပိုင်ခွင့်အတွက် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ သဘောတူညီချက်တစ်ခုကို ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ နှစ်ကပဲ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ရလဒ်ကတော့ သတ္တုတွင်းထွက်တွေ ပေါကြွယ်ဝတဲ့ သစ်တောတွေထဲမှာ နေထိုင်ကြတဲ့သူတွေအတွက် ရွေးချယ်စရာ လမ်းနှစ်လမ်းပဲ ရှိပါတော့တယ်။
ရာသီဥတုဖောက်ပြန်လို့ ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းမှု ၊ မြေဆီလွှာပျက်စီးမှု ၊ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စိုက်ပျိုးရေးဈေးကွက်တွေ ပျက်သုဉ်းမှု စတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ ဝမ်းစာရှာစိုက်ပျိုးရေးလုပ်ငန်းကိုပဲ ဆက်လုပ်မလား ၊ ဒါမှမဟုတ် တွင်းထွက်သတ္တုတွေကိုပဲ အမဲလိုက်သလို တူးမလားဆိုတဲ့ ရွေးချယ်စရာ လမ်းနှစ်လမ်းပဲ ရှိပါတော့တယ်။
လဒါဗိုက်ခ်ဟာ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းက ဒေသခံတွေကို စစ်တမ်းကောက်ယူကြည့်တဲ့အခါမှာတော့ ဒီလိုမျိုး တစ်နိုင်တစ်ပိုင်သတ္တုတူးဖော်ရေးလုပ်ငန်းဟာ ဒေသခံ အိမ်ထောင်စုတွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်အထိ ပါဝင်ပတ်သက်နေပြီး အင်မတန်တွင်ကျယ်တဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခု ဖြစ်လာတာကို တွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ တွင်းထွက်သတ္တုတွေကို အမဲလိုက်မှုဟာ အီဘိုလာဗိုင်းရပ်စ်ရဲ့ သဘာဝဂေဟစနစ်ကို ထူးထူးဆန်းဆန်း ပုံစံတွေနဲ့ ပြောင်းလဲပစ်လိုက်ပါတယ်။ ကျွန်တော်တို့ လူသားတွေကြားထဲမှာ ဒီရောဂါပိုး ကူးစက်ပျံ့နှံ့နိုင်စွမ်းကို အရှိန်မြှင့်ပေးတဲ့ နည်းလမ်းတွေနဲ့ ပြောင်းလဲပစ်လိုက်တာပါ။
လူတွေက စိုက်ခင်းတွေကို ချဲ့ထွင်ကြတဲ့အခါမှာ ယေဘုဘျအားဖြင့် တောအစပ်တွေကနေ တောအုပ်ထဲကို တိုးဝင်ချဲ့ထွင်လေ့ရှိကြပါတယ်။ဒါပေမဲ့ တဖက်မှာတော့ သတ္တုရှာတဲ့သူတွေဟာ တောအုပ်ရဲ့ တကယ့်အလယ်ဗဟို အတွင်းပိုင်း နက်နက်ရှိုင်းရှိုင်းအထိ ဇွတ်တိုးချဲ့ထွင်သွားကြတာ ဖြစ်ပါတယ်။
သတ္တုဈေးနှုန်းတွေ တက်လာတာက နေရာအနှံ့က လူတွေကို ဆွဲဆောင်နေပါတယ်။ အဲဒီအထဲမှာ သစ်တောထဲ အမြဲတမ်းနေထိုင်တဲ့ ဒေသခံတွေလိုမျိုး ရောဂါပိုးကို ကြိုတင်ခုခံနိုင်စွမ်းကိုယ်ခံအား မရှိကြတဲ့သူတွေလည်း ပါဝင်နေပါတယ်။
လူနေရပ်ကွက်တွေ ၊ စိုက်ပျိုးရေးဈေးကွက်တွေနဲ့ သိပ်ဝေးလံတဲ့ နေရာတွေမှာ ဖြစ်နေတာကြောင့် သူတို့ဟာ အမဲလိုက်ပြီးတော့ပဲ ဝမ်းစာရှာဖို့ ရာခိုင်နှုန်း ပိုများလာပါတယ်။ ဒါက လူသားတွေရဲ့ ခန္ဓာကိုယ်နဲ့ တခြား တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်ကို အနီးကပ်ဆုံး ထိတွေ့မိစေဖို့ လမ်းစ ဖြစ်လာပါတယ်။
တကယ်လို့ သူတို့ဖမ်းမိတဲ့ သားကောင်တွေထဲမှာ ဘွန်ဒီဗူဂျို လို အီဘိုလာဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားတဲ့ တိရစ္ဆာန်တွေသာ ပါလာခဲ့ရင်တော့ သူတို့ကို ကူးစက်သွားတဲ့ ဘယ်လိုရောဂါပိုးမဆို သန့်ရှင်းရေး အင်မတန်ညံ့ဖျင်းပြီး ကျန်းမာရေး စောင့်ရှောက်မှု အခြေခံအဆောက်အအုံ လုံးဝမရှိသလောက်ဖြစ်နေတဲ့ အဲဒီ သတ္တုတွင်းယာယီတဲစခန်း မြို့လေးတွေထဲက တခြားလူတွေဆီကို အလွယ်တကူပဲ ပျံ့နှံ့သွားနိုင်ပါတယ်။
အခုလက်ရှိ ကပ်ရောဂါကို ဖြစ်ပွားစေခဲ့တဲ့ ဖြစ်စဉ်အဆင့်ဆင့်မှာ အဲဒီ တစ်နိုင်တစ်ပိုင် သတ္တုတူးဖော်ရေးလုပ်ငန်းတွေက ပါဝင်ပတ်သက်နေသလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါပေမဲ့ သေဆုံးသူအများအပြား ပထမဆုံး စတင်စုပြုံတွေ့ရှိခဲ့တဲ့နေရာဟာ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်းက မွန်ဘွာလူဒေသမှာ ဖြစ်တယ်ဆိုတာကိုတော့ ကျွန်တော်တို့ အသေအချာ သိရပါတယ်၊ အဲဒီနေရာဟာ စည်းကမ်းမဲ့ ရွှေတူးဖော်တဲ့နေရာတွေ ပြည့်နှက်နေပြီး တဟုန်ထိုး လူစည်ကားလာတဲ့ သတ္တုတွင်းမြို့လေးတစ်မြို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က သမ္မတဒေါ်နယ်ထရမ့်ရဲ့ အခွန်စည်းကြပ်မှုတွေကြောင့် ရွှေဈေး နှစ်ဆလောက် ထိုးတက်သွားတဲ့အချိန်မှာ မွန်ဘွာလူပတ်ပတ်လည်က သစ်တောတွေ ခုတ်ထွင်ရှင်းလင်းခံလိုက်ရပြီး တောနက်ထဲအထိ သတ္တုတွင်းနယ်မြေသစ်တွေ ပိုထိုးဖောက်ချဲ့ထွင်လာတာကို ဂြိုဟ်တုအချက်အလက်တွေအရ ကွင်းကွင်းကွက်ကွက် မြင်ရပါတယ်။
သိပ္ပံပညာရှင် မက်သရူး ဟန်ဆန်ဟာ နာဆာနဲ့ အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) ကရတဲ့ ဂြိုဟ်တုအချက်အလက်တွေကို သုံးပြီး ကမ္ဘာ့သစ်တောဖုံးလွှမ်းမှု ပြောင်းလဲလာပုံတွေကို ခြေရာခံလေ့လာစောင့်ကြည့်နေသူ ဖြစ်ပါတယ်။
ကျွန်တော်နဲ့ ဗီဒီယိုကောလ် ပြောရင်း သူ့ကွန်ပျူတာစခရင်ကို ကျွန်တော့်ကို မျှဝေပြတဲ့အချိန်မှာ သူက ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ကမ္ဘာ့သစ်တောပြောင်းလဲမှု မြေပုံပေါ်က မွန်ဘွာလူ နေရာလေးကို Zoom ချဲ့ပြီးပြခဲ့ပါတယ်။
၂၀၂၅ ခုနှစ်မှာ လောလောလတ်လတ် ပြုန်းတီးသွားတဲ့ သစ်တောဧရိယာတွေကို ဖော်ပြနေတဲ့ ကောက်ကောက်ကွေးကွေး အပြာနုရောင်မျဉ်းတွေဟာ မွန်ဘွာလူမြို့ကနေ အနောက်ဘက်နဲ့ တောင်ဘက်ဆီကို ဖြာထွက်နေတာကို မြင်ရပါတယ်။
အဲဒါကို ကြည့်ရင်းနဲ့ သူ တအံ့တဩ ရေရွတ်ပါတယ်။
“ဖြစ်နေတဲ့ ပုံစံကတော့ ရှင်းနေတာပဲဗျာ၊ ဒီပတ်ပတ်လည်မှာ သတ္တုတူးနေတာတွေ တပုံကြီးပဲ၊ တကယ့်ကို ဆိုးဆိုးရွားရွားပဲ” လို့ ပြောပါတယ်။
အခုလို လူသေစေတဲ့အထိ ကပ်ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်နေချိန်မျိုးမှာ ပညာရှင်တွေနဲ့ မူဝါဒချမှတ်သူတွေက ကပ်ရောဂါကို ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်မလဲ၊ နောက်တစ်ကြိမ် ထပ်ဖြစ်လာရင် ပိုကောင်းအောင် ဘယ်လိုပြင်ဆင်ထားမလဲ ဆိုတာကိုပဲ အာရုံစိုက်ကြတာဟာ နားလည်ပေးလို့ ရပါတယ်။
ဒါပေမဲ့ စံမီစစ်ဆေးမှုတွေနဲ့ ကာကွယ်ဆေးတွေကိုပါ လှည့်စား ရှောင်ကွင်းသွားနိုင်တဲ့ ဘွန်ဒီဗူဂျိုလိုမျိုး ရောဂါပိုးအသစ်တွေနဲ့ ကြုံရရင် သူတို့ အဆမတန် ပျံ့နှံ့မသွားခင် ကြိုတင်နှိမ်နင်းနိုင်ဖို့ဆိုတာ ဘယ်လောက်ပဲ ကြိုတင်ပြင်ဆင်ထားပြီး ဘယ်လောက်ပဲ တုံ့ပြန်နိုင်စွမ်းရှိနေပါစေ ဘယ်လိုမှ မတတ်နိုင်တဲ့ ကိစ္စပါ။
အဲဒါကို တားဆီးနိုင်တာကတော့ ကပ်ရောဂါဆိုင်ရာ မူဝါဒချမှတ်မှုဖြစ်စဉ်မှာ အတော်လေး လျစ်လျူရှုထားခံရလေ့ရှိတဲ့ တတိယမြောက် မဏ္ဍိုင်တစ်ခုပဲ ရှိပါတယ်၊ အဲဒါကတော့ ရောဂါပိုးအသစ်တွေကို လူသားထုထဲ တွန်းပို့ပေးတဲ့ သဘာဝဂေဟစနစ် ပျက်စီးမှုမဖြစ်အောင် အစကတည်းက ကြိုတင်ကာကွယ်ထားဖို့ပဲ ဖြစ်ပါတယ်။
အဲဒါက ကွန်ဂိုမြစ်ဝှမ်း သစ်တောတွေလို သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေရဲ့ ကျန်းမာရေးကို ပိုပြီး ဂရုစိုက်ဖို့ လိုအပ်သလို၊ အဲဒီက ထွက်တဲ့ သတ္တုတွင်းထွက်တွေဟာ ခင်ဗျားအိတ်ကပ်ထဲမှာ တုန်ခါနေတဲ့ စမတ်ဖုန်းထဲ ဘယ်လိုမျိုး ပါဝင်နေနိုင်သလဲ ဆိုတာကိုပါ ပိုပြီး သတိထားဖို့ လိုအပ်လာမယ်လို့ ဆိုလိုတာပါ။
လုချိုင်း
(The Guardian က ဇွန်လ ၅ ရက်နေ့တွင် ဖော်ပြထားသည့် Sonia Shah ၏ A disease of deforestation: how Ebola is linked to the smartphone in your pocket ဆောင်းပါးကို ဘာသာပြန်သည်)







